23 (unicode)

6.6K 896 53
                                    

ကလေးတစ်ယောက်နဲ့အတူ ညနေအချိန်ကုန်လွန်လိုက်တော့ ရှောင်းကျန့်ရဲ့အိမ်ပြန်ချိန်က ပုံမှန်ထက်ပိုပြီးနောက်ကျသွားလေတယ်။ သူကျောင်းကပြန်လာချိန်တိုင်း အဖေကဧည့်ခန်းထဲမှာ ဝိုင်တစ်ခွက်နဲ့အနားယူနေတတ်တော့ အပိုအလုပ်ဆိုတာသိသော်ငြားလည်း အိမ်ထဲကိုဝင်တဲ့အချိန်မှာ ခြေထောက်ကိုဖော့လျှောက်လိုက်မိတယ်။ အဖေ့ဆီကအဆူမခံနိုင်ပါ။ အဖေဆူရင် ဘယ်ပြေးပုန်းလို့ပုန်းရမယ်မှန်းမသိ ရှောင်းကျန့်ဖြစ်တတ်တယ်။

ဒါပေမယ့် ဧည့်ခန်းထဲမှာရှိနေတာ အဖေမဟုတ်ပဲ အဖေ့ရဲ့အကို Ritsu-Onozuka ဖြစ်နေလေတယ်။ မြင်မြင်ချင်းရှောင်းကျန့်တွေးမိသွားတာက သူနဲ့သိပ်ပြီးမျက်နှာချင်းဆိုင်ဖူးခြင်းမရှိတဲ့ အဖေ့ရဲ့အကိုက ဒီကိုဘာလာလုပ်နေတာလဲ။ ဧကန္တ အလုပ်တွေအကုန်ပြီးသွားလို့ အဖေကသူနဲ့အတူပြန်လိုက်ခဲ့ဖို့ သူ့အကိုကို ရှောင်းကျန့်ကိုအခေါ်လွှတ်လိုက်တာများလား။

" ကျွန်တော်မလိုက်ဘူးနော် ဦးလေး "

" ဟင် ~! ဘာတွေပြောနေတာလဲရှောင်းကျန့်ရယ်။ ပြီးတော့ ဒီလောက်အကြာကြီးဘယ်လျှောက်သွားနေတာလဲ။ လာ ဦးလေးနဲ့ မြန်မြန်လိုက်ခဲ့ "

" အဖေ့ဆီဆိုရင် မလိုက်နိုင်ဘူးနော်ဦးလေး "

အံ့အားသင့်သွားပုံရတဲ့ဦးလေးက သူ့လက်မောင်းကိုကိုင်မလိုလုပ်ပြီးမှ သက်ပြင်းချကာ လက်ပြန်ချသွားလေတယ်။ ရှောင်းကျန့်က နေရာမှာတင်ပေတေတေရပ်ရင်း အသံတိတ်ဆန္ဒပြမိတယ်။ ဒီအိမ်ကနေ တဖဝါးမှ သူမခွာနိုင်ပါ။ ပြီးတော့ ဒီနေရာကနေခွာပြီး နောက်တစ်နေရာကိုလည်း သူမသွားနိုင်ပါ။

" ငါမင်းကိုဘယ်လိုပြောရမလဲ ရှောင်းကျန့်ရယ် "

ဝမ်းနည်းနေတဲ့အသံကိုကြားကာမှ ရှောင်းကျန့်ဦးလေးမျက်နှာကို သေချာစွာကြည့်မိတယ်။ မျက်ခွံနှစ်ဖက်က မို့မောက်နေကာ မျက်သားတွေကလည်း နီရဲနေလေတယ်။ ငိုထားတယ်ဆိုတာ သိပ်ကိုသေချာစေတဲ့မျက်လုံးပုံစံပင်။ အကြိမ်ကြိမ်အခါခါ ပွတ်တိုက်ထားမှုကြောင့် နှာခေါင်းထိပ်ပါနီရဲနေလေတယ်။

မတွေးဝံ့သော မတွေးရဲသောအရာတစ်ခုကို ရှောင်းကျန့်အခုမှတွေးလိုက်မိကာ ထိတ်လန့်သွားရတယ်။ မဖြစ်နိုင်ပါဘူး။ အဖေကအလုပ်ပြီးရင် သူ့ကိုဂျပန်အတူလိုက်ခဲ့ဖို့လာခေါ်မှာ။ အခုလို ရှောင်းကျန့်တွေးလိုက်မိသလိုမျိုး မဟုတ်တဲ့အတွေးတွေထဲကပုံစံက အဖေနဲ့ လားလားမှမသက်ဆိုင်နေပါ။ မော့ကြည့်လာတဲ့ဦးလေးရဲ့ခပ်မှိုင်းမှိုင်းမျက်ဝန်းတွေကို မြင်လိုက်ရပြီးတဲ့နောက် ထပ်ပြောလာမယ့်စကားကိုမကြားရဲတော့တာကြောင့် နောက်ကိုခြေနှစ်လှမ်းဆုတ်မိသွားတယ်။

M A Z EWhere stories live. Discover now