"နှင်းတွေကြားထဲ ကိုကို့လက်ကိုဆွဲရင်း လမ်းလျှောက်ရတာ ကောင်းလိုက်တာဗျ"
တဖြုတ်ဖြုတ်ကျနေတဲ့ ဖြူဆွတ်ဆွတ်နှင်းမှုန်တွေကို မော့ကြည့်ရင်း ရိုင်းမ်ပြောတော့ ဆုပ်ကိုင်ထားသည့် ရိုင်းမ်လက်ဖဝါးလေးကို ဆွဲယူပြီး ကိုကိုကနမ်းရှိုက်သည်။
ကိုကိုနေတဲ့တိုက်ခန်းက အသံလွှင့်ရုံနဲ့သိပ်မဝေးတာမို့ စက်ဘီးနဲ့သွားလို့လည်းရသလို၊လမ်းလျှောက်ရင်လည်း ၂၀မိနစ်ခန့်သာလျှောက်ရသည်။ပုံမှန်ဆို စက်ဘီးနဲ့အလုပ်သွားနေကျကိုကိုက ဒီနေ့တော့ ဘူတာကနေ အလုပ်ကိုတန်းသွားတာမို့ စက်ဘီးမပါတာဟုဆိုသည်။
ဒါကပဲ ကိုကို့လက်ဖဝါးတွေထဲ ရိုင်းမ်လက်ဖဝါးလေးတွေကို မြုပ်စေရင်း လမ်းလျှောက်ဖို့အခွင့်အရေးရတာပင်ဖြစ်၏။လန်ဒန်ကတော့ လန်ဒန်ပီသစွာပင် ခရစ္စမတ်အချိန်ကာလကို အလှပဆုံးဖြစ်အောင် ပြင်ဆင်ထားတာကို နေရာအနှံ့မှာ တွေ့နေမြင်နေရသည်။
ငယ်ငယ်ကတည်းက ဒယ်ဒီ၊မာမီတို့နဲ့လာလေ့ရှိသလို၊ဆယ်ကျော်သက်အရွယ်မှာလည်း သူငယ်ချင်းတွေနဲ့ အပျော်လာလေ့ရှိသည့် လန်ဒန်မြို့ကြီးရဲ့ ခရစ္စမတ်အလှတရားတွေက ရိုင်းမ်အတွက်တော့ စိမ်းသက်မနေတော့ပေမဲ့ ဘေးတိုက်မြင်နေရသည့် ကိုကို့မေးရိုးနဲ့မျက်နှာကျကတော့ ရိုင်းမ်ရဲ့ရင်ခုန်နှုန်းကိုမြန်စေပြီး စိတ်လှုပ်ရှားမှုကိုပေးနေတာမို့ ရိုင်းမ်အကြည့်တွေက ထိုနားမှသာတဝဲလည်လည်..."ရှေ့ကိုကြည့်လျှောက်လေ ရိုင်းမ်လေးရယ်၊ကိုကို့ကိုက အိမ်ရောက်မှအဝကြည့်၊ဒီလိုနဲ့ ချော်လဲဦးမယ်ကွာ"
"ဟွန့် ခိုးကြည့်ပါတယ်ဆို ကိုကိုကသိသွားရပြန်ပြီလား"
"အဟား ဘေဘီခိုးကြည့်တာက မျက်လုံးတွေကျွတ်ပြီး ကိုကို့ဆီမှာ လာကပ်တော့မလိုပဲကွာ"
"လူမိသွားတော့လည်း ရှက်မနေတော့ပါဘူး၊ကိုယ့်ကိုကိုမို့ ကိုယ်ကြည့်တာ ဘာဖြစ်လဲနော်
ရိုင်းမ်က ကြည့်ခွင့်ရှိတာပဲဟာ၊ အဲ့တော့ ဘေဘီက ကိုကို့ကို ကြည့်မယ်၊ ကိုကိုက ဘေဘီချော်မလဲအောင် လက်ကိုမလွှတ်တမ်းဆွဲရင်း ဂရုစိုက်ပေးပေါ့ ဟုတ်ဘူးလား"
![](https://img.wattpad.com/cover/356118629-288-k854263.jpg)