သနားစိတ်

141 23 0
                                    

သနားစိတ်
'ဟ…သူက အမေအိုကြီးကို လုပ်ကျွေးနေရတာတဲ့….အငယ်တွေကိုလည်း ငွေထောက်ရသေးတယ်တဲ့..ပိုက်ဆံလေး နှစ်သောင်း ဘာဖြစ်သွားမှာလဲ..ကုသိုလ်တောင်ရသေးတယ် မိန်းမရယ်"
ထိုစကားကြားရချိန် ဒေါသထွက်နေရင်းက ငိုရမလို ရယ်ရမလိုပင် ဖြစ်သွားခဲ့သည်။
သူငယ်ချင်းတွေနဲ့ အတူသွားခဲ့သည့် KTVက မိန်းကလေးကို သနားသတဲ့လေ..။
အရက်မူးနေလို့ ဝန်ခံရဲတာလား စိတ်ထဲက အရှိအတိုင်း ထွက်လာတာလား မတွေးအားပဲ ခါးထောက်လိုက်သည်။
"ရှင်က ကရုဏာရှင်ကြီးပေါ့လေ….ဟလား…ငွေ နှစ်သောင်း ဘာမှ မဖြစ်ဘူးလား…ရှင့်လစာ နဲ့ကလေးနှစ်ယောက် အတွက်တောင် မလောက်မငှဖြစ်နေတာ သိရဲ့လား…အမေအိုကြီးကို လုပ်ကျွေးနေတယ်ပေါ့….ကျွန်မ အမေအိုကြီးက ကျွန်မ တို့ကို ငွေ ပြန်ပို့နေရတဲ့ အနေအထားရှင့်…အလှပြင်ပြီး ထိုင်နေရတဲ့ မိန်းမ ကို သနားတက်တဲ့ ရှင်က ရှင်နဲ့ရပြီးမှ အလှမပြင်နိုင်တဲ့ မိန်းမကိုကျတော့ မသနားတက်ပါလား…အဲ့ဒီမိန်းမ ညဆယ်နာရီ ဘာမှမစားရသေးလို့ အစားသောက်တွေ ဝယ်ကျွေးခဲ့တယ်..ကျွန်မ ထမင်းစားစောင့်နေတာ သတိရရဲ့လား..ရှင့်အတွက် ဦးဦးဖျားဖျား ဟင်းကောင်းဖယ်ပြီး နေ့တိုင်းဖြစ်သလို ကျွန်မ စားနေတာ ရှင်သတိထားမိလား..ကိုကြီးဆိုပြီး ရင်ဘတ်တိုးဝင်ချွဲနေတော့ သာယာတယ်ပေါ့… ရှင်အိပ်ရေးပျက်မှာစိုးလို့ အငယ်ကောင်ကို နို့တိုက်ရင်း ငုတ်တုတ်အိပ်ရတာ မသာယာဘူးနော်…ကျွန်မ ဘ၀ က ငွေမရပဲ အဲ့ဟာမထက် ဆိုးနေပြီသလား…ရှင့်အတွက်လည်း ဘီလူးမ ဖြစ်နေပြီမလား….မပေါင်းဘူး..ကွာမယ်…"
"ဟာကွာ…နားညီးနေတာပဲ… ငါက ဖောက်ပြန်နေလို့လား..နောက်မယားယူထားလို့လား…တခြားမိန်းမ နဲ့ သွားအိပ်နေလို့လား…တစ်ခါတလေ အပေါင်းအသင်း ရှေ့မှာမို့ ငွေနှစ်သောင်း သုံးမိတာ ဘာဖြစ်လဲ… အလုပ်မှာ ပင်ပန်းတာ တစ်မျိုး… ပြန်လာတိုင်းလည်း တစ်ချက်မှ နားမအေးရဘူး..တောက်…."
"အင့်…."နှုတ်ခမ်းကို ဖိကိုက်ထိန်းနေတဲ့ ကြားက မျက်ရည်ကျလို့ လက်နဲ့ ပွတ်သပ်သုတ်လိုက်သည်။
ကြမ်းပြင်မှာ ခြေပစ်လက်ပစ် အိပ်နေတဲ့ ယောက်ျားဖြစ်သူကို စူးစူးဝါးဝါး ကြည့်နေရင်း ငိုချင်လာပြန်သည်။
စားဝတ်နေရေး တာဝန်ယူထားတဲ့အိမ်ထောင်ဦးစီးပဲ ပင်ပန်းတက်တာလား..။
ကလေးနှစ်ယောက်နဲ့ အိမ်ထောင့်တာဝန်ကို ညီမျှ အဆင်ပြေအောင် ကြိုးစားရုန်းကန်နေရတဲ့ မိန်းမတွေက မပင်ပန်းတော့ဘူးလား..လူပင်ပန်း စိတ်ပင်ပန်း တစ်ခါတလေ ထွက်ပြေးချင်စိတ်တောင်ဖြစ်ပေမဲ့ သားသမီးဆိုတဲ့ အတွယ်အတာ ခင်ပွန်းဆိုတဲ့ နှောင်ကြိုးတွေဖြင့်သာ သည်းခံ မြိုသိပ်ရတာများသည်။
ဘယ်လောက်ပဲ ပင်ပန်းပါစေ ဘယ်လောက်ပဲ နာကျင်ပါစေ " ငါ့မိန်းမ  ပင်ပန်းလိုက်တာ သနားပါတယ်…"ဆိုတဲ့ ကြင်နာယုယ တဲ့ စကားလေး တစ်ခွန်းကို တောင့်တ မျှော်လင့် မိသည်။
နေရာကွက်ကျား သနားတက်တဲ့ ယောက်ျား ကိုပဲ အပြစ်တင်ရမလား..။
သနား ကြင်နာစိတ် ကို တောင့်တမျှော်လင့်မိတဲ့ ကိုယ့်ကိုယ်ကိုပဲ  အပြစ်တင်ရမလား..။
မနက်ဖြန် ပြန်ချော့တဲ့ အခါ အမှတ်မရှိ ခွင့်လွှတ်မိဦးမဲ့ ကိုယ့်စိတ်ကို ကြိုသိနေပြီ..။
Love U All ❤
Spica Lin
#စပိုက်ကာလင်း

One PageWhere stories live. Discover now