"ကို ရွှေဖူး လှရဲ့လားဟင်"
ဘော်ကြယ်စေ့လေးများနှင့်ပုလဲလုံးလေးများဖြင့်လှပေသသပ်စွာ ချုပ်ထားသည့် မင်္ဂလာဝတ်စုံ အဖြူရောင်ဂါဝန်လေးအား ဝတ်ဆင်ထားသည့် ရွှေဖူးလွှာ ဆိုသည့် ချစ်သူကောင်မလေးအား အတန်ကြာအောင် သူ ငေးကြည့်နေမိသည်။
လှတယ် မင်း သိပ်လှတယ် ရွှေဖူး။
ဒီသိပ်လှတဲ့ကောင်မလေးဟာ များမကြာခင် ရက်ပိုင်းမှာ ကျွန်တော့်အိမ်ရှင်မလေးဖြစ်လာတော့မှာ။"အရမ်းလှတယ်ရွှေဖူး။ရွှေဖူးနဲ့လည်းလိုက်တယ် ကိုယ်တော့ ခုချက်ချင်းတောင် မင်္ဂလာဆောင်ချင်သွားပြီ"
အပ်ထားသည့်အထည်အား မင်္ဂလာပွဲရက်မတိုင်ခင် ငါးရက်ခန့်အလိုကပင် ကြိုတင်ကာဝတ်ကြည့်ကြရခြင်းဖြစ်သည်။
"ကိုကလည်း စကားတတ်လိုက်တာ"
သဘောကျဟန်ဖြင့် မူနွဲ့နွဲ့စကားဆိုလေသည်။
"ကိုရော ဝတ်ကြည့်ပြီးပြီလား"
"အင်း ဝတ်ကြည့်ပြီးပြီ Fitဖြစ်ပါတယ်"
"အင်း ဒါဆို ရွှေဖူး နောက်တစ်စုံဝတ်ကြည့်လိုက်ဦးမယ် ခဏစောင့်ဦးနော် ကို"
"အင်း"
အဖြူရောင်ဂါဝန်လေးကို ပင့်မကာ အဝတ်အစားလဲခန်းထဲသို့ ပြန်ဝင်သွားလေသည်။ခဏအကြာတွင် မြန်မာဝတ်စုံ ထိုင်မသိမ်း ဆင်စွယ်ရောင်လေးနှင့် ထွက်လာပြန်သည်။လှရက်ပါပေ့ ရွှေဖူးလွှာရယ်။ဘိုဆန်ဆန်အဖြူရောင်ဂါဝန်လေးနှင့်လည်း လှသလို၊ယခု မြန်မာဝတ်စုံထိုင်မသိမ်းလေးနှင့်လည်း လိုက်ဖက်ကာ လှပလွန်းလှပါသည်။ယမင်းရုပ်ကေလးနှယ် လှပနေသည့် ရွှေဖူးလွှာအား သူ အံ့ဩမှင်တက်စွာပင် ငေးကြည့်နေမိသည်။
"ကို ထိုင်မသိမ်းနဲ့ရော လှရဲ့လားဟင်"
သူ မျက်နှာလေးတွင် လှပသောအပြုံးလေးဆင်ကာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူမထံမှကျေနပ်ပြုံးလေး ပြန်ရလေသည်။ပြီးေနာက် သူမသည်အဝတ်အစားလဲခန်းထဲသို့ ပြန်ဝင်သွားလေသည်။
ရွှေဖူးလွှာဆိုသည့်မိန်းကလေးနှင့် ကျောင်းပြီး၍ အလုပ်ဝင်သည့်အခါမှသာ တွေ့ဆုံခဲ့ရခြင်းဖြစ်သည်။လူကြီးမိဘများ၏ စေ့စပ်ပေးမှုနှင့် လူချင်းတွေ့ဆုံကာ ရင်းနှီးခဲ့ကြရသည်။တစ်ယောက်နှင့် တစ်ယောက်ရင်းနှီးမှု ယူနေချိန်တွင် ချစ်သူမက၊သူငယ်ချင်းမကဖြစ်ခဲ့ကြသည်။
YOU ARE READING
ဟိုဘက်အိမ်ကကောင်လေး
Romanceသူမနဲ့ချစ်သည်ဖြစ်စေ၊ သူနဲ့ချစ်သည်ဖြစ်စေ၊ ကျွန်တော်ကိုယ်တိုင်ပျော်ဝင်စီးဆင်းနေတဲ့ အချစ်ဟာ ကျွန်တော်ကို ပျော်ရွှင်စေရင် အဲဒီ့အချစ်ဟာ ချစ်ပါပဲ။