31 (unicode)

7.6K 879 73
                                    

အရာရာပြီးဆုံးသွားပြီလို့ ရှောင်းကျန့်စိတ်ထဲမမှတ်ယူမိပါဘူး။ အခုမှ တကယ်ကိုစတင်တာဖြစ်လိမ့်မယ်။ ပစ္စပ္ပုန်နဲ့နောင်အနာဂတ်တွေထိ ရှောင်းကျန့်ရဲ့ဆန္ဒတွေအားလုံးက ဝမ်ရိပေါ်ဆီမှာသာအခြေတည်လေတယ်။ ဒီကောင်လေးသာ သူ့အနားရှိနေရင် တစ်ယောက်တည်းလျှောက်နေခဲ့ရတဲ့ခရီးက အစိုပြေဆုံးဖြစ်သွားလိမ့်မယ်လို့ ရှောင်းကျန့်ကယုံကြည်တယ်။

အတွေးတွေနဲ့အတူ ဘေးကကောင်လေးရဲ့လက်ကို ဆုပ်ကိုင်ပစ်လိုက်တော့တာပါပဲ။ အကဲခတ်သလိုကြည့်နေတဲ့ ဝမ်ရဲမှူးရဲ့အကြည့်တွေကို ရှောင်းကျန့်က တတ်နိုင်သလောက်ရှောင်ရှားပါတယ်။ အဖေကြည့်နေမှန်းသိရက်နဲ့တောင် ဝမ်ရိပေါ်ကလည်း သူ့လက်ထဲကနေ ရုန်းကန်ခြင်းမရှိတာမို့ ကျေနပ်ပြုံးပြုံးရပါသေးတယ်။

“ မင်းအဖွဲ့ဝင် အသက်အန္တရာယ်မစိုးရိမ်ရတော့ဘူးလို့ ဆရာဝန်ကပြောတယ်။ ကံကောင်းတာက ကျည်ဆန်က နှလုံးဘေးနေရာကိုထိသွားတာပဲ။ နှလုံးတည့်တည့်သာဆို မင်းအဖွဲ့ဝင်သေပြီ ”

အခုမှပဲ သက်ပြင်းချနိုင်တော့တယ်။ စစ်ဆေးစရာရှိတာတွေကို စစ်ဆေးရေးခံယူနေရတာမို့ ရှောင်းကျန့်က Ichiiနောက်ကို ချက်ချင်းမလိုက်လာနိုင်ခဲ့ပါ။ စစ်ဆေးခံပြီးမှ လိုက်လာတာသာဖြစ်တယ်။ ဒီရောက်တော့ မထင်မှတ်ထားတာက ဝမ်ရိပေါ်အဖေက လူနာစောင့်ပေးနေတာပဲ။ အဖြစ်အပျက်အစအဆုံးကို သူ့လက်အောက်ကရဲတွေဆီက သိပြီးနေသလိုပဲ။ ရှောင်းကျန့်ကိုသာ ခပ်စူးစူးကြည့်နေလေတယ်။ အကြည့်တို့က ဝမ်ရိပေါ်ရဲ့အကြည့်အတိုင်း။

“ ငါ့သားကိုစောင့်ရှောက်ပေးထားတဲ့သူမို့ ဒီလောက်တော့ ငါပြန်လုပ်ပေးရမယ်ထင်လို့ လူနာလာစောင့်ပေးတာ ”

“ ဟုတ်ကဲ့။ နားလည်ပါတယ် အန်ကယ်လ် ”

ဝမ်ရဲမှူးက ပြောပြီးတာနဲ့ ချောင်းနှစ်ချက်လောက်ဟမ့်ကာ ထိုင်ခုံမှာ ပြန်ထိုင်သွားတယ်။ သူလည်း ရိပေါ်လက်ကိုဆွဲပြီး ခုံမှာဝင်ထိုင်လိုက်ရတယ်။ ‌ပြေးရလွှားရနဲ့ စစ်ဆေးရေးတွေလည်းခံယူထားရတော့ သူတို့လည်းအတော်အသင့်ကို ပင်ပန်းနေလှပါပြီ။

M A Z EWhere stories live. Discover now