ချစ်ဧည့်သည်

332 28 0
                                    

ချစ်ဧည့်သည်
"ငါ့ကြည့်မရဘူးဆိုပေမဲ့...သား မျက်နှာနဲ့ လက်ခံလိုက်ပါ့မယ်.."
ပွစိပွစိ ရေရွတ်ရင်း ရန်ဖြစ်ထားတဲ့ ချွေးမနဲ့ သားဖြစ်သူ အတွက် အခန်းတစ်ခန်းပေးလိုက်သည်။
"ဟဲ့..ငါ့မြေး ငိုတာ သနားပါတယ်....ပေး...ပေး...သြော်....အနှီးလဲရအောင်..."
"ညနက်ကြီး ငိုလိုက်တာ လေထိုးတာလား...ပေးစမ်း...တိုင်းရင်းဆေး ရှာဝယ်ရဦးမယ်...သူငယ်နာ ဖြစ်ရင်ဒုက္ခ..."
"ဟဲ့...ကလေး အမေ က အလေးအပင် မ မရဘူး...ကလေး အမေ က အပူအစပ် သိပ်မစားနဲ့လေ..ကလေး နို့တိုက်နေရတာ ထမင်း ကို အချိန်နဲ့စား..."
ဘယ်လောက်ပဲ စိတ်နာပါစေ အတူတူ နေပြီးနောက်တော့ မိခင်မေတ္တာအရ စေတနာ ကရုဏာတွေ ပိုလာခဲ့ပြန်သည်။
ငါ့မြေး ဆိုပြီး လက်က မချနိုင်အောင်ဖြစ်ရင်း ဒုတိယအကြိမ် ကလေး အမေ ဖြစ်မိပြန်သည်။
အိမ်မှုကိစ္စ မှာ အမေမို့ မတွက်မကပ်ဖြင့် သိမ်းကြုံးလုပ်သည်။
ပါးစပ် မကောင်းပေမဲ့ စိတ်ရင်းကောင်းတာသိသော ယောက်ျားဖြစ်သူက ခဏခဏ ဆူသည်။
"မင်းဟာလေ...အမှတ်ကို မရှိဘူး.."
"အိုး...ကိုယ်က လူကြီးပဲ...မှတ်ထားစရာလား..."
သား နဲ့ ချွေးမ မြေးလေး တစ်ယောက် အိမ်ပေါ် ရောက်လာခြင်းက အိမ်ကို စိုပြေစေတာ အမှန်..။
သား အတွက် ဖွယ်ဖွယ်ရာရာ ချက်လိုက် မြေးလေး ထိန်းလိုက်ဖြင့် ပျော်ပျော်ရွှင်ရွှင် မမော မပန်း သုံးနှစ်က အချိန်ခဏလေးသာ။
"ကျွန်တော်တို့ အခန်းပြန်တော့မယ်... အမေ..."
"ဟေ..ဘာလို့တုန်း..."
မိဘ နဲ့ နေတာ မလွတ်လပ် ဘူးဆိုတဲ့ အကြောင်းပြချက်ဖြင့် ဆင်းသွားကြပြန်ပြီ။
သား မက မြေးလည်း ပါသွားတော့ ဆောက်တည်ရာမရ ဖြစ်ရပြန်သည်။
"ပြောသားပဲ...မင်းကလေ...တ သားထဲသားနေတာပဲ....မင့်သားက ကလေးထိန်း အိမ်အကူ မငှားနိုင်လို့ မင့်ဆီ ခဏ လာနေတာဟ ...မင့်ကို မလိုတော့လို့ ပြန်သွားတာ.....မလွမ်းနဲ့ နောက်တစ်ယောက် မွေးရင် ထပ်လာလိမ့်မယ်..."
ခင်ပွန်းဖြစ်သူရဲ့ စကားကို ကြားရတော့ ရင်ထဲမချိပေမဲ့ ပြုံးမိသည်။
အတောင်ညောင်းလို့ ပင်ပန်းရင် အမေ့ ရှိသေးတဲ့ အသိုက် မှာ ခဏ ဝင်နားပေါ့ သားရယ်..။
အမေ မသေသရွေ့ အားအင် ရှိသရွေ့ အမှတ်မရှိ ကြိုဆိုနေဦးမှာပါ..။
Love U All ❤
Spica Lin
#စပိုက်ကာလင်း

One PageWhere stories live. Discover now