မလိုချင်

48 13 2
                                    


3

၄၃ မလိုချင်

"ဦးလေး...ဘယ်လောက်လဲ အရင်ပြောဦး..."

"နှစ်ထောင်တော့ ပေးပါ သမီးရယ်.."

"မရဘူး...တစ်ထောင် ရမှ စီးမယ်..."

ဆိုက်ကား တစ်စီးတားပြီး ထက်ဝက်စစ်ချလိုက်တော့ ဆိုက်ကား သမားက မျက်နှာ မကောင်း..။

မိုးရေစိုပြီး ဆိုက်ကားပေါ်က အသက်ကြီးကြီး လူကြီးက ကုတ်ချောင်းချောင်း ဖြစ်နေပေမဲ့လည်း ကိုယ့်စိတ်ထဲ မသနားမိတော့တာ အမှန်..။

"အေးလေ...တစ်ထောင်ပဲ ပေးပါတော့..."

ဆိုက်ကားပေါ် ရောက်တာနဲ့ ဟိုတလောက ငါးထောင်တောင်းသွားတဲ့ လူကို ကျိန်ဆဲနေမိသည်။

အဲ့တုန်းက ကိုယ်က ဒီမြို့ကိုရောက်ကာစ ဆိုတော့ ဘာမှ မသိသေးလို့ မေးမိတာကို ငါးထောင်တောင် တောင်းသွားသည်လေ..။

ကိုယ့်မိသားစု အခြေအနေနဲ့ ငါးထောင်က မများပေမဲ့လည်း အလိမ်အပတ်ခံရတာကို ပြန်တွေးတိုင်း ဒေါသတွေသာ ဖြစ်ရသည်။

"ဟယ်....သမီး မိုးတွေလည်း စိုလို့..."

"ဟုတ်တယ်...အမေ...အင့် တစ်ထောင်..."

အမေ က ခြံတံခါး အပြေးအလွှား လာဖွင့်ရင်း မေးတော့ ပြန်ဖြေရင်း တစ်ထောင်တန် တစ်ရွက် ထုတ်ပေးလိုက်သည်။

ဆိုက်ကားသမား အဖိုးကြီးက တိုက်နှစ်ထပ်ကြီးကို မယုံသလို တစ်ချက် ငေးကြည့်ပြီး တစ်ထောင်တန် တစ်ရွက်ကို ကြည့်ကာ အိတ်ထဲထည့်ပြီး ဆိုက်ကားပြန်ကွေ့ထွက်သွားသည်။

"သမီးရယ်...ဒီလမ်းက အနည်းဆုံး  ထောင့်ငါးရာ နှစ်ထောင်ပါ...ခုက နည်းလွန်းပါတယ်...သူ့ခမျာ အသက်ကြီးပြီး မိုးက စိုနေတာ နည်းနည်း ပိုပေးလိုက်ပါတော့လား....အလှူလည်း ဖြစ် ကုသိုလ်လည်း ရတာပေါ့..."

"သမီး က မေးပြီးမှ စီးတာ သူလည်း တစ်ထောင်ပဲဆိုပြီး လိုက်ပို့တာ သနားမနေနဲ့ အမေ သူတို့က တစ်ယောက် မဟုတ် တစ်ယောက်စီက လှည့်ပတ်ပြီး ငွေယူမှာပဲ....အလှည့်အပတ် ခံလိုက်ရတဲ့ အမေ့သမီးကိုသာ သနား..ဒင်းတို့ကိုတော့ သနားလည်း မသနားဘူး..သမီးရဲ့ သနားကြင်နာ လှူချင်တန်းချင်တဲ့ စိတ်က ဟိုဆိုက်ကားသမား လူလိမ်ကြောင့် ပျောက်သွားတာ ကြာပြီ...ကုသိုလ်လည်း မလိုချင်တော့ဘူး.."

အမေ ကတော့ သမီး ဖြစ်သူကို ကြည့်ပြီး ခေါင်းရမ်း နေပေမဲ့ ယုံကြည်မှုနဲ့ ကရုဏာတရားကို နင်းသတ်ခံရတာ ဘယ်လောက်တောင် ခံရခက်လိုက်သလဲ

လို့...။











One PageWhere stories live. Discover now