Part19

2.2K 282 23
                                    

"မလဲ့ရည် ဒါလေးကဘယ်သူလေးတုန်း၊ချောပြီးချစ်စရာကောင်းလိုက်တာနော်"

မှန်ကောင်တာမှာထိုင်နေရင်း စျေးထဲကမိတ်ဆွေအသိတွေ တစ်ယောက်ပြီးတစ်ယောက်ရဲ့ တစ်ထပ်တည်းတူသည့် ထိုစကားကို ရယ်လျက်သားတုံ့ပြန်နေရတာ ဘယ်နှစ်ကြိမ်လဲတောင်မသိတော့။
ဘေးနားမှာ ကော်ပတ်ရုပ်လေးလိုထိုင်နေသည့် ကလေးကလား ထိုသို့လာပြောကြတိုင်း တဟီးဟီးရယ်ပြရင်း ကိုယ့်ကိုကြည့်လာတတ်သေးသည်။
ဒီကလေးက မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ ဆုတောင်းကောင်းနဲ့ပြည့်လာတဲ့ကလေးဆိုတာ ကိုယ်တိုင်တွေ့လိုက်ရပြီး လက်ခံခဲ့ရသလို အခုလိုဘေးလူတွေအမြင်ကြောင့်လည်း ပိုလက်ခံရပြန်သည်။

"သားသမက်လေးပါရှင်၊ ကျွန်မသားနဲ့လက်ထပ်မဲ့ကလေးပါ။အင်္ဂလန်၊အောက်စဖို့ဒ်ကပေါ့
အခုက သားနဲ့အတူအလည်လိုက်လာတာ"

ဒေါ်လဲ့ရည် ဒီလိုဖြေတိုင်း မေးမြန်းကြသည့်အမျိုးသမီးတွေက အံ့ဩသွားကြပေမဲ့ ကျင့်ဝတ်နားလည်စွာ အပိုမမေးမြန်းဘဲ တခြားစကားများဆက်လေ့ရှိသည်။
မေးလာရင်လည်း အမှန်အတိုင်းဖြေရုံကလွဲ တခြားဘာမှမရှိပါဘူး။သားနဲ့ပတ်သက်ပြီး အရာအားလုံးကိုလက်ခံပြီးသလို ရိုင်းမ်လေးကိုလည်း တကယ်ချစ်သည်မို့ မိသားစုဝင်တစ်ယောက်လို့ သတ်မှတ်ထားနိုင်နေပြီ၊ဒါကြောင့်ပဲ ဘေးလူတွေစကားကို ဥပေက္ခာပြုလို့ နေနိုင်လေပြီ။

"မေမေ့ကြောင့် ရိုင်းမ်အရမ်းပျော်နေရပြီ၊ဘယ်သူလာလာ သားသမက်လေး၊သားလေးလို့ မိတ်ဆက်ပေးနေတော့ ရိုင်းမ်အရမ်းပျော်ရတာပဲ
ကျေးဇူးနော် မေမေ၊ရိုင်းမ်ကိုလက်ခံပေးလို့"

ဆံပင်ခွေခွေလေးတွေကို တစ်ဝက်စီးထားပြီး အပူချိန်ကြောင့် ပါးလေးတွေရဲနေသည့်ကောင်လေးကို အပြင်မှာတွေ့တာ ရက်ပိုင်းလေးရှိသေးပေမဲ့ သားနဲ့မခြား ချစ်ပေးနိုင်ပါသည်။
မျက်နှာလေးတင်မက မျက်လုံးလေးတွေပါပြုံးနေသည့်ကောင်လေးက အားလုံးနဲ့အဆင်ပြေအောင် ပေါင်းသင်းနိုင်သလို အမေဒေါ်ခင်အေးဟန်နဲ့ပါ လေ​ဘေးအလွန်တည့်သည်။နိုင်းလ်တို့ရဲ့ ဦးလေးနဲ့ဒေါ်လေးမိသားစုတွေစုံပြီး အိမ်မှာနေ့လည်စာစားကြတော့လည်း နိုင်းလ်ထက်ပင် ဒီကလေးက ပိုပြီးရင်းနှီးပြသေးသည်။ဟိုကျေးဇူးရှင်လေးကတော့ သူ့ပုံစံအတိုင်း အေးတိအေးစက်နဲ့သာ အပိုအလိုမပြောနဲ့  လုပ်ချင်ရာလုပ်တာဖြစ်သည်။

Melophile(Complete)Where stories live. Discover now