မလည်ချင်

59 12 1
                                    


2

၄၂ မလည်ချင်

"ဆိုက်ကား အားလား...မိုးက ရွာလိုက်တာ စိတ် ညစ်ဖို့ကောင်းလိုက်တာနော်..."

ဆိုက်ကား ခေါ်သံနောက်ဆက်တွဲမှာ ညည်းတွား နေတဲ့ မိန်းမ နှစ်ယောက်ဆီကို ပြန်ကွေ့ရသည်။

အဝတ်အစား သားသားနားနား နဲ့ ရည်ရည်မွန်မွန် ရုပ်ရည်တွေကို အကဲခပ်မိသည်။

"ဘယ်ကို သွားမလဲ သမီးတို့..."အသက်မကွာလောက်

ပေမဲ့လည်း ညီမမသုံးပဲ သမီးလို့ သုံးလိုက်သည်။

"ဘဏ်ကို ဦးလေး..မိုးက များလာဦးမယ် ထင်တယ် ..." "အင်း..မများလောက်ပါဘူး.." မိုးတွေမှောင်နေသော်လည်း ဆိုက်ကားပေါ်က လူအကုန် စိတ်ချမ်းသာအောင် မုသား သုံးရင်း သွားရမဲ့ လမ်းကြောင်းစဉ်းစားနေရသည်။

"သြော်...ဈေးရှေ့နားမှာ ခဏရပ်ပေးပါလား...ဦးလေး...ထီးတစ်လက်လောက် ဝယ်ချင်လို့ပါ..ရမလားဟင်.."

"ရပါတယ်....ရပါတယ် သမီးရဲ့...အေးအေးဆေးဆေးပဲ ဝယ်.."ရမလားဟင် ဆိုတဲ့ စကားနဲ့တင် သဘောပါပြီ။

တူအရီးလား ညီအစ်မလား မသိတဲ့ နှစ်ယောက် ဆင်းသွားတော့ ဆိုက်ကားပြန်ကွေ့ထားလိုက်သည်။

"ကြာသွားလား...ဦးလေး...အားနာလိုက်တာ..."

"ရပါတယ်...သမီးတို့ ဝယ်ရတာ အဆင်ပြေခဲ့ရဲ့လား.."

ဆိုက်ကားပေါ် ပြန်ရောက်တော့ ခရီးဦးကြို စကားဆိုရင်း သိပ်မဝေးလှတဲ့ ဘဏ်ဆီကို ချီတက်ရပြန်သည်။

"ဘယ်လောက် ပေးရမလဲ ဦးလေး.." ကိုယ့်ကို မေးတယ်ဆိုကတည်းက ပေါက်ဈေး မသိလို့ပေါ့..။

"ကြည့်ပေးပါ.."

"သမီးတို့က ဒီမြို့က မဟုတ်ဘူး အလည်လာကြတာ...ဘယ်လောက်ပေးရမလဲ မသိဘူး...ပြောပါ ဦးလေးရဲ့..."

"ငါးထောင်ပါ.."စိတ်ထဲမှာ တွန့်ဆုတ်ဆုတ်နဲ့ ပြောလိုက်ပေမဲ့ ငါးထောင်တန် တစ်ရွက် တကယ်ပေးသည်။

ဈေးဆစ် ဈေးမလျော့ခိုင်းပဲ ဘဏ်ထဲ ဝင်သွားတဲ့ နှစ်ယောက်ကို ငေးကြည့်ရင်း ခဏတော့ ငိုင်နေမိသည်။

နှစ်ထောင်လောက် တောင်းရင်တောင် လွန်နေတာ ငါးထောင်တောင် တောင်းမိတော့  ခြောက်ခြားလာသည်။

သူတို့က မသိလို့ မေးတာကို ငါက လိမ်ပြီး ပိုတောင်းထားလိုက်မိတာပဲ လို့ တွေးမိပြန်တော့ လိပ်ပြာမလုံချင်။

သူတို့က ချမ်းသာတာပဲ..သူတို့အတွက် ငါးထောင်ဆိုတာ ဘာတန်ဖိုး ရှိမှာလဲ ...။

ဘဏ်က ထွက်လာတာ စောင့်ပြီး လေးထောင်ပြန်ပေးလိုက်ရင် ကောင်းမလား...။

မိုးက ရွာနေတာ ခုပဲ ညနေက စောင်းနေပြီဆိုတော့ ပြန်ပေးလိုက်ရင် အုံနာကြေးတောင် ပြည့်မှာမဟုတ်ဘူး..။

သူတို့ တုံးလို့ အ လို့ သူတို့ ကိုယ်တိုင် ကြည်ကြည်ဖြူဖြူ  နုံ့ကြေး ပေးသွားတာပဲလေ..ငါ လုယူထားတာမှ မဟုတ်တာ..။

မိုးစက်တွေ မျက်နှာပေါ်ရိုက်ခက် စီးကျလာပေမဲ့ ဆိုက်ကားနင်းရင်း အတွေးတွေ ပြန့်နေသည်။

မှန်လား မှာလား တွေးရင်း နင်းရင်း ဘဝဆက်တိုင်း လူအချင်းချင်း လည်ပတ်ရသော ဘဝမျိုး ထပ် မရောက်ပါရစေနဲ့တော့လို့

 ဆုတောင်းမိသည်။











One PageWhere stories live. Discover now