ငယ်သေးလို့ပါ

164 20 0
                                    

21
ငယ်သေးလို့ပါ
"အား….နောက်မလုပ်တော့ပါဘူး…အဖေ့ရဲ့…"
"ဟင်း….ဒီသားအမိကတော့ နေ့တိုင်း ပြဿနာပဲ…ဟိုကောင်ကလည်း ဟိုကောင်ပဲ…."
"ငယ်သေးလို့ပါ…အခုချိန်မှာ မမ နဲ့ ကိုကြီးက သူ့ကို သူငယ်ချင်းလိုပဲ ပေါင်းထားသင့်တယ်…"
ကျွန်မရဲ့ အဖြေကို သဘောမကျသလို ခေါင်းရမ်း၍ အောက်ထပ်ဆင်းသွားတဲ့ အဖေ့ကို ကြည့်ရင်း ပြုံးမိသည်။
ဆယ်ခြောက်နှစ်ဆိုတဲ့ အရွယ်က လူတစ်ယောက် အတွက် တကယ်ကို ငယ်ပါသေးသည်။
မမှန်ကန်တဲ့ အလုပ်တစ်ခု လုပ်ပြီး လူကြီးတစ်ယောက် မရိပ်မိအောင် ဟန်မဆောင်တက်သေးဘူး။
စာအုပ်ရှေ့ချပြီး ဂိမ်းခိုးဆော့တာသာ အပြစ်တစ်ခုလို ခံယူထားတုန်း..။
မလုံမခြုံ ပုံလေး ခိုးကြည့်ရုံဖြင့် ကိုယ်ကျင့်တရားပျက်ပြားသလို ခံစားရတုန်း..။
ဆေးလိပ် ခိုးသောက်ပြီး အနံ့မထွက်အောင် အမျိုးမျိုး ကြိုးစားနေရတုန်း..။
အမှားတစ်ခု လုပ်ပြီး သဲလွန်စ တစ်ခုမကျန်အောင် ဖျောက်ဖျက် ဖို့ မတွေးတက်သေး.။
ဒီအရွယ်က အဖြူစင်ဆုံး အရွယ်မဟုတ်ဘူးလား..အရောင်ပြောင်းအောင် နီးစပ်ရာမှ အမျိုးမျိုး သင်ပေးဦးမည်။
ထိုနောက် မှာတော့ ကြီးလာပြီ ဆိုတဲ့ ကလေးက အမှားတွေကို ပျော်ပျော်လုပ်ပြီး သူမလုပ်ထားသလို ဟန်ဆောင်၍  ရယ်မော လိမ်ညာ ဖုံးကွယ် တက်လာလိမ့်မည်။
မမှန်ကန်တဲ့ ကိစ္စတွေကို မကြောက်မလန့် ဆုံးဖြတ်ပြီး စိတ်ထဲ သူရဲကောင်းလို သာယာလာလိမ့်မည်။
သူများ အတွက် ဒုက္ခရောက်စေတဲ့ လုပ်ရပ်တွေကို စိတ်မထိခိုက်ပဲ လုပ်နိုင်လာလိမ့်မည်။
အဖေ့ရဲ့ လက်..အမေ့ရဲ့ ကြိမ်လုံးက သူ့အတွက် ကြောက်စရာ မဟုတ်တော့..။
ဂိမ်းလေး ခိုးသုံးရုံနဲ့ စိတ်လှုပ်ရှား ကြောက်လန့်နေသည့် အခြေအနေ မဟုတ်တော့..။
အမေ့ရဲ့ မျက်နှာ နဲ့ အဖေ့ရဲ့ မျက်နှာကို ကြည့်ရုံဖြင့် ဘယ်လိုလိမ်ရင် လွတ်ပြီဆိုတဲ့ အရည်အချင်းရှိလာမည်။
ဟန်ဆောင်မှု မတက်မြောက်ခင်လေးမှာ ဟန်ဆောင်ဖို့မလိုအောင် အသိပညာနဲ့လမ်းတစ်ခု ပြထားသင့်သည်။
မျက်လုံးတွေ မလိမ်တက်သေးခင် လိမ်စရာမလိုအောင် မိဘနဲ့ သားသမီး ပွင့်လင်းတဲ့ ဆက်ဆံရေးရှိသင့်သည်။
ခုတွေ့နေရတဲ့ အမှားတွေက သူတို့ ငယ်သေးလို့ပါ ကြီးလာရင် ကိုယ်မသိအောင် လုပ်တက်လာလိမ့်မည်။
လအနည်းငယ်ကြာလာတော့ ကလေးကို သူ့အဖေ ရိုက်သံ အမေဆူသံတွေ သိပ်မကြားရတော့ပါ။
အဖေကတော့ မြေးဖြစ်သူ လိမ်မာလာပြီ ပြောပေမဲ့ အမှားသေးသေးလေးတွေကို လူကြီးတွေ မရိပ်မိအောင် လိမ်ခြင်း ပညာတက်မြောက်သွားတဲ့ တူဖြစ်သူအတွက် သက်ပြင်း တစ်ချက်ရှိုက်မိသည်။

Love U All ❤
SpicaLin
#စပိုက်ကာလင်း

One PageWhere stories live. Discover now