အပူသည်

165 21 0
                                    

အပူသည်
"မကြည် တစ်ယောက်တော့ အသက်ကြီးမှ ထီပေါက်တာပဲ.."
ဈေးဆွဲခြင်းကိုင်ထားတဲ့ ကလေးမလေးကို ကြည့်ပြီး ပြောလိုက်တော့ ပြုံး၍ ခေါင်းညိတ်ပြလိုက်ရသည်။
အသက်ခြောက်ဆယ်နားကပ်ကာမှ အပျိုပေါက်အရွယ် မိန်းကလေးတစ်ယောက် အနားရောက်လာတာ ကောင်းပါသည်ပေါ့လေ..။
မိဘ များကလည်း သားကြီးသမီးကြီးတွေ အနားမရှိချိန် အဖော်လေး ရနေတာပဲလို့အားပေးရှာသည်။
ဒီလိုဆိုရင်တော့ ဘယ်ဆိုးလိမ့်မလဲလေ…။
ကောင်မလေးက အလိုက်သိပြီး ပေါ့ပေါ့ပါးပါးရှိပါသည်။
မေမေကြီး လို့ခေါ်ပြီး ဆေးသောက်ဖို့ စားဖို့ အိပ်ဖို့ သတိပေးတက်သေးသည်။
သြော်..မြေးဖြစ်သူတောင် ဆယ်နှစ်ကျော် အိမ်ခေါ်ထားလို့မရတဲ့ အခြေအနေမှာ သူ့အမေ ဆုံးပြီးမှ  ကိုယ့်အနားရောက်လာသူကို ကရုဏာသက်မိတဲ့ အခါလည်း ရှိသည်။
တရားရှာရမဲ့ အရွယ်မို့ တရားစာပေလေးတွေ ဖတ်မှတ်လေ့လာ စိတ်ကို အေးချမ်းအောင် ကြိုးစားသည်။
သို့ပေမဲ့လို့ တစ်ပတ်မှာ သုံးရက်လောက် ပူလောင်ခြင်းတွေ ဖြစ်၍ စိတ်မအေးချမ်းနိုင်..။
ပတ်ဝန်းကျင် အမြင်မှာတော့ ကိုယ်က အသက်ကြီးမှ ထီဆုပေါက်ပြီး သမီးတစ်ယောက်ကောက်ရသတဲ့..။
ကိုယ့်ခင်ပွန်းရဲ့ဒုတိယဇနီးက မွေးထားတဲ့ သွေးသားမတော်စပ်သူ ကလေး တစ်ယောက်ကို ကိုယ်လည်း အတက်နိုင်ဆုံး စိတ်အေးချမ်းအောင် မေတ္တာတော့ ထားပါသည်။
ဘယ်လောက်ပဲ တရားရှာရှာ မငြိမ်သက်သော စိတ်တို့က အမျိုးမျိုးပြောင်း၍ ရူးမှာတောင် စိုးရိမ်သည်။
မိခင်မရှိတော့ရှာတဲ့ ကလေးမလေးလို့ တွေးပြီး မိခင်ကိုယ်စား ဂရုစိုက်မိတဲ့ အခါလည်းရှိသည်။
ဟော အစိုးမရသော စိတ်က ငါ့လင်ကို တိတ်တိတ်ပုန်းလုယူသွားတဲ့ မိန်းမရဲ့ သမီးဆိုပြီး စိတ်တိုပြန်သည်။
ကိုယ့်အပေါ် ကော သူက မိခင်အရင်းလို သဘောထားနိုင်မှာလားလို့ တွေးရင်း ပူလောင်ပြန်သည်။
နောက်တော့ ခပ်ကုတ်ကုတ်လေး နေရှာတဲ့ကလေးမကို သနားစိတ်ဖြစ်ကာ သမီးလို့ ခေါ်မိပြန်သည်။
ထို့နောက်  အမှားတစ်ခုခုဖြစ်ရင် ငါ့ကို ခြေရာတိုင်းချင်တဲ့သူ့အမေသွေးလို့ တွေးပြီး ဒေါသထွက်သည်။
ကိုယ့်ကို စေတနာထားတာ တွေ့ပြန်တော့လည်း ကောင်းကောင်း ဆက်ဆံသင့်သည်လို့ နောင်တရပြန်သည်။
နေ့စဉ်များစွာ စိတ်အမျိုးမျိုး ပြောင်းလဲ နေခြင်းက မကြည်ကို ဒုက္ခပေး၍ ရောဂါ အခံတွေကို ဝေဒနာတိုးစေသည်။
"စိတ်ဒုက္ခ ပေးတဲ့ အရာတွေကို မလွှတ်ချနိုင်တဲ့အခါ ပူလောင်ခြင်းဝေဒနာကို သည်းခံနိုင်ရမယ်… သည်းမခံနိုင်တဲ့အခါ အပူတွေကို ပွေ့ပိုက်မထားပဲ လွှတ်ချလိုက်ပါ" တရားစာအုပ်လေးကို ခုံပေါ် ပြန်ချလိုက်သည်။
နှစ်ပေါင်းများစွာ ပူလောင်ခြင်းကို ပွေ့ပိုက်လာခဲ့ပြီ မို့ အရာရာကို လွှတ်ချဖို့ ဆုံးဖြတ်လိုက်တော့သည်။

Love U All ❤
Spicalin
#စပိုက်ကာလင်း

One PageWhere stories live. Discover now