ချစ်သောခန္ဓာ

164 22 0
                                    

26
ချစ်သောခန္ဓာ
"ဟယ်…ဝက်ခြံတွေ များနေပြီနော်…ဆေးလေးဘာလေး လိမ်းပါလား…"
ကျွန်မ ပြုံး၍ ခေါင်းညိတ်လိုက်ပြီး ရေတစ်ခွက် သောက်၍  အလုပ်ဆက်လုပ်နေမိသည်။
ဝက်ခြံဆိုရင် လန့်ပြီး ဆေးတကာ လျှောက်လိမ်း၍ အရေပြားကို ဒုက္ခပေးချင်တဲ့ စိတ်မျိုး မရှိတော့ပြီ.။
"ဟဲ့….ပိန်လာတယ်နော်…ဝိတ်တွေချနေတာလား…ရောဂါတွေ ဘာတွေ ဖြစ်ဦးမယ် …"
ကျွန်မ ပြုံး၍ ခေါင်းညိတ်လိုက်ပြီး ကျွန်မ ခန္ဓာကိုယ်ကို မြတ်နိုးစွာ ငုံ့ကြည့်၍ ရှေ့ဆက် လျှောက်ခဲ့လိုက်သည်။
၀ ခြင်း ပိန်ခြင်း ပြည့်ခြင်း ဖောင်းခြင်းထက် ကျွန်မ အသက်ရှုရ အဆင်ပြေလို့ကောင်းသည့် အခြေအနေ ပါပဲ..။
"ဆံပင်တွေက ပါးတယ်နော်… ….ဆေးဆိုးလိုက်လို့များလား…အရင်တုန်းက ဆံပင်တော်တော်ကောင်းတယ်"
ကျွန်မ ခေါင်းညိတ်ပြီး  ဆံပင်ငုတ်တိုလေးတွေကြောင့် ဖွာသလို ဖြစ်နေတဲ့ ဆံပင်လေးတွေကို ညင်ညင်သာသာ  သပ်လိုက်မိသည်။
ဆံပင်တွေ အထွေးလိုက်ကြီး မကျွတ်တော့ပဲ ခေါင်းဖြီးတိုင်း ခိုင်မြဲနေသည့် ဆံပင်လေးတွေကို ကျေးဇူးတင်သည်။
"ဟင်….အရင်လို မျက်ကပ်မှန် မတပ်တော့ဘူးလား…မျက်မှန်နဲ့ ကြည့်မကောင်းဘူး.."
ကျွန်မ ခေါင်းညိတ်ပြီး မျက်မှန်လေးကို တယုတယ ချွတ်၍ သန့်စင်တဲ့ အဝတ်လေးဖြင့် ဖွဖွ သုတ်ပေးမိသည်။
ရုံးဆင်းချိန်မှာ အိတ်တွေကိုနေရာချပြီး မှန်ရှေ့မှာ သွားရပ်ကာ ပြုံးပြလိုက်တော့ ကျွန်မက ပြန်ပြုံးပြနေသည်။
တချိန်တုန်းက အမုန်းဆုံးဖြစ်ခဲ့သည့် ကျွန်မကို အခုတော့ ကျွန်မ အချစ်ဆုံးဖြစ်နေပြီ။
နေလောင်ထားလို့ အသားအရောင် မညီညာတဲ့ ခန္ဓာကိုယ်နဲ့ အမဲစက်မကင်းသည့် မျက်နှာကို မုန်းခဲ့သည်။
ဆံလုံးကြီးပြီး ရှုပ်ထွေးလွယ်သည့် ကျွန်မ ဆံပင်တွေကို ကျွန်မ အလွန်မုန်းခဲ့သည်။
လက်ဆစ်ဖောင်းဖောင်းနဲ့ ကြည့်ရဆိုးလှသည့် ကျွန်မ လက်တွေကို ကျွန်မ မုန်းခဲ့သည်။
လေးထောင့်မျက်မှန် ထူထူနဲ့ မျက်လုံးအလှဖော်ပြခွင့်မရသည့် မျက်လုံးကိုလည်း မုန်းခဲ့သည်။
အကျီ ၤလှလှလေးတွေနဲ့ ကိုယ်ခန္ဓာ အလှပေါ်အောင် ဝတ်ခွင့်မရသည့် ပိန်ပါးသည့် ခန္ဓာကိုယ်ကို ကျွန်မ မုန်းခဲ့သည်။
ချော်လဲလို့ ရခဲ့သည့် ဒူးက အမာရွတ် နဲ့ ခြေခုံက အမာရွတ်ကြီးကိုလည်း မုန်းခဲ့သေးသည်။
ကျွန်မ ဆေးရုံမှာ လေးဆယ့်ငါးရက် နေခဲ့ရပြီး နောက်ပိုင်း အချိန်ကြာကြီး နှိပ်စက်ခဲ့မိတဲ့
ကျွန်မ ခန္ဓာကိုယ်လေးကို ကျွန်မ သနားလာသည်။
မုန်းခဲ့မိတာ ညှင်းဆဲခဲ့မိတာ  နောင်တရပြီး ပြန်လည် ပြုစုပေးဖို့ ဆုံးဖြတ်လိုက်သည်။
ခုချိန်မှာ ဘယ်မင်းသမီးနဲ့မှ မတူချင်တော့ပြီ။
ကျွန်မ ရဲ့ ဖြစ်တည်မှု တစ်ခုချင်းစီက ကမ္ဘာကြီးပေါ်မှာ တစ်ယောက်တည်းသာရှိသော ကျွန်မရဲ့ သင်္ကေတတွေပဲလေ..။
ကျန်းမာစွာ ရှင်သန်ပေးနေတဲ့ ကျွန်မကိုယ်ခန္ဓာလေးကို ကျွန်မ တန်ဖိုးထား မြတ်နိုးပြီး ကျေးဇူးတင်ပါသည်။

Love U All ❤
Spica Lin
#စပိုက်ကာလင်း

One PageWhere stories live. Discover now