ရလဒ်

124 20 0
                                    

ရလဒ်
"အန်ကယ်…အညို့ကို တာဝန်ခံ လုပ်ခိုင်းလိုက်တယ်ဆို…"
"အေး..ဟုတ်တယ်…"
ဖြူစင်ဝင်းမွတ်ကာ ချစ်စရာ မျက်နှာသွင်ပြင်က အခုတော့ နှုတ်ခမ်းနှစ်လွှာ ဖိကိုက်ထားရင်း ဒေါသ ဖြစ်နေရသည်။
အလုပ်ဝင်ကတည်းက အတူတူ ပေမဲ့ သူဌေးက ကိုယ့်ကို နေရာပေး ထားတာ ဝန်ထမ်း အားလုံးသိသည်။
စပွန်ဆာ လိုလို အပြောခံရပေမဲ့ မနာလိုလို့ ပြောတယ်ပဲ တွေးပြီး သူဌေးနဲ့ ရင်းနှီးခွင့်ရတာကို ကျေနပ်သည်။
သူဌေးက အရေးပေးသလို ရင်းရင်းနှီးနှီး ချွဲနွဲ့ ခွင့်ရလို့ ဝန်ထမ်း အတေ်ာ များများ ဝန်တိုကြသည်။
မိန်းမ နဲ့ ယောက်ျားမို့ အနေနီးပြီး နှုတ် လက် အမူအယာ နဲ့ စော်ကားခြင်းတို့ခံရပေမဲ့ သူဌေး ဆိုတဲ့ ဂုဏ်ကြောင့် သည်းခံခဲ့သည်။
အညိုကိုတော့ တစ်ရုံးလုံး ဘယ်သူမှ သတိမထားမိလောက်အောင် ရုပ်ကလည်း သာမန်မျှသာ..။
အလုပ်တွေကိုလည်း သူနဲ့ မဆိုင်သည့် မားကပ်တင်းပိုင်း အထိ တာဝန်ယူကာ ပင်ပင်ပန်းပန်း လုပ်ရသည်။
ဖြူစင်လို အရေးပေး မခံရသည့် အပြင်ကို တစ်ခါတလေ အဆူအငေါက် အဆဲလည်း ခံရသေးသည်။
အလုပ်တွေ မှားရင်လည်း နားမခံသာအောင် အပြောခံရလို့ ဖြူစင်တောင် သနားမိသေးသည်။
သူဌေး ခြေတော် မတင်ရုံတမယ် ဖြူစင် နဲ့ နီးစပ်နေပြီးကာမှ  တာဝန်ခံ နေရာကို ရလိုက်သူက အညိုဖြစ်နေတာ မကျေနပ်..။
ပညာအရည်အချင်းကလည်း  အတူတူပေမဲ့ ရုပ်ရည် အပြောအဆိုမှာ ဖြူစင်က အသာကြီး.။
"အန်ကယ်..လွန်တယ်..တကယ်ဆို ဖြူစင် ကို အခွင့်အရေး ပေးသင့်တာမလား.."
"မင်းကို တာဝန်ခံ လုပ်ခိုင်းရအောင် မင်းက ဘာလုပ်တက်လို့လဲ…"
"ဟင်…"
" မင်းကို အလုပ်ပေးတုန်းက အလုပ်တာဝန်တွေကို သေချာ ပြောပြခဲ့ပြီးသားပဲ…မင်းရဲ့ ညဏ်နဲ့ ကြိုးစားမှုက အလုပ်မဟုတ်ပဲ သူဌေးဘေးနားရောက်ဖို့ ဖြစ်နေတယ်…မင်းက တော်ပါတယ်…ယောက်ျားတစ်ယောက်ရဲ့ အကြိုက်ကို သိတယ်…အပြုအစု ကောင်းတယ်… ကိုယ်ကြိုက်တဲ့ ကော်ဖီ နဲ့ရေမွှေးကို သိပေမဲ့ အလုပ်နဲ့ ပတ်သက်ပြီး သေချာ ဘာမှ သိတာမှ မဟုတ်တာ.. အညိုက လုပ်ငန်းတစ်ခုလုံး လွဲရလောက်တဲ့အထိ လုပ်ငန်းကို လည်ပတ်မှုမှာ ကျွမ်းနေပြီ…သူနဲ့ သင့်တော်လို့ နေရာ ပေးလိုက်တာပါ…ကုမ္ပဏီမှာ တကယ်လိုအပ်တာလည်း ကျွမ်းကျင်တဲ့ ဝန်ထမ်းပဲလေ…အပြုအစုကောင်းတဲ့ မိန်းမ မှ မဟုတ်တာပဲ..သြော်… ပြောလိုက်ဦးမယ်… ကိုယ့်မိန်းမ သိအောင် ဖုန်းဆက်ဖို့ ကြိုးစားနေတာတွေကိုလည်း ရပ်ပါ…မဟုတ်ရင် မင်းကို အလုပ်ထုတ်ပစ်ရလိမ့်မယ်… ကိုယ်က အိမ်ထောင်ရေးပြိုကွဲရလောက်တဲ့အထိ မင်းကိုလိုအပ်မယ်ထင်နေတာလား….ကိုယ်တို့ ဘာအဆင့်မှ မရောက်ခဲ့ဘူးလေ…သွားနိုင်ပြီ.."
ဖြူစင် နှုတ်ခမ်းကိုက်ရင်း အခန်းထဲက ပြန်ထွက်လာချိန် ဝန်ထမ်းတွေက အညိုကို ဂုဏ်ပြုနေကြသည်။
အညို နဲ့ ဖြူစင်ရဲ့ ဦးတည်ချက် ကြိုးစားမှုကွာခြားသွားခဲ့သည်မို့ ဂုဏ်သိက္ခာနဲ့ ရလဒ်လည်း ခြားနားခဲ့ရသည်။

One PageWhere stories live. Discover now