ဖူးစာ

226 23 0
                                    

ဖူးစာ
"ခင်မမ က သိပ်မိုက်တာပဲ..ရီရီ…ကိုယ် ဘယ်လိုမှ သည်းမခံနိုင်တော့ဘူး…ကလေးတွေ အတွက် လည်း တွေးစရာ မလိုတော့ဘူး …. ကလေးတွေကို ကိုယ်ခေါ်ထားမယ်…သူက သူ့အတွက်ပဲ သိတဲ့ မိန်းမပဲ…"
ဧည့်ခံထားတဲ့ ကော်ဖီခွက်ကိုတောင် မကိုင်နိုင်ပဲ စိတ်ပျက်သော အမူအယာဖြင့် ပြောလိုက်တော့ သက်ပြင်းချရုံသာ တက်နိုင်သည်။
"စဉ်းစားပါဦး..ကိုအောင်ရယ်…အပျက်ပျက်နဲ့ ဖြစ်ကုန်ပါ့မယ်…"
" ကိုယ့်မှာ သံယောဇဉ် တစ်ခုကြောင့် သူပြောင်းလာလိမ့်နိုးနဲ့ စောင့်နေခဲ့တာ ဆယ်နှစ်ကျော်ပြီ .. .မြင်းလောင်းတာ တစ်ပတ် တစ်ရက် မဟုတ်တော့ဘူး…အိမ်က မော်တော်ကားလည်း ကိုယ်မသိပဲ ရောင်းလိုက်ပြီ..သူ့အတွင်းပစ္စည်းလည်း ကုန်ပြီ…သူ့စာရိတ္တ က ခုနောက်ပိုင်း  တော်တော်ပျက်စီးနေပြီ…သူ့အုပ်ထိန်းသူက ရီရီ တို့ပဲရှိတာမို့ အကြောင်းလာကြားတာပါ…ကိုယ် ပြန်မယ်..."
ကိုအောင့်ကို ကြည့်ရင်း ကလေးတွေနဲ့ခင်မမ အတွက်လည်း  စိတ်မကောင်းဖြစ်ရသည်။
တစ်ချိန်က စက်ပိုင်သူဌေးတစ်ယောက် အိမ်မှာ အဝင်အထွက် များပြီး နေရာပေး ဖိတ်ကြားခံရသည့် ကိုအောင်ကို ရီရီ မျှော်မှန်းခဲ့ဖူးသလို ပတ်ဝန်းကျင် အသိုင်းအဝိုင်းကလည်း ထင်ကြေးပေးရင်း စ နောက်ခံရသည်။
ကိုအောင်ကတော့ အစကတည်းက ရီရီ ကို နှမသားချင်းလိုသာ သဘောထား ရင်းနီးပြခဲ့တာ ထင်ပါရဲ့..တကယ်ရွေးချယ်သွားသူက အိမ်မှာခေါ်ထားတဲ့ရီရီရဲ့ညီမတစ်ဝမ်းကွဲလေး..ကိုအောင်ကလည်း သပ်သပ်ရပ်ရပ် ခင်မမကလည်း အသက်ငယ်သလို  ပြင်တက်ဆင်တက်မို့ နှစ်ဦးသားလိုက်ဖက်ညီပါသည်။
မိဘများမရှိတော့လို့ အိမ်မှာနားဖောက် တောင်းရမ်း လက်ထပ်ယူတာမို့ ညီမလေးလို ချစ်ရသည့် ခင်မမ အတွက် ဝမ်းသာရပါသည်။
တစ်ဖက်မှာ ချစ်စကား မျှော်လင့်စိတ်ကူးမိသည့် ကိုယ့်ကိုယ်ကို စိတ်မကောင်း ရှက်ဒေါသလည်း ဖြစ်ရသလို ပတ်ဝန်းကျင်မှာလည်း တီးတိုး ပြောစရာ ဖြစ်ခဲ့ရသည်။
မိဘတွေကလည်း ဂုဏ်အဆင့်အတန်းလေး ရှိနေတော့ မခံချင်စိတ်ဖြင့် ရီရီကို အရာရှိ တစ်ယောက်ဖြင့်  လက်ဆက်ပေးခဲ့ပြီးနောက် ခင်ပွန်းဖြစ်သူ တာဝန်ကျရာ မြို့ဆီကို လိုက်ခဲ့ရသည်။
ဇာတိမြို့ကို ပြန်ရောက်လို့ ကိုအောင် နဲ့ အဆက်အသွယ် ပြန်ရချိန်မှာတော့ မြင်ရတွေ့ရ စိတ်မချမ်းသာစရာပင်။
"ကိုယ့်တူမ အကြောင်းသိတော့ သာတောင် အားနာသေး…ဒင်းကလည်း တို့ဘက် မငှဲ့ လုပ်ရက်တယ်… အေးလေ…ခင်မမ အကြောင်း မသိပေလို့ပေါ့…ကျုပ်တို့ အိမ်ခေါ်ထားတယ်ဆိုပေမဲ့ ဗီဇမှ မတူတာပဲ…ဘယ်လောက်ပဲ ဟန်ဆောင်… အချိန်တန်တော့ ခင်မမ ဗီဇ ပြလာမှာပါပဲ…စိတ်မကောင်းလည်း မဖြစ်နဲ့ ရီရီ…ဖူးစာမပါလို့ပေါ့အေ..ကိုယ့်လင်သားအပေါ် မယားဝတ္တရားကျေအောင်သာနေ…"
လက်မထပ်ခင် အမေ ပြောခဲ့တဲ့ စကားတွေကို ပြန်တွေးရင်း ခင်မမ မလိမ်မာသေးတာလည်း ဒေါသ ပိုရသည်။
ကိုယ်လည်း အိမ်ထောင်ရှင်မ ဖြစ်နေတော့ မိသားစု တစ်ခု အလွယ် မပြိုကွဲစေချင်။
သူများ မိသားစုအရေးဖြင့် သက်ပြင်းချမိချိန်
ခင်ပွန်းဖြစ်သူရဲ့ ကားသံ ကြားရတော့
အိမ်အဝမှာ အပြုံးဖြင့် ကြိုဆိုနေလိုက်သည်။ ခင်ပွန်းဖြစ်သူက အပြုံးဖြင့် လက်ကမ်းတော့ လက်တွေကို ဆုပ်ကိုင်လိုက်ပြီး လှေကားကို အတူတူ တက်ခဲ့ချိန် သူများမိသားစု အတွက် ပူပန် သောက များနေမိတာ မေ့သွားပြီး ချစ်ခင်ပွန်း အတွက် ကော်ဖီ တစ်ခွက် ဖျော်ရဦးမည် ဆိုတာသာ တွေးနေမိတော့သည်။
Love U All ❤
Spica Lin
#စပိုက်ကာလင်း

One PageWhere stories live. Discover now