စုန်ရေ

118 20 0
                                    

28
စုန်ရေ
"ပိုက်ဆံလေး တစ်ထောင်ပေးပြီး စစ်လား ဆေးလားမလုပ်ပါနဲ့လား.."
အဖေဆိုတဲ့ ဂုဏ်ရှိတော့  ခပ်မာမာ ပြောလိုက်ပြီး အပေါ်ထပ်ကို တက်လာခဲ့လိုက်သည်။
ဟုတ်တယ်လေ…တစ်သက်လုံး မလောက်မငှရတဲ့ မုန့်ဖိုးလေးနဲ့ ဘယ်လောက်မျက်နှာငယ်ခဲ့ရလဲ..။
သူများတန်းတူ မထားနိုင်ရင် ဘာလို့မွေးထားသေးလဲ။
ကိုယ့်အရွယ်တွေ သုံးနိုင်စွဲနိုင်တိုင်း စိတ်တိုရသည်။
ဝန်ထမ်းသားသမီးဆိုပြီး  အရာရာစည်းကမ်းကြီးနဲ့ တိုင်းတွာနေတာလဲ စိတ်ကုန်နေပြီ..။
"သားရေ…နင့်အဖေ မုန့်ဖိုးနှစ်ထောင်ပေးခဲ့တယ်..သူ့လစာကလည်း မများဘူး…မလိုတာမသုံးနဲ့နော်…"
"ယူမနေတော့ဘူးဗျာ…"လွယ်အိတ် ယူခဲ့ပြီး အငတ်ခံ၍ သာ ဆန္ဒပြနေလိုက်သည့် နေ့ရက်တွေရှိသည်။
နောက်ပိုင်း မုန့်ဖိုး ပိုက်ဆံ တွေကို ဘာတွေသုံးလဲ ဘယ်လောက်ကုန်လဲ မေးသံ မကြားရတော့ ပါ။
ထိုခေတ်က သောင်းဂဏန်းသာ လစာရသည့်အဖေ က တက္ကသိုလ်တက်နေတဲ့ သားဖြစ်သူကို တစ်ထောင် မုန့်ဖိုးပေးပြီး ဘာတွေ သုံးလဲ ဆိုတဲ့ မေးခွန်းကြောင့် မာန ထိခိုက်သလို ခံစားခဲ့ရသည်။
သူငယ်ချင်းဖြစ်သူတွေကိုလည်း ပိုက်ဆံတွေ ဘယ်လိုသုံးလဲ စုံစမ်းခဲ့သေးသည်ဆိုတုန်းက စိတ်တိုခဲ့သည်။
မူးယစ်ဆေးဝါး အတွက် မဟုတ်ပဲ ဂိမ်းဆိုင်မှာ ပိုက်ဆံကုန်နေတာကိုသိပြီးနောက် အဖေ မေးခွန်းမထုတ်တော့ပါ..။
"အဖေ…ကျွန်တော်….ငွေထည့်ပေးလိုက်တယ် …ရလား… လကုန်ကတည်းပို့မလို့ပဲ…လူမကြုံလို့…."
"အေး…သား ရတယ်….အဟွတ်…သုံးသိန်းတောင် များနေတယ်ကွ…အဟမ်း..အိမ်မိုးဖို့ သွပ်တော့ ဝယ်လိုက်ပြီ…လက်သမားခကတော့ တစ်သိန်း ဝန်းကျင်လောက် ကျလိမ့်မယ်….လေးငါးသောင်းလောက်
ပိုမှာပါ…"
ချောင်းဆိုးရင်း စကားရပ်လိုက် ရှင်းပြလိုက် နဲ့အဖေ့ စကားသံကြောင့် ကျွန်တော် မျက်ရည် ကျလာသည်။
ရှစ်သိန်းရတဲ့လစာကို မိန်းမ ကို ငါးသိန်းအပ်ပြီး သုံးသိန်းအိမ်ပြင်ဖို့ ပို့လိုက်တာပါ အဖေရယ်..။
ဘာဖြစ်လို့များ ဒီလောက်တောင် ရှင်းပြနေတာလဲ…ကျွန်တော် ဘာများ မေးခဲ့မိလို့လဲ..။
ငယ်ငယ်တုန်းက ကျူရှင်ခ ရက်ကျော်လို့ မရဘူးဆိုပြီး ပိုက်ဆံတွေ တောင်း၍ သီချင်းထုတ်ဖို့ ကြိုးစားခဲ့ဖူးသည်။
စာအုပ်ဝယ်ရမယ်ဆိုပြီး တောင်းခဲ့တဲ့ ပိုက်ဆံတွေဖြင့် သူငယ်ချင်းတွေနဲ့ အရက်ဝိုင်းဖွဲ့ခဲ့ဖူးသည်။
သားသမီးတွေ ဘွဲ့ရအောင်ထား လက်ထပ်ပေး အဆင်မပြေရင် တစ်ခါတလေ ပြန်ထောက် အလုပ်အကိုင် မိသားစု နဲ့ နေသားကျတော့မှ  ငွေလေး နည်းနည်းကို သုံးဖို့ စွဲဖို့ ပြန်ပို့ပေးတာ အဖေ ကျေးဇူးတင် နေလား..။
ဆယ်စုနှစ် နှစ်ခုမှာ အဖေမုန့်ဖိုးပေးတာ ကျေးဇူးတင်ပါတယ်ဗျာ လို့ ကျွန်တော်  ပြောခဲ့မိလား.။
အားမနာပါနဲ့  အဖေ ..…။
ရှာဖွေကျွေးဖို့  အဖေ့ တာဝန်လို့ပဲ တွေးပြီး အဖေ့ကို အားနာပြီး ကျေးဇူးတင်ခဲ့ချိန် မရှိခဲ့ပါဘူး။
ဆန်ရေ  ပြန်တက်လည်း စုန်ရေလောက် အရှိန်ပြင်းမှာ မဟုတ်တာ သေချာပါတယ် အဖေ..။
ဒါကြောင့် ငါ့သား ပြန်ထောက်ပံ့နေတယ် ဆိုပြီး လေသံတွေ မပျော့လိုက်ပါနဲ့…။
ကြွေးဟောင်းမဆပ်နိုင်တဲ့ ကျွန်တော် ရင်နာရပါတယ် အဖေ…။

Love U All ❤
SpicaLin
#စပိုက်ကာလင်း

One PageWhere stories live. Discover now