ရန်သူ

116 21 0
                                    

ရန်သူ
"ဘာဖြစ်လို့လာတာလဲ…ခုမှ အဖေ ဖြစ်ချင်တာလား…"
"ဟဲ့…အဲလို ပြောစရာလား..ကိုယ့်အဖေကို…"
"အဟက်…အမေ ဦးနှောက်ကောင်းသေးရဲ့လား…သူက ကျွန်တော့်အဖေ နေရာမှာ ရပ်သင့်တယ် ထင်နေလား"
ထိုနေ့ က ကျွန်တော် ဘွဲ့ယူရသည့်နေ့ ..အဖေ ဆိုတဲ့သူနဲ့နောက်ဆုံး တွေ့ရတဲ့ နေ့ဖြစ်သည်။
ကျွန်တော် ခြောက်တန်း အရွယ်မှာ အိမ်ထောင်ရေးဖောက်ပြန်ပြီး  အမေနဲ့ ကွာရှင်းခဲ့သည်။
အမေ တစ်ယောက်တည်း ကြိုးစားရုန်းကန် ရှာဖွေ ကျွေးမွေးခဲ့ရတာ  ကျွန်တော့်မျက်မြင် ကိုယ်တွေ့ဖြစ်သည်။
မိသားစု အစုံအလင်နဲ့ သူငယ်ချင်းတွေကို တွေ့ရတိုင်း အဖေဖြစ်ပြီး တာဝန်မကျေသူကို မုန်းတီးသည်။
ကျွန်တော့်ဘ၀ က သူများနဲ့ မတူပဲ ခက်ခဲတဲ့ အခြေအနေတိုင်းမှာ သူက ကျွန်တော့်ရန်သူ ဖြစ်လာသည်။
ပညာကို ကြိုးစားသင်ပြီး ဘွဲ့ယူသည့် နေ့မှ အနားရောက်လာတဲ့ အဖေ ကို ကြိုဆိုသင့်လို့လား..။
ကျွန်တော် အလုပ်အကိုင် နဲ့ အတည်တကျ ဖြစ်ပြီး မိသားစုနဲ့ ဖြစ်နေချိန် အထိ အဖေ ဆိုသူကို မေ့နေပြီ။
"သား အဖေ ဆုံးပြီ တဲ့ …မလေးရှားမှာဆုံးတာဆိုတော့ သွားမလား…"
ကျွန်တော့် သမီးလေး ရှေ့မှာမို့ ဘာမှ မပြောပဲ အံတင်းနေအောင် ကြိတ်ပြီး ခေါင်းရမ်းလိုက်သည်။
အမေ က စာတစ်စောင်ပေးတော့ မယူချင်ပေမဲ့ အိတ်ကပ်ထဲ ထည့်လိုက်ရင်း မဖတ်ဖို့ ဆုံးဖြတ်ထားသည်။
သမီးလေးက သွက်လက်စွာဖြင့် အိတ်ကို ဖြဲလိုက်တော့ စာတစ်စောင် နှစ်ပိုင်းပြတ်သွားသည်။
" ယောက်ျား တစ်ယောက်ရဲ့ ခံစားချက် ကို ယောက်ျားချင်းပဲ နားလည်တယ်…ဒါကြောင့် သားတစ်ခုခု ဆုံးဖြတ်တဲ့ အခါ အဖေ့ကို တိုင်ပင်ပါ.. သားနဲ့ တွေ့ပြီး စကားတွေအများကြီးပြောချင်တယ်" လက်ထဲက စာအပိုင်းကို ပစ်ချလိုက်ပြီး သမီးကို ခေါ၍ အိမ်ပြန်ခဲ့လိုက်သည်။
ကျွန်တော် သစ္စာရှိပေမဲ့ ဇနီးဖြစ်သူကတော့ စိတ်သဘောထား မတိုက်ဆိုင်လို့ ကွာရှင်းချင်သည်တဲ့.။
သမီးလေး အတွက် စိတ်မကောင်းပေမဲ့ နှစ်ဖက်ညှိနှိုင်းမရတော့သည့်  အခြေအနေမှာ ကျွန်တော်လက်ခံလိုက်ရသည်။
ထို့နောက် သမီးကို တွေ့ချင် လို့ကျောင်းကို လိုက်သွားရချိန်  ကျွန်တော် ကျောင်းဆင်းချိန်ဆို ရပ်ငေးကြည့်နေတက်သူကို သတိရသည်။
အလုပ်တွေထဲ စိတ်နစ်ထားပေမဲ့ သမီးကိုလွမ်းလို့ ဖုန်းပြောတိုင်း ကျွန်တော်နဲ့ ဖုန်းပြောဖို့ အကြိမ်ကြိမ်  ကြိုးစားခဲ့ဖူးသူကို မြင်ယောင်သည်။
သမီးလေး ဘွဲ့ယူတော့ လက်ကို ချိတ်ပြီး ဓာတ်ပုံ ရိုက်ခံရချိန်  အဖေ တစ်ယောက်ရဲ့ ဂုဏ်သိက္ခာ နဲ့ မျှော်လင့်ချက် ကို ကျွန်တော် ရိုက်ချိုးခဲ့မိခဲ့တယ်ဆိုတဲ့ ခံစားချက်ကြောင့် မျက်ရည်ကျသွားသည်။
သားသမီး အဝေးမှာသာ နေခွင့်ရတဲ့ အဖေ တစ်ယောက်ရဲ့ ခံစားချက်တွေကို ကျွန်တော် နားလည်ချိန် နောက်ကျခဲ့သည်။
Love U All ❤
SpicaLin
#စပိုက်ကာလင်း

One PageWhere stories live. Discover now