နောက်ကွယ်

123 20 0
                                    

27
နောက်ကွယ်
"ဟင်း…သူများတွေများအားကျလိုက်တာ…ကိုယ့်ဘဝတော့ ဖွတ်…"
"ဟဲ့…အင်တာနက်ပေါ် တင်သမျှ အားကျမနေနဲ့ သူတို့လည်း သူတို့အပူနဲ့အပူပဲ ဘယ်သူက မျက်ရည်မျက်ခွက်ပုံ တင်မှာလဲဟဲ့…ပြီးတော့…နင့်ဘဲက နင့်ကို အရမ်းချစ်တာဟ…ပြဿနာချည်း ရှာမနေနဲ့."
ဖုန်းထဲက သူငယ်ချင်းစုံတွဲတွေကို အားကျတိုင်း ပြဿနာတက်တာ သိနေတော့ အတူနေတဲ့ သူငယ်ချင်းက သတိပေးလာပေမဲ့ နှုတ်ခမ်းရွဲ့ရင်း လက်ဆောင်ဘူးလေးတွေကို လိုက်ကြည့်နေမိသည်။
"ဒါပဲလား…ဒါကြီးလား…ဟမ်…တော်ပြီ…မယူဘူး….နင့်တုန်းက ငါ ဘယ်လို ပေးခဲ့လဲ…ပေးရလို့ ပြောတာ မဟုတ်ဘူး….အလိုက်ကန်းဆိုးလည်း မသိ..ဂရုလည်းမစိုက်ဘူး…တော်ပြီ…တကယ် စိတ်ကုန်တယ်…"
"မဟုတ်ပါဘူး…မရယ်  ဟို…မ လိုအပ်မယ် ထင်လို့.. မောင် မုန့်ဖိုးစုပြီး ဝယ်ထားတာပါ…"
"လက်ဆောင် ဘူးတောင် မပါတဲ့ မျက်မှန် တစ်လက်ကို ဘာလုပ်ရမလဲ…နင့်ကြောင့် အမြဲ မျက်နှာငယ်ရတယ်"
"မောင် အလုပ်လုပ်တဲ့ အချိန်ကျရင် မမ အတွက် လက်ဆောင်တွေ အများကြီးနဲ့ Surprise လုပ်ပေးမယ်.."
အများကြီး မျှော်လင့်မိတိုင်း ဒေါသထွက်ရတာလည်း ပင်ပန်းနေပြီမို့ စိတ်ကို ဆုံးဖြတ်လိုက်သည်။
ဘာပဲ ဖြစ်ဖြစ် မုန့်ဖိုးစုနေရတာချည်းပဲ…သူပေးတဲ့ မျက်မှန်ကိုပစ်ပေါက်ပြီး ထိုနေ့မှာပဲ လမ်းခွဲ အဆုံးသတ်သည်။
"ချစ်လေး…လစဉ်သုံး ပစ္စည်းပါလား…"အနားမှာ ကပ်ပြောတဲ့ စကားကြောင့် အံသြရင်း ငေးကြည့်မိသည်။
ချစ်သူ သက်တမ်း သုံးလ အတွင်း နားမလည်စရာတွေ တော်တော်များနေပြီမို့ ခေါင်းညိတ်ပြီး ထုတ်ပေးလိုက်သည်။
ဓာတ်ပုံရိုက်ပြီး ပြန်ပေးတော့ အံသြနေချိန်
"သဲလေး အတွက် လိုအပ်လို့ ဆောင်ထားတာဗျ…"ကိုယ့်အကောင့်မှာ Tag လုပ်ပြီး တင်လိုက်တဲ့ ပုံ..။
"ကိုယ် ပုံတင်ထားတယ်…Comment ဝင်ရေးပေးဦး…"စာဝင်လာတော့ ဝင်ကြည့်လိုက်တာ  တစ်သောင်းတန်တွေ စုဘူးထဲ ထည့်နေတဲ့ ဗီဒီယို အတိုလေးနဲ့ "အနာဂတ်သတို့သမီးသဲလေး အတွက်"ဆိုပြီး Tag လုပ်ထားတော့ အပျော်လွန်ပြီး Comment တွေ ဝင်ရေး အားကျနေတဲ့သူငယ်ချင်းတွေလည်း စာပို့ကြ၏။
"ဟမ်…ကိုကိုပြောတော့ သုံးလပြည့်အတွက်…Surpise Box  တင်ထားတာလေ…အထဲမှာ… နှုတ်ခမ်းနီတစ်ထောင့်ထဲလား…"
"သဲလေးကလည်း လူရှိန်တာပေါ့…သဲ သူငယ်ချင်းတွေဆို အားကျနေတာ…ကိုက ဝယ်မှ မပေးနိုင်တာ…"
ကံဆိုးပုံများ မဝယ်ပေးနိုင်တဲ့ သူနဲ့ချည်း တွေ့နေရတာပဲ လို့ ကိုယ့်ကိုယ်ကိုသာ စိတ်တို ရပါတော့သည်။
Facebook ပေါ်မှာ ချစ်ပြသလောက် လက်တွေ့မှာတော့ ပြောင်းပြန် ..လူရမ်းကား ဖြစ်နေတော့ လမ်းခွဲခဲ့သည်။
"ဒီမျက်မှန် က ကွန်ပျူတာ အကြည့်များ သူတွေအတွက် ထုတ်ထားတာ ပါဝါမပါဘူး. ဈေးကြီးပေမဲ့ မိုက်တယ်…"
ပုံစံတူ ကိုယ်လွင့်ပစ်ခဲ့တဲ့ မျက်မှန်လေးကို သတိရတော့ တစ်နှစ်ကျော်က အဆက်အသွယ် မရှိတော့သည့် အကောင့်လေးကို ဝင်ကြည့်မိသည်။
ရိုးရှင်းတဲ့ Cover ပုံလေးမှာ တွဲလက်ကလေး နှစ်ဖက်က ခိုင်မြဲနေတာ ခံစားမိတော့ ရင်ထဲစို့သွားခဲ့သည်။

Love U All ❤
Spica Lin
#စပိုက်ကာလင်း

One PageWhere stories live. Discover now