ငယ်ချစ်

160 20 0
                                    

ငယ်ချစ်
"ဟိုမှာ..မင်း အဆက်ဟောင်းကြီး…ဝက်ဖြစ်နေပြီ.."
ဆံပင်ဖြူ တချို့ကို အားမနာပဲ ငယ်ငယ်တုန်းကအတိုင်း ရွှတ်နောက်နောက်ပြောလိုက်တဲ့ သူငယ်ချင်းစကားကြောင့် နောက်ကို လှည့်ကြည့်မိသည်။
ဟုတ်ပါရဲ့…ဆွဲခြင်းတောင်းကြီးဆွဲထားရင်း ငယ်ငယ်တုန်းကထက် လေးဆမက ဝလာသည့် ကိုယ့်ရဲ့ ငယ်ချစ်။
အသားဖြူလို့စန်းပွင့်သူထဲမှာ ကျွန်တော့်ငယ်ချစ်လည်း ပါသလို ကျွန်တော်က အချစ်ကံစမ်းမဲပေါက်သူဖြစ်ခဲ့သည်။
ရင်ခုန်တက်စ အရွယ်မှာ လက်ကလေးကိုင် ပါးလေးနမ်း ကတုန်ကယင် ဖြစ်ခဲ့ရတာသတိရတော့ ပြုံးမိသည်။
သူခဏခဏ လိမ်ခဲ့သည့် ဗိုက်က ရစ်သလိုပင်ဖြစ်လာပြီး ကျွန်တော်ခဏခဏ နမ်းဖူးသည့် သူ့ပါးက ချွေးဥတွေ ခိုနေသည်။
"မုန်းစရာကောင်းတဲ့ မိန်းမ…သစ္စာမရှိတဲ့မိန်းမ…လုံး၀ မပတ်သက်ဘူး…နင့်ကိုငါ သောက်ရမ်းမုန်းတယ်.."
" ငါ့ကို ဂရုစိုက်လား တန်ဖိုးထားလို့လား…နင့်ကြောင့်  ငါ့နေ့တိုင်းငိုနေရတာ သိလား သေတောင် မတွေ့ချင်ဘူး.."
အသက်လောက်ချစ်ကြသည် ဘဝဆက်တိုင်း ပေါင်းရပါစေ ဆုတောင်းခဲ့တဲ့ ဘုရားတွေလည်း မျက်နှာပူပါသည်။
ဖူးစာ တွဲလျက်မပါလေတာလား အချစ်တွေ များပြီး မုန်းကုန်ကြတာလားမသိ သူနဲ့ ကျွန်တော် ရန်သူဖြစ်ခဲ့သည်။
ဘယ်လောက်များ မုန်းခဲ့သလဲဆို သူ့ဖြတ်သွားတဲ့အခါ ကျွန်တော်က တစ်ဖက်လှည့် တံတွေးထွေးသည်။
သူကလည်း ကျွန်တော်ကို တွေ့တာနဲ့ မျက်စောင်းနီကြီး ထိုးပြီး မကြားတကြားကျိန်ဆဲတက်သည်။
ဘယ်လောက်ချစ်ခဲ့လဲ သေချာမမှတ်မိတော့ပေမဲ့ အမုန်းဆုံး ရန်သူဖြစ်ခဲ့တာ  ကောင်းကောင်းမှတ်မိသည်။
အခုတော့ ကိုယ်လည်း ကလေးသုံးယောက်အဖေ ဖြစ်လို့ သူလည်း ကလေးနှစ်ယောက် အမေ ဖြစ်နေပြီလေ.။
နယ်မြို့လေးကို အလုပ်ကိစ္စ နဲ့လာရတော့သူငယ်ချင်းဟောင်းနှစ်ယောက် အပြင် ငယ်ချစ်လည်း ရှိနေသည်။
ဈေးရှေ့ က လက်ဖက်ရည်ဆိုင် မှာ သူ့အကြောင်းပြောနေတုန်း မကြာခင်ပဲ  သူ့ကိုတွေ့ရပြီ..။
ငါတို့ ရန်သူ တွေ ဖြစ်ခဲ့ပေမဲ့ အချစ်ကို စတင်တွေ့ရှိခွင့်ပေးခဲ့တဲ့ လူတစ်ယောက်ပဲမလား..။
လူလောက အချိန်ကို ပြန်တွက်ကြည့်တော့ တိုတောင်းလွန်းတယ်..။
ငါတို့ ဖူးစာမပါခဲ့ပေမဲ့ ခါးခါးသီးသီးမုန်းရလောက်အောင် အကြောင်းပြချက်လည်း မရှိခဲ့ပါဘူး..။
ရန်သူကိုတောင် ပြုံးပြနေရတဲ့ အသက်အရွယ်မှာ ဖြူစင်စွာချစ်ခဲ့ပြီး ပွင့်လင်းစွာ မုန်းခွင့်ရှိတာ ကြာခဲ့ပြီမလား…။
တမ်းတ လွမ်းမော နေတာ မဟုတ်ပေမဲ့ ရိုးသားတဲ့ ငယ်အမှတ်တရတွေမှာတော့ ငယ်ချစ်ပါသည်။
"ဟေ့…အေးသက်…" မိတ်ဆွေဟောင်း တစ်ယောက်လို သာကြောင်း မာကြောင်း မေးရင်း ရိုးသားစွာ  နှုတ်ဆက် ဖို့ ထိုင်ဝိုင်းက ထွက်လာခဲ့လိုက်သည်။
Love U All ❤
Spica Lin
#စပိုက်ကာလင်း

One PageWhere stories live. Discover now