Part22

2.2K 274 35
                                    

တလက်လက်တောက်နေသော လက်စွပ်ဝတ်ထားသည့်လက်ကို မြှောက်ပြထားရင်း မြတ်မြတ်နိုးနိုးနမ်းနေကြသည့် စုံတွဲပုံက ရိုင်းမ်ရဲ့အင်စတာဂရမ်မှတဆင့် ကမ္ဘာအနှံ့မှာရှိတဲ့ မိတ်ဆွေသူငယ်ချင်းတွေဆီကို ပျံ့နှံ့လို့သွားခဲ့သည်။
ရိုင်းမ်သည်လည်း သူ၏ဖခင်အပါအဝင် ရှိရှိသမျှသမျှဆွေမျိုး၊သူငယ်ချင်းတွေကို video callခေါ်ရင်း ကြွားလို့မပြီး၊လီနွန်ဆို ရိုင်းမ်ကို တမင်တကာကို blockလုပ်သွားသေးသည်။အကြောင်းကတော့ ရိုင်းမ်တစ်ယောက် ကိုကိုကလေအစချီကကြွားလာသော စကားတွေကို မခံစားနိုင်တော့တာကြောင့်ပင်။

အဝေးကလူတွေတင် အကြွားခံရတာတော့မဟုတ်၊အဲဒီနေ့က အိမ်ပြန်ရောက်ရောက်ချင်း ဘုရားရှိခိုးနေသော ဘွားဘွားကို အပြေးအော်ခေါ်ရင်း ဘုရားခန်းထဲအထိ သွားကြွားတာပင်။
ဘာအကြောင်းရယ် သေချာမသိပေမဲ့ ရိုင်းမ်ရဲ့ 'ဘွားဘွားရေ'အော်သံတဆာဆာမှာ မြတ်ကြည်ကလည်း သံပုရာခွက်ကို အဆင်သင့်ကိုင်ပြီး ဘုရားခန်းထဲလိုက်လာသည်မို့ အားလုံးမှာ ငိုအားထက်ရယ်အားသန်ဖြစ်ကြရသေး၏။

ဒီလိုနဲ့ ရိုင်းမ်တို့ပြန်ရမဲ့ရက်ကို ရောက်လာခဲ့သည်။မေမေကတော့ ဒီမှာနေစဉ် ရိုင်းမ်ကြိုက်သွားသည့် စားစရာတွေကို သေချာကြော်လှော်ပြီး အသေသပ်ဆုံးထည့်ပေးသည်။
ဘာမှမပြောပေမဲ့ မျက်နှာမကောင်းသည့် ဘွားဘွားက မပြန်ခင်ည ကိုကိုနဲ့ရိုင်းမ် ကန်တော့သည့်အချိန်တွင်တော့ မျက်ရည်အဝဲသားနဲ့ ဆုပေးရှာသည်။
ကိုကိုကတော့ ရယ်စရာတွေပြောရင်း ဘွားဘွားကိုစနောက်နေပေမဲ့ ကိုကို့လိုအသည်းမမာတဲ့ ရိုင်းမ်ကတော့ ဘွားဘွားကိုဖက်ပြီး ငိုမိတာပါပဲ။
ဒီလိုနဲ့ပဲ ကိုကို့မှာ ဘွားဘွားကိုရောရိုင်းမ်ကိုပါ အငိုတိတ်အောင် ချော့ရရှာတော့တယ်။

ကျန်ခဲ့ရသူတွေနဲ့ ချန်ခဲ့သူတွေမှာ ကျန်ခဲ့သူတွေက ပိုလွမ်းရတာလည်း ထုံးစံပါပဲ။
အောက်စဖို့ဒ်ကိုပြန်ရောက်လာတဲ့ ရိုင်းမ်တို့က အဆင်သင့်စောင့်ကြိုနေတဲ့ အလုပ်ကိုယ်စီနဲ့ အလုပ်ရှုပ်နေကြတာမို့ လွမ်းတဲ့စိတ်ကရှိပေမဲ့ အလုပ်တွေက လွှမ်းမိုးခြင်းကိုခံလိုက်ရတာပင်။
ရန်ကုန်မှာကျန်နေခဲ့တဲ့ ဘွားဘွားတို့ကတော့ တစ်လနီးပါးလွှမ်းမိုးနေခဲ့တဲ့ အရိပ်ကလေးတွေ ရုတ်တရက်ပျောက်သွားတာမို့ လွမ်းလို့မဆုံးနိုင် ဖြစ်ကြရပြီး ဘွားဘွားဆို နေမကောင်းပါဖြစ်သည်အထိ လွမ်းဖျား ဖျားသွားရှာသေးသည်။ရိုင်းမ်ကတော့ မင်္ဂလာပွဲလာဖို့ အားရှိအောင်လုပ်ထားပါဦးဆိုပြီးသာ ဘွားဘွားကို နေကောင်းအောင် လုပ်ခိုင်းတော့တာပါပဲ။ဘွားဘွားကလည်း မျက်စောင်းသာခဲနေပေမဲ့ ရိုင်းမ်စကားကိုတော့ သဘောတကျနဲ့ပြုံးနေတာမျိုး။

Melophile(Complete)Where stories live. Discover now