သူငယ်ချင်း

132 25 1
                                    

သူငယ်ချင်း
"ဒီမှာ…ငါ့ကောင်မလေးပုံ"
ပခုံးကို ဖက်ပြီး ဓာတ်ပုံကို မျက်နှာနား ကပ်ပြတော့ ရယ်ပြီး ယူကြည့်လိုက်သည်။
"ငါ့ထက် အများကြီးသာတာပဲ…ဘယ်ဆိုးလို့လဲ…ငါ့ကောင်က ရုပ်ဆိုးပေမဲ့ စွံသားပဲ.."
ခေါင်းညိတ်ပြီး  ဓာတ်ပုံကို ပြန်ယူကာ ကြည့်ရင်း ပြုံးနေတော့ ကိုယ်လည်း လိုက်ပြုံးမိသည်။
"ငါတို့ ပြတ်သွားပြီ.."
"ပြတ်မှာပေါ့…နင်က အချိုးမှ မပြေတာ…ဂိမ်းဆိုင်ပဲ သွားနေတာကိုး…"
မျက်ရည်ဝဲရင်း ခံစားနေတော့ ကိုယ်လည်း ငိုချင်လာလို့ အကြည့်လွဲပြီး ငြိမ်သက်နေမိသည်။
"ငါ စေ့စပ်တော့မယ်…အမေ တို့က စေ့စပ်ပွဲနဲ့ လက်ထပ်တာ ခြောက်လပဲ ကွာထားတယ်…"
"ဟား…ကောင်းတာပေါ့…နင့်လိုကောင် က မိန်းမ ရမှ အလုပ်လုပ်မဲ့ကောင်ဆိုတာ အန်တီက သိတယ်"
ပခုံးတွန့်ပြီး နှုတ်ခမ်းမဲ့ပြတော့ သူ့ဆံပင်တွေကို နောက်ဆုံးအကြိမ်ဖြင့် ဖွပစ်လိုက်သည်။
"ငါ့မိန်းမ ဆေးခန်းပြမလို့ဟာ..အဖော်လိုက်ပေးလို့ရမလား…"သူ့ဆီက အရင်ဆက်သွယ်လာတော့ မငြင်းရက်လို့ ကိုယ်ဝန်ဆောင် ဆေးခန်းကို အဖော်လိုက်ပေးရသည်။
"ငါ့မိန်းမ ညနေ ဆေးရုံတက်ရမယ်…နင်လာပါလားဟာ.."စိုးရိမ်နေတဲ့ သူ့စကားသံကြောင့် အလုပ်တွေ အားလုံးပစ်ထားခဲ့ပြီး ချက်ချင်း လိုက်သွားမိသည်။
"အမေ ဆေးရုံတက်ရတယ်ဟာ..ငါလည်း ဆေးအကြောင်း သိပ်မသိဘူး…"ကိုယ်တာဝန်ကျနေတဲ့ ဂျူတီကို ချိန်းပြီး နေရာမတူသည့် မြို့ကို တစ်ယောက်တည်း ခရီးထွက်ခဲ့သည်။
"ငါ လက်ထပ်တော့မယ်…"
"ဟာ…ဘာလို့လဲ…အိုး…နင်ကလည်း အပျိုကြီး လုပ်စမ်းပါဟာ…လင်ယူတာ မကောင်းဘူးနော်…"
အဆင်သင့်ပါသည့် ဖိတ်စာလေးကို ထုတ်ပေးလိုက်တော့ အံသြတဲ့ မျက်လုံးဖြင့် ငေးကြည့်နေသည်။
သူ့အနားကို ရွေ့သွားသည့် ဖိတ်စာကို ပုတ်ချလိုက်ပြီး တစ်ဖက်ကို အကြည့်လွဲ၍ စိတ်ကောက်သည်။
" ငါ့အတွက် နင် ဝမ်းသာသင့်တယ်…"အချိန် အကြာကြီး တိတ်ဆိတ်နေပြီးမှ သက်ပြင်းချသံ တစ်ချက် ထွက်လာတော့သည်။
"ငါ…ငါ…ဝမ်းသာပါတယ်…နင် အလှပြင်ထားတာ ငါ မမြင်ဖူးသေးဘူး.. နင် အလှဆုံးဖြစ်အောင် ပြင်ရမယ်နော်"
ရယ်သံစွပ်ပြီး ပြောလိုက်ပေမဲ့ ရှိုက်သံ တစ်ချက်ပါလာတာကို မသိချင်ယောင်ဆောင်၍ ပြုံးလိုက်သည်။
ငါတို့က သူငယ်ချင်းတွေပဲလေ..။
Love U All ❤
Spica Lin
#စပိုက်ကာလင်း

One PageWhere stories live. Discover now