ပရုတ်ဆီ

259 27 0
                                    

ပရုတ်ဆီ
"ဟဲ့….ဟဲ့….ငါ့ကို ပရုတ်ဆီ ပုလင်းပေစမ်း.."
"ဘာဖြစ်လို့လဲ အဘွားရဲ့.."
"ငါ အနံ့မရတော့ဘူး ထင်တယ်…"
"အာ…အဘွားကလည်း.."
မြေးဖြစ်သူကို စကားဖြင့် ပြန်ပြောမနေတော့ပဲ ခေါင်းတစ်ချက် ခေါက်၍ ပရုတ်ဆီပုလင်း ရှာရသည်။
လက်ထဲက ပုတီးကို ချ၍ ပရုတ်ဆီကို နှာခေါင်း၀ တေ့ကာ အားထည့် ရှုလိုက်သည်။
"အမလေး..ဘုရားမလို့ တော်ပါသေးရဲ့…"
"အဘွားကလည်း… ပရုတ်ဆီပဲ ရှုနေတာပဲ.."
"ဟဲ့…အနံ့မရရင် ရောဂါ ဖြစ်နေလို့ဟဲ့…"
မြေးဖြစ်သူကို ငေါက်လိုက်ပြီး ပရုတ်ဆီဘူးသေးလေးယူကာ အတွင်းခံ အကျီ ၤ အိတ်ထဲ ထည့်လိုက်သည်။
ဘယ်လောက်ပဲ တရားမှတ်နေပါစေ လူဆိုတော့လည်း သေမှာ အကြောက်သား..။
အသက်အရွယ်ကြီးသူတွေက ပြန်ကောင်းတဲ့သူ သိပ်မများ..။
တစ်ခါထဲ ကိစ္စ ချောတယ် ဆိုတဲ့ သတင်းကြားပြီး ကတည်းက ကိုယ့်မှာ အနေအထိုင် အသွားအလာ ဆင်ခြင်ရသည်။
လူဆိုတာ သေမျိုးချည်းဆိုပေမဲ့…တတိယအရွယ်ကို ရောက်နေပေမဲ့လည်း ဒီရောဂါဆိုးဖြင့်တော့ မသေလို..။
လူတကာ ဖယ်ကြည်ထားကြမှာပဲ..။
အရပ်ကောင်းရင်တောင် အလောင်းလှဖို့ မလွယ်တဲ့ ကပ်ဆိုးရောက်နေတော့ သေမှာ ကြောက်တာလည်း မထူးဆန်းပါဘူး..။
ဟိုတလောက မြကြည် တစ်ယောက် လေဖြန်းချင်သလို ဖြစ်လို့ ဖုန်းဆက်သေးသတဲ့.။
လူမမာ သတင်းကြားရင် အရင်ဆုံး ရောက်သွားတဲ့ ကိုယ်က အခုတော့ မသိချင်ယောင်ဆောင်၍ အိမ်တွင်းအောင်းနေရသည်။
ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုတဲ့ စကား တယ်မှန်တာပဲ… လူဆိုတာ ကိုယ့်ကိုယ်ကိုထက် ဘယ်သူ့ကိုများ ပိုချစ်လို့လဲ..။
လက်ထဲက ပုတီးကို ချ၍ ကပ်ရောဂါဆိုး အမြန်ပြီးပါစေ အာလုံးကျန်းမာပါစေလို့ ဆုတောင်းနေမိသည်။
ပရုတ်ဆီပုလင်းလေးလည်း တစ်ဖက် က ရှုရင်းဖြင့်ပေါ့လေ..။
Love U All
Spica Lin
#စပိုက်ကာလင်း

One PageWhere stories live. Discover now