သူစိမ်း

130 16 0
                                    

24
သူစိမ်း
"အမလေးနော်…ရှင့်အိမ်က ချွေးမ အငယ်ပဲ လူထင်တာလား…ရိုးရိုးဖျားတာလေးကို ပျာနေတာပဲ"
ယောက်ျားဖြစ်သူကတော့ ထုံးစံအတိုင်း ဘာမှ မပြောပေမဲ့ ကိုယ့်မှာတော့ ဒေါသက မပြီးနိုင်…။
ကိုယ်က အိမ်ကို ရောက်လာတာ ဆယ်နှစ်နီးပါး ရှိပေမဲ့ သုံးနှစ်ကျော် ချွေးမနဲ့ ယှဉ်ရင် သိပ်ရင်းနှီးမှု မရှိ.။
ဟိုကောင်မကတော့ ရောက်ကတည်းက အဘိုးကြီးနဲ့ အဘွားကြီးကို ဖားလိုက်တာ မပြောပါနဲ့…။
မီးဖိုခန်းဆိုလည်း ”အမေ ပင်ပန်းတယ် သမီးကို ပြပေးပါ "ဆိုပြီး သူချည်း ဝင်လုပ်တယ်.။
နေ့လည် နေ့ခင်းဆိုလည်း ယောင်းမ နှစ်ယောက်နဲ့ အတူတူ မုန့်လုပ်စားကြပြန်ပြီ။
အိမ်မှု ကိစ္စ မှန်သမျှ သူချည်း လုပ်နေတော့ အိမ်အလုပ် ဘာမှ တာဝန်မယူထားသည့် ကိုယ်နဲ့ နှိုင်းစရာဖြစ်၏။
အဲ့ဟာမလေး ရောက်ခါစ တုန်းက တုံးလို့ အ လို့ အိမ်အလုပ်တွေ သိမ်းကြုံးလုပ် နေရတာ သနားမိသေး။
"မိမော်…နင့်ယောက်ျား အဝတ်ပဲလျှော်ပေါ့….အဘွားကြီး အဝတ်တွေ လျှော်မပေးနဲ့ အကျင့်ပါလိမ့်မယ်.."
"အမေ က ဒူးနာနေတယ်မမရဲ့…. ညီမလေးလည်း စာမေးပွဲရှိလို့  ဒီနေ့ယူလျှော်ပေးတာပါ …နှစ်ထည်ထဲပါ…"
"ဟဲ့….မိုးလင်းရင် မီးဖိုချောင် တန်းမဝင်နဲ့လေ….နင် နေ့တိုင်း တာဝန်ယူ ချက်ပြုတ် နေရလိမ့်မယ်…"
"ကျွန်မ အိမ်မှာလည်း စောစော ထပြီး ချက်ပြုတ်နေကျပါ… ဘာမှ မဖြစ်ပါဘူး...ကုသိုလ်ရတာပေါ့.."
"အမလေး..ဘာကုသိုလ်မှ မရဘူး..သူစိမ်းက သူစိမ်းပဲ ဘယ်လောက်လုပ်ပေးပေး သမီး ဖြစ်လာမှာမဟုတ်ဘူး"
"အစ်မရယ်ကျွန်မ က မိဘ အရင်းတွေနဲ့ နေခဲ့ရတာ မဟုတ်ဘူးလေ.. အခု…အစ်ကို့မိဘတွေကို ကိုယ့်မိဘလိုပဲ မှတ်ယူထားတယ်…သူတို့ ဘယ်လို သဘောထားပါစေ…စေတနာမေတ္တာမှန်ရင် အကျိုးပေးပါလိမ့်မယ်.."
"ငါက ကောင်းကောင်းသိတယ်..အတွင်းကောက်တွေ..နင့်ကို ခိုင်းလို့ရလို့သလား…လုပ်ပေးရင် ကုန်မှာ မဟုတ်ဘူး…ကိုယ့်အလုပ်ပဲ ကိုယ် ရွေးလုပ်…သူတို့ အလုပ်တွေပါ လိုက်လုပ်ပေးရအောင် ကျွန်လားဟဲ့…."
"အစ်မ က မိသားစုရှိတော့ သူတို့ကို  သူစိမ်းလို တွေးနိုင်တာပေါ့လေ….ကျွန်မတော့ အိမ်ပေါ်စရောက်ကတည်းက ကိုယ့်မိသားစုလိုပဲ တွေးထားတယ်..စိတ်လည်း အေးချမ်းတယ်…ပျော်လည်း ပျော်တယ်…."
စေတနာ နားမလည်တဲ့ဟာမ နဲ့ သိပ်အရောတဝင် မနေတော့ ပဲ ခပ်မှန်မှန်သာ နေလိုက်တော့သည်။
"မီးလေး..သမီး…သက်သာရဲ့လား…ငယ်မ က ကြက်သားပြုတ်ပေးနေတယ်…ဘာစားချင်လဲ…သမီး."
"နေပါစေ…အမေရယ်…ညီမလေး အလုပ်သွားရမယ်မလား… အစ်ကို ပြန်လာမှ ဆေးခန်းသွားလိုက်မယ်…"
"နေ…နေ….အဖေ ဆရာဝန် သွားခေါ်လိုက်မယ်….ဒီကောင့်စောင့်ရင် ညနေအထိ ဖျားနေမှာပေါ့…"
တစ်မိသားစုလုံး ဘေးအခန်းထဲ ဝင်လိုက် ထွက်လိုက်ဖြင့် ပျာယာခတ်နေချိန် "ငါ့ကို ကျတော့ သူစိမ်း လို ပဲ သတ်မှတ်ကြတယ်"လို့  နှုတ်ခမ်းကိုက်ထားရင်း ဒေါသ ဖြစ်ရသည်။

Love U All ❤
SpicaLin
#စပိုက်ကာလင်း

One PageWhere stories live. Discover now