09 (unicode)

7.4K 1K 75
                                    

ရိပေါ် အခန်းထဲပြန်ရောက်လာတော့ Ryuကခေါင်းမှောက်ရက်သား။ အိပ်နေတာပဲထင်တယ်။ သူနဲ့Ryuဆိုတာ အဲ့လိုပဲ။ စာသင်သင် မသင်သင် အိပ်ချင်စိတ်ပေါ်လာရင် ထိုးအိပ်ပစ်လိုက်တာပဲ။

“ ရိပေါ် ... စာအုပ်လိုက်ပို့ပေးတာ ကြာလိုက်တာ ”

သူထိုင်ခုံမှာဝင်ထိုင်ပြီး လက်ဆစ်ကပလာစတာကိုကြည့်နေတုန်း Ryuကနိုးလာတယ်။ အိပ်ချင်မူးတူးနဲ့ စကားတွေပြောလာရင်းက‌နေ အကြည့်က လက်ခုံက ပလာစတာဆီရောက်လာတော့ ရိပေါ်ဘာရယ်မဟုတ်ပဲ ချောင်းတစ်ချက်ဟန့်လိုက်ပြီး လက်နှစ်ဖက်လုံးကို ခုံအောက်ထဲထိုးထည့်ပစ်လိုက်တယ်။

ဘယ်လောက်ရန်ဖြစ်ဖြစ် ဘယ်လောက်ပဲဒဏ်ရာတွေရရ ဆေးမထည့် ပလာစတာမကပ်တတ်တဲ့သူ့အကြောင်း Ryuကအသိဆုံးပဲဖြစ်တယ်။

“ ဆရာရှောင်း အရစ်ရှည်နေလို့ ”

ရိပေါ်က ပျင်းရိပျင်းတွဲအမူအယာလေးနဲ့ပြောလိုက်ရတယ်။ ပြောပြီးတော့လည်း ဘေးက Ryuကိုမသိမသာကြည့်ပြီး ယုံရဲ့လားဆိုတာ စစ်ဆေးရသေးတယ်။

“ ဆူ‌နေတာလား ”

“ ဆူတယ်လို့လည်း မဟုတ်ပါဘူး။ ဒီလိုပဲ ”

Ryuက ယုံသွားတာလား မယုံတာလား သေချာဝေခွဲလို့မရတဲ့ မျက်နှာထားလေးနဲ့ ခေါင်းငြိမ့်တယ်။ ဘာမှတော့ထပ်မမေးလာတော့ဘူး။ ရင်ဖိုစရာလည်းမပါပါပဲနဲ့ အဲ့ဒီခဏမှာ ရိပေါ်က သက်ပြင်းကိုရှိုက်လိုက်မိတယ်။ မဟုတ်တာလုပ်ထားတဲ့ကလေးတစ်ယောက်လိုမျိုး ဒီခံစားချက်က ထူးဆန်းနေတယ်။

“ ပြောစရာရှိလို့လား မင်းက ”

“ အေး။ ကျောင်းစောင့်တစ်ယောက် အလုပ်ထွက်သွားရတယ်တဲ့။ ‌ငါအိမ်သာသွားရင်း ဆရာတွေပြောတာ ကြားခဲ့တာ ”

“ အာာ အလုပ်ထွက်တာကိုအထူးအဆန်းလုပ်လို့ မင်းကလည်း ”

“ မနေ့က တံခါးပိတ်ရတဲ့တာဝန်က အဲ့ဒီထွက်သွားတဲ့လူတာဝန်ကျတာတဲ့။ အဲ့ဒါ မထူးဆန်းဘူးလား ”

ရိပေါ်က Ryuစကားကြားတော့ တွေခနဲဖြစ်သွားရတယ်။ ထွက်သွားရတာ သူနဲ့သက်ဆိုင်နေတယ်လို့ Ryuကဆိုလိုချင်နေသလိုမျိုး။ ဒါပေမယ့် အဲ့လောက်ထိ ကိုယ့်ကိုကိုယ် အရာရောက်တယ်လို့လည်း ရိပေါ်ကမခံစားရဘူး။

M A Z EWhere stories live. Discover now