28 (unicode)

6K 876 20
                                    

ပြန်လာရင်ဆူပါလို့သေချာအာမခံပြောလိုက်သည့်တိုင် ပါး,ပြန်ရောက်လာမယ့်အချိန်ကို အိမ်မှာထိုင်စောင့်နေရင်း ရိပေါ်စိတ်တို့ကမငြိမ်မသက်။ အိမ်ရောက်တော့ စိတ်ပူစွာမေးလာတဲ့မားရဲ့အမေးတို့ကို ပါးကိုရှောင်းကျန့်ဖြေတဲ့အဖြေအတိုင်း ပြန်ဖြေလိုက်တော့ မားကယုံကြည်သွားကာဘာမှထပ်မမေးလာပေမယ့် သူတစ်ပါးကိုအမြဲစုံစမ်းစစ်ဆေးနေရတဲ့ရဲအလုပ်ကိုပဲ နှစ်ဆွေးတဲ့အထိလုပ်လာတဲ့ပါးကတော့ လွယ်လွယ်နဲ့ယုံကြည်မှာမဟုတ်မှန်း သူ့စိတ်ကအလိုလိုသိနေလေတယ်။

ညကညဉ့်နက်ထားတာရယ် မနက်နိုးတော့လည်း ရှောင်းကျန့်ရဲ့အထိအတွေ့တွေမှာ ကျရှုံးခဲ့ရတာတွေကြောင့် အိပ်ရေးမဝသလိုဖြစ်ကာ အိပ်ချင်စိတ်တွေက‌ တစ်ကိုယ်လုံးအနှံ့စိုးမိုးလာတော့တယ်။ ရှောင်းကျန့်သာ ဂရုတစိုက်နဲ့ဆေးမတိုက်ခဲ့ရင် သူသေချာပေါက်ကို အလွန်အမင်းပင်ပန်းထားတဲ့ဒဏ်တွေကြောင့် ဖျားနာတော့မှာပဲဖြစ်တယ်။

မှေးခနဲအိပ်ပျော်သွားပြီး ပြန်နိုးလာတဲ့အချိန်က မထင်မှတ်ထားစွာပဲ နေ့လည်ဖက်ကိုရောက်ရှိနေလေပြီ။ အခန်းပြင်ထွက်လာလိုက်တော့ ပါးနဲ့မားရဲ့အော်ဟစ်ပြောဆိုနေသံတွေကြားရတယ်။ ငိုသံစွက်နေတဲ့မားအသံတွေက ရိပေါ်ကိုစိုးထိတ်လာစေတာကြောင့် အမြန်သွားကြည့်လိုက်တော့ ဧည့်ခန်းထဲကကြမ်းပြင်မှာပြန့်ကြဲနေတဲ့ဓာတ်ပုံတွေရယ်၊ ဓာတ်ပုံတစ်ပုံကိုကိုင်ပြီး ဆိုဖာပေါ်ထိုင်ကာငိုနေတဲ့မားရယ်၊ မားကိုကြည့်ပြီး မျက်နှာပေါ်ကပူပန်မှုတွေအနည်းငယ်ပျောက်သွားစေအောင် လက်ဖဝါးနဲ့ဖိသုတ်နေတဲ့ပါးရယ်။ ထူးဆန်းနေတဲ့အခြေအနေကို ရိပေါ်က တလုံးတပါဒမျှ နားလည်မနေပါ။

" ပါး ... မား ... ဘာဖြစ်လို့လဲဟင် "

သူ့ဆီကြည့်လာတဲ့ ပါးနဲ့မားရဲ့မျက်ဝန်းတွေထဲမှာ ညှိုးငယ်မှုအပြည့်။ ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ ပါးကခေါင်းလွှဲသွားပေမယ့် မားကတော့ သူရှိရာဆီလျှောက်လာပြီး လက်နှစ်ဖက်ကိုအုပ်ကိုင်လေတယ်။

" အတိတ်ကို ပြန်မှတ်မိသွားတာလား "

" ဘာကိုလဲ မား "

M A Z EWhere stories live. Discover now