မုန့်တီ တစ်ခွက်

94 14 1
                                    


8


၄၈

မုန့်တီ တစ်ခွက်

"ငါတို့ ပြန်ရင် ရခိုင်မုန့်တီ ဝင်သောက်ရအောင်ဟာ.."

"ဟဲ့ ကောင်မ ငါ့မှာက မုန့်ဖိုး မကျန်တော့ဘူး..မနက်တုန်းက ထမင်းနဲ့စားဖို့ အကြော်ဝယ်လိုက်ပြီ"

"ဟုတ်တယ်...ငါ့မှာလည်း မနက်ကတည်းက မုန့်ဖိုး မပါတာဟ.."

"နင်တို့လည်း သောက်ချင်ပါတယ်ဆိုမှဟာ...လာစမ်းပါ..."

"ဟဲ့..ပိုက်ဆံမရှိပါဘူဆို..နင့်မိထွေးက အလကားတိုက်မှာလား..သူဇာမရဲ့"

"ငါ့အဖေ ခရီးမသွားခင် နှစ်ရက်စာ မုန့်ဖိုးပေးထားတာ တစ်ရက်စာ ကျန်သေးတာပဲ ...တစ်ခွက်ဝယ်ပြီး ဟင်းရည် ထပ်တောင်းမှာပေါ့ဟဲ့..လာစမ်းပါ..."

လမ်းဘေး ဆိုင်တဲလေးနားမှာ လူဝိုင်းတွေက ပြည့်နေတော့ ကျောင်းစိမ်းနဲ့ ကျောင်းသူသုံးယောက်က ဆိုင်နဲ့ လှမ်းတဲ့ စားပွဲဝိုင်းလေးမှာ ဝင်ထိုင်လိုက်သည်။

"ဒေါ်ကြီး မုန့်တီ တစ်ခွက်..ဟင်းရည် များများ အစာပလာ မထည့်ဘူး..ဟင်းရည်ပဲ များများပေးပါ.."

ဆိုင်ရှင် အဒေါ်ကြီးက တခြားဝိုင်းတွေအတွက် ငါးဖယ်တွေဘာတွေ ညှ့ပ်ထည့်နေတော့ သုံးယောက်သား ငေးကြည့်နေမိသည်။

မုန့်ဖက်နည်းနည်း ဟင်းရည်များများပါတဲ့ ပန်းကန် တစ်ခုက စားပွဲပေါ် ရောက်လာတော့ သုံးယောက်စလုံး အကြည့်တွေ ရောက်သွားသည်။

"ဇွန်းတောင်းရအောင်.."

"အမလေး...ဟင်းရည်ပိုထည့်ဖို့ ပြောတာတောင် မျက်စောင်းထိုးနေတာ...မောင်းမလွှတ်တာပဲ တော်သေးတယ်...ပါးစပ်ပိတ်ပြီး သောက်စမ်းပါ..."

"ဟွန့်..အချိုမှုန့်လေးတောင် ထည့်မပေးဘူး..ရေအတိုင်းပဲ..."

ပိုက်ဆံရှင်းမဲ့ အလှူရှင်က ဇွန်းနဲ့ ခပ်သောက်ကြည့်ပြီး စားပွဲပေါ်က အချဉ်အစပ်အရည်တွေ လောင်းထည့်နေချိန် ရှေ့က နှစ်ယောက်က ကိုယ်နဲ့ ကာပေးနေရသည်။

နောက်ထပ် တစ်ဇွန်းခပ်သောက်လိုက်ပြီး ပါးစပ်ကို လက်နဲ့ယပ်ခပ်ပြီး ရှေ့က တစ်ယောက်ကို  ကမ်းပေးသည်။

ဇွန်းတစ်ဇွန်းတည်းနဲ့ ရေသာသာ မုန့်တီထဲ အစပ်ရည်တွေ ထည့်ပြီး သုံးယောက်သား ရှုးရှုးရဲှရှဲအလှည့်ကျ သောက်ကျပြီးတော့ တစ်ပွဲစာ ရှင်းခဲ့တော့ ဆိုင်ရှင် ဒေါ်ကြီးက မကျေမနပ်ဖြင့် ကျန်ခဲ့သည်။

သူတို့ သုံးယောက်စလုံးကတော့ ကျောင်းပြန်လမ်း တစ်လျှောက် မုန့်တီက သောက်ကောင်းကြောင်း ပြောရင်း ရယ်ရင်း အတူတူ ပြန်ခဲ့ ကြသည်။





















One PageWhere stories live. Discover now