Part28

2.1K 281 19
                                    

ရိုင်းမ်အတွက်တော့ ကိုယ်ဝန်ဆောင်တစ်ယောက်အဖြစ် ၉လနေရင်ခြင်းက လုပ်ချင်တာတွေ ဂျီကျရင်း၊ပူဆာရင်းနဲ့ပဲ ပျော်နေရတာမျိုးတော့မဟုတ်။
အမျိုးသမီးတွေလို ဖောင်းကားနေတဲ့ ဗိုက်မျိုးမဟုတ်ပေမဲ့ အတော်အသင့်ပူပြီး ​လေးပင်နေတဲ့ဗိုက်ကိုသယ်ရင်း သွားရလာရ မလွယ်ကူခြင်းတွေကို ၈လကျော်မှာ ပို'ပိုပြီးခံစားလာရသည်။
ခြေဆစ်လေးတွေ၊ခြေဖမိုးလေးတွေကပါ မို့ဖောင်းနေပြီး အမည်တပ်မရသော ကိုက်ခဲခြင်းတွေလည်းခံရသေး၏။ကိုကိုနဲ့ဒယ်ဒီကလည်း အရင်ကထက် အဆများစွာဂရုစိုက်ပေးနေသလို ရန်ကုန်ကမိသားစုကလည်း နေ့စဉ်ဖုန်းပြောရင်း အဖော်လုပ်ပေးကြသည်။
ဆရာဝန်သတ်မှတ်ပေးထားတဲ့ ရက်မတိုင်ခင် မေမေနဲ့ဘွားဘွားက ဒီကိုလိုက်လာမှာဖြစ်ပြီး ရိုင်းမ်မွေးပြီး ကလေးနဲ့အသားကျသည်အထိ အဖော်လုပ်ပေးမယ်ဆိုတာကြောင့်လည်း ပိုအားတက်ရတာအမှန်။

တစိမ့်စိမ့်ရွာနေတဲ့ မိုးကို မှန်ပြတင်းကနေကြည့်ရင်း ရိုင်းမ်တစ်ယောက် ပျင်းရိလို့လာသည်။မိုးအေးလို့ထင်ပ၊ဂျိုဝီတစ်ကောင်ဟာလည်း အခန်းထောင့်က သူ့အိပ်ယာလေးထဲမှာ ကွေးလို့နေ၏။ဖွင့်လက်စရေဒီယိုကို လိုင်းပြောင်းလိုက်တော့ နှုတ်ခမ်းတို့မှာ အပြုံးတို့တွဲခိုသွားရခြင်းသည် 'ကျွန်တော် နိုင်းလ်မြင်းမိုရ်ပါ'ဆိုတဲ့ ကြည်လင်ပြတ်သားသောအသံကို ကြားလိုက်ရသောကြောင့်ပင်။
တိုက်ရိုက်အစီအစဉ်မဟုတ်လို့ ကိုကိုအသံသွင်းခဲ့တာကို ပြန်လွှင့်နေတာဖြစ်လိမ့်မည်။ဆွေးနွေးရေးအစီအစဉ်တစ်ခုမှာ ကိုကိုက ဧည့်သည်အဖြစ် ဝင်ရောက်ဆွေးနွေးပေးတာမျိုးမို့ ကိုကို့ရဲ့ တစ်ဖက်လူစိတ်ဝင်စားအောင် ဆွဲခေါ်နိုင်၊ပြောနိုင်တဲ့ စကားပညာတွေကို ရိုင်းမ် နားထောင်နေရ၏။ အရင်လို တင်ဆက်သူမဟုတ်တော့ဘဲ ရာထူးကြီးသွားတဲ့ ကိုကို့အသံကို ရေဒီယိုမှာ အမြဲကြားရဖို့မလွယ်တာကြောင့် ခုလိုကြားရချိန်လေးကိုပဲ ရိုင်းမ်မှာ နားထောင်လို့မဝ။

"အာ့ ကျွတ် ကျွတ်...ဒယ်ဒီ့အသံကြားလို့လား သမီးရယ်၊ဖြည်းဖြည်းလှုပ်ပါ အချစ်ကလေးရဲ့"

ရေဒီယိုက ကိုကို့အသံကြားတာနဲ့ ဗိုက်ထဲမှာပတ်ပြေးနေလားထင်ရတဲ့ သမီးကြောင့် ရိုင်းမ်မှာ လှုပ်နေတဲ့ဗိုက်လေးကိုထိန်းကိုင်ထားရသေး၏။ဘယ်သူနဲ့တူလို့များ ကိုကို့ကို ဒီလောက်ချစ်နေရတာလဲလို့ မေးပြန်ရင်လည်း ရိုင်းမ်နဲ့တူလို့ပေါ့လို့ ကိုကိုက ပြန်ဖြေလိမ့်ဦးမည်။တကယ်ကိုပဲ သမီးက ရိုင်းမ်နဲ့တူလို့ ဗိုက်ထဲမှာကတည်းက ဖေချစ်ကလေးဖြစ်နေလားမသိ။

Melophile(Complete)Opowieści tętniące życiem. Odkryj je teraz