မှတ်ဉာဏ်ကောင်းသူ

127 18 0
                                    

25
မှတ်ဉာဏ်ကောင်းသူ "ဟဲ့..ဟိုမှာ…နင့်အစ်ကိုမလား…ခေါ်လိုက်လေ…'
"မခေါ်ဘူး…နှစ်နှစ်တောင်ကြာပြီ…."
"ဟဲ့…ဘာလို့လဲ….နင့် အစ်ကိုက နင့်ကို ဒီလောက်ချစ်တာ…'
"ဟွန့်…ချစ်ပါလိမ့်မယ်….မယားရပြီး  အချိုးပြောင်းသွားပြီ…ငါက အိမ်အလုပ် ပင်ပန်းလို့ ပြောတော့ နင့်ဘယ်သူလုပ်ခိုင်းလဲတဲ့.. သူမယားတော့ ခိုင်းမယ် မရှိဘူး…ဖူးဖူးမှုတ်ထားတယ်လေ…"
"ဟယ်…ဒါလေးပြောတာကိုးဟယ်…သူတို့အိမ်ပြောင်းနေတာပဲ တစ်နှစ်ကျော်ပြီလေဟယ်…နင်လည်း လက်ထပ်တော့မှာပဲ….အစ်ကိုပဲ ခေါ်လိုက်ပါ…"
"နင်ကလေ…ဘာဖြစ်ဖြစ် အမှတ်မထားဘူး…ငါကတော့ နင့်လို မဟုတ်ဘူး…သူ့ကိုတွေ့တိုင်းသူပြောထားတာ သတိရတယ်"
သူငယ်ချင်း ဖြစ်သူ က သက်ပြင်းတစ်ချက် ချလိုက်ပေမဲ့ ကိုယ်ကတော့ မျက်နှာမော့ပြီး လျှောက်လာခဲ့သည်။
ကိုယ့်လက်ထပ်ပွဲ အတွက် လိုအပ်တာ ပြင်ဆင်ချိန် မဖိတ်ခေါ်ပေမဲ့လည်း သူဟာသူ ရောက်လာသည်။
မိဘတွေ စိတ်မကောင်းဖြစ်မှာစိုးလို့သာ မေးထူး ခေါ်ပြောနေပြပေမဲ့ ကိုယ့်စိတ်ထဲမှာ တော့ သိပ်မပါ.။
ကိုယ့်ရဲ့ အားသာချက်က အမှတ်ကြီးတာလား ညဏ်ကောင်းတာလား မသိ..။
ဘယ်သူတွေ ဘာပြောပြော ဘယ်လောက်ကြာကြာ ထိုသူ မျက်နှာတွေ့ရုံဖြင့် မှတ်မိနေသည်။
ကိုယ့်ကို နာအောင် ပြောခဲ့တဲ့သူကို တွေ့တိုင်း နာစရာတွေကို သတိရတော့ စကားပြောဖို့ပင် တွန့်ဆုတ်ဝန်လေးပြီး  ပြုံးပြချင်စိတ် မရှိ ခပ်ကင်းကင်းနေသည်။
အစ်ကို ဆိုပေမဲ့ သူလည်း သူ့မိသားစုနဲ့ သူ ကိုယ်လည်း ချစ်သူနဲ့ လက်ထပ်ပြီး ဘဝသစ်စတင်တော့မည်။
လက်ထပ်ပွဲ အတွက် အစစ သေချာ ပြင်ဆင်နေချိန် ငါးရက်မြှောက် မှာ ပြဿနာ တစ်ခုပေါ်လာသည်။
စိတ်ကူးထဲမှာ သဇင်ပန်းတွေနဲ့ အလှဆင်မယ် ဆိုတာ အမြဲတမ်း ပါပေမဲ့ ခုရက်မှ သဇင်က ရှာ မရဖြစ်နေသည်။
သူငယ်ချင်းဖြစ်သူတွေကို သဇင်ပန်း ဘယ်လို သုံးမယ် ကြွားထားသမျှ အချိန်နီးလေ ငိုချင်လေ ဖြစ်လာသည်။
လက်ထပ်ပွဲ အတွက် နစ်ရက် အလို မနက်စောစောမှာ လုံး၀ မထင်ထားသော ဖုန်းဝင်လာခဲ့သည်။
"ဟေး…အမြဲကောက်နေတဲ့ ဆင်မ….ငါ သဇင်ပန်းတွေ ဝယ်ပေးရင် နင်ငါ့ကို အကောက်ပြေမလား…"
ဝမ်းသာလုံးစို့ပြီး "အင်း…"ဟု ပင် မဆိုင်းမတွ ဖြေလိုက်မိတော့ အစ်ကိုဖြစ်သူရဲ့ ရယ်သံကြီး ထွက်လာလို့ ဖုန်းချလိုက်သည်။
နေ့ခင်းမှာ ဖုန်းတစ်ကြိမ် ထပ်ဝင်လာတော့ နှုတ်ခမ်းမဲ့ ၍ ကိုင်လိုက်သည်။
"ဒီဖုန်းပိုင်ရှင် နဲ့သိလား မသိဘူး… သဇင်ပန်းပို့တဲ့ ကားဖြစ်မယ်… ကားတိုက်ပြီး ဆေးရုံမှာ ခုပဲ ဆုံးသွားလို့ ခင်ဗျ…"လက်ထဲက ဖုန်းကိုဆုပ်ကိုင်ရင်း မျက်လုံး အပြူးသားဖြင့် ငေးကြောင်နေမိသည်။
ကိုယ့်ကို အရမ်းချစ်ပြီး အလိုလိုက်တဲ့ အစ်ကို တစ်ယောက်ရဲ့ ပုံရိပ်တွေ မှတ်ဉာဏ်ထဲ ပြန်ပေါ်လာသည်။

Love U All ❤
Spica Lin
#စပိုက်ကာလင်း

One PageWhere stories live. Discover now