30 (unicode)

6.7K 882 17
                                    

‘မင်းအိမ်ကိုလူလွှတ်စောင့်ကြည့်ထားတယ်၊ ဘာမှမလှုပ်ရှားနဲ့’လို့  ပြောလာလေတော့ ဒီအိမ်အကြောင်း သူ့အပြင် Ichiiသာသိတာမို့ ရှောင်းကျန့်က ချက်ချင်းဆိုသလို ခြောက်ကပ်စွာရယ်မိတော့တယ်။ ယုံကြည်ခြင်းနဲ့နောက်ကျောဓားနဲ့ထိုးခြင်းက အလွှာပါးလေးနဲ့ခြားတယ်ဆိုတာ သေချာသိသွားရသလိုမျိုး။ ယုံကြည်လိုက်တဲ့အချိန် ကိုယ်ယုံကြည်လိုက်တဲ့သူက ထင်သလိုမဟုတ်ပဲ ပြောင်းလဲသွားတတ်ကြလွန်းလို့ ဘယ်သူ့ကိုမှမယုံကြည်ခဲ့ပေမယ့် ဆယ်နှစ်ကြာသူ့အနားအမြဲရှိနေခဲ့တဲ့ Ichiiကိုတော့ သူကယုံကြည်မိခဲ့တယ်။

အလုံးစုံပစ်ယုံခြင်းမျိုးမဟုတ်ပေမယ့် Ichiiကသူအယုံကြည်ရဆုံးအဖွဲ့ဝင်ပဲ။ သူ့ကိုသူလျှိုလုပ်နေခဲ့ပါလားဆိုတဲ့အမှန်တရားတစ်ခုက အထိနာပြီး ခံရခက်ပေမယ့် အဲ့ဒီခံစားချက်ကြီးကို အခုချိန်မှာ ခပ်ကြာကြာလည်းမထွေးပွေ့ထားနိုင်ပါ။ လုပ်စရာရှိတာတော့လုပ်ရဦးမှာမို့ အိပ်ခန်းထဲဝင်ကာ အံဆွဲထဲမှာထည့်ထားတဲ့ အလုပ်အတွက်သီးသန့်ထားထားတဲ့ဖုန်းကိုထုတ်လိုက်တယ်။

ဒီဖုန်းက အထူးဟက်ကာကာကွယ်နည်းတစ်မျိုးကို ကြားခံနယ်အဖြစ်သုံးထားတာမို့ အခုနေ သူ့ဖုန်းကိုလာဟက်ပြီး ဖုန်းမှတ်တမ်းတွေခိုးနားထောင်နေရင်တောင် ရှောင်းကျန့်ကနည်းနည်းလေးမှမတုန်လှုပ်ပါ။ ဘာလို့ဆို ဒီဖုန်းထဲကနေ အသုံးဝင်တာ ဘာတစ်ခုမှမရနိုင်မှာမို့လို့ပဲ။

စောင့်ကြည့်နေရုံနဲ့ ရှောင်းကျန့်ကဘာမှမလုပ်နိုင်တော့ဘူးလို့ အဲ့ဒီလူတွေးထားတယ်ဆိုရင် သေချာပေါက်ကို ဉာဏ်တိမ်လှချည်လားလို့ ရှောင်းကျန့်ကခနဲ့ပစ်ရတော့မှာပဲ။ အဖေဦးစီးခဲ့တဲ့ဂိုဏ်းကို ဒီ့ထက်ပိုအောင်မြင်စေချင်တဲ့ရှောင်းကျန့်က နိုင်ငံအနှံ့ခြေဆန့်ပြီး လုပ်နိုင်တဲ့အရာမှန်သမျှအကုန်လုပ်ခဲ့တာ။ အဲ့အတွက် ရင်းခဲ့ရတာကသူ့ရဲ့ငယ်ရွယ်မှုတွေနဲ့သူ့ရဲ့ပင်ပန်းမှုတွေ။ ပြန်ရလာတဲ့အရာတွေက မထင်မှတ်ထားလောက်စရာအောင်မြင်မှုတွေဆိုပေမယ့် သူကအဲ့ဒီအရာတွေကိုမက်မောမနေပါ။ တန်ဖိုးထားရတဲ့သူရဲ့အသက်နဲ့ အလဲအလှယ်လုပ်ပြီး ပေးလို့ပြောလာခဲ့ရင်ချက်ချင်းထုတ်ပေးလိုက်နိုင်ပေမယ့် ရှောင်းကျန့်က လွယ်လွယ်ကူကူတော့ထုတ်မပေးလိုက်ချင်။

M A Z EWhere stories live. Discover now