29 (unicode)

6.3K 892 20
                                    

ရိပေါ်ကတွေးမိတွေးရာလျှောက်တွေးဖြစ်သည်က ရှေ့ကလူတွေက သူ့ကိုပြန်ပေးဆွဲလာတာသာမှန်ရင် တိုက်ပျက် ဒါမှမဟုတ် အဆောက်အဦးဟောင်းဆီခေါ်သွားလိမ့်မယ်လို့ထင်ခဲ့မိတာ။ ဒါပေမယ့် ရိပေါ်အတွေးတို့နဲ့ခြားနားစွာပဲ ကားအမည်းနှစ်စီးရဲ့ဦးတည်ရာက လူချမ်းသာရပ်ကွက်ရဲ့ တိုက်တန်းတွေဆီကိုဖြစ်နေတယ်။ ခပ်ကျယ်ကျယ်ခြံဝန်းတစ်ခုထဲကို ကားအနက်နှစ်စီးက မောင်းဝင်ပါတယ်။ ဟိုတစ်နေရာ ဒီတစ်နေရာရှိနေတဲ့ လူတွေကလည်း အစောင့်တွေဖြစ်ဟန်တူတယ်။ လက်နက်တွေကိုင်ထားကြကာ ငြိမ်ငြိမ်မနေပဲ ဟိုဟိုဒီဒီလျှောက်နေကြလေတယ်။

" အထဲရောက်ရင် စကားသိပ်မများနဲ့။ ပြောသမျှကို နားထောင်နေရင် ပိုကောင်းမယ် "

သူ့ကိုလက်မောင်းရင်းကနေကိုင်ပြီး ကားပေါ်ကဆင်းခိုင်းတဲ့အချိန်မှာ Ichiiက နားနားကပ်ပြောလာတာပဲဖြစ်တယ်။ အသံခပ်အုပ်အုပ်က ဘေးလူတွေကိုမကြားစေချင်ဟန် စိတ်ပူရိပ်စွက်နေလေတယ်။ ရိပေါ်ပဲအထင်မှားတာလားမသိပေမယ့် Ichiiက သူ့ကိုကြည့်ကာ ခေါင်းတစ်ချက်ငြိမ့်ပြတယ်။ ဒါပေမယ့် အဲ့ဒီခေါင်းကဘာလို့ငြိမ့်ပြတာလဲဆိုတာ ရိပေါ်ကသေချာမသိချေ။

နောက်တော့ Ichiiနဲ့သူကဘေးချင်းယှဉ်လျှောက်ကာ တခြားလူတွေကတော့ သူတို့နောက်ကနေလိုက်ကြတယ်။ သူ့ကိုချုပ်နှောင်ခြင်းမရှိပဲခေါ်လာပုံက အန္တရာယ်မပေးဘူးဆိုတာကို သိသိသာသာဖော်ပြချင်နေသလို။ အိမ်ထဲရောက်တော့ မျက်စိကစားကြည့်တဲ့အချိန် တန်ဖိုးကြီးပစ္စည်းတော်တော်များများကို အဆောင်အယောင်အဖြစ် ဆင်ယင်ထားပုံကိုတွေ့ရတယ်။ ကြည့်ရတာတော့ ဒီတိုက်ပိုင်ရှင်က ပစ္စည်းဥစ္စာကို တော်တော်မက်မောတဲ့ပုံပင်။ အိမ်ရဲ့ထောင့်တွေမှာထားထားတဲ့ တန်ဖိုးကြီးပန်းအိုးတွေနဲ့ ပန်းတွေကိုမြင်ရတော့ ရိပေါ်က တစ်ကိုယ်တည်းကြားရုံ အာမေဋိတ်လေးထွက်သွားမိတယ်။ ဒါတွေရဲ့ဈေးက ခန့်မှန်းလို့တောင်မရနိုင်ပါ။

အိမ်ပိုင်ရှင်က သောက်ကျိုးနည်းကို ချမ်းသာတဲ့ပုံပင်။

" ရောက်လာကြပြီပေါ့ "

အသံကိုသာကြားပြီး လူကိုတော့မမြင်ရသေးပါချေ။ အပေါ်ကလိုလိုထင်ရတာမို့ ရိပေါ်မော့ကြည့်လိုက်တော့ ထင်တဲ့အတိုင်းပါပဲ လှေကားထိပ်မှာ လက်ရန်းကိုကိုင်ကာလူတစ်ယောက်ရပ်နေလေတယ်။ ပြီးတော့ တစ်လှမ်းချင်းစီဆင်းလာတယ်။ အဲ့ဒီတစ်လှမ်းက အရမ်းကိုမှနှေးကွေးလွန်းတာကြောင့် ရိပေါ်ကကျစ်ခနဲစုတ်သပ်မိတော့ Ichiiကလှည့်ကြည့်တယ်။ သူ့ဆရာသမားကိုမထီမဲ့မြင်မပြုနဲ့လို့ပြောချင်နေ‌သယောင်မျက်ဝန်းတို့က ရိပေါ်မျက်နှာမှာအခြေတည်ပါတယ်။ ဘာမထီဟန်လေးနဲ့ ဘာလဲဆိုပြီးမျက်ခုံးပင့်ပြလိုက်တော့ ဒီတစ်ခါစုတ်သပ်ရသူက Ichiiဖြစ်သွားတယ်။

M A Z EΌπου ζουν οι ιστορίες. Ανακάλυψε τώρα