"ဒီနေ့ည ဒီမှာပဲ အိပ်ပေးပါလား"
ထမင်းစားသောက်ပြီး၍ အိမ်သို့ပြန်မည်အပြုတိုးလျလျပြောလာသည့် စကားသံလေးက ရင်ထဲသို့ စူးနစ်ဝင်လာသောကြောင့် ငြိမ်သက်နေသောရင်သည် တဒုတ်ဒုတ်ခုန်လာရလေသည်။သူ မျှော်လင့်မထားမိတဲ့ စကားကြောင့် အံ့ဩမှင်တက်မိရပြန်သည်။
ဘာလို့ အိပ်ဖို့ အကူအညီတောင်းသလဲဆိုတာ မြတ်မင်းထင် သိပါသည်။ဘေးအိမ်က အဘိုးကြီး သေသွားသောကြောာင့်ကြောက်၍ ဖြစ်သည်။ခုချိန် ဘေးအိမ်ကအဘိုးကြီးကိုသာ ပြေး၍ကန်တော့ချင်လာသည်။
"ဖေဖေ အိပ်မှာမလားဟင်"
မျှော်လင့်တကြီးမေးလာသည့် သားပေါက်လေးကြောင့် သူ အိပ်ဖို့ခေါင်းအတွင်တွင်ညိတ်လိုက်မိသည်။
"အင်း အင်း အိပ်မှာပေါ့သားရဲ့"
သူ တွင်တွင်ခါခါပင် ခေါင်းထပ်ညိတ်မိသည်ထင်သည်။ဒီကောင်လေးနဲ့ ပတ်သတ်လာရင် သူက ပုတ်သင်ညိုပါ။သူ ဘာပြောပြော ခေါင်းညိတ်ချင်တာ။သို့သော်ပုတ်သင်ညိုလိုတော့ အရောင်မပြောင်းတတ်။
"ဖေဖေ"
"ဗျာ"
"သားတို့ မနက်ကသွားတဲ့ ကျုံးဘက်သွားချင်တယ်"
"ဟာ မှောင်နေပြီလေ သားရဲ့ မနက်ကျမှ ဖေဖေထပ်လိုက်ပို့မယ်နော်"
"ဖေဖေကလည်း ခုသွားချင်တာပါဆို ညဘက် လမ်းလျှောက်ချင်လို့ပါ ဖေဖေရဲ့ နော် ဖေဖေ"
"သားကလည်းကွာ ညဘက်ဆိုတာ လျှောက်သွားဖို့ မသင့်တော်ဘူးကွ မနက်ကျမှ လိုက်ပို့ပေးမယ်လေ နော် သားကလိမ္မာပါတယ်"
"ဟင့်အင်း ခုပဲသွားချင်တာ လိုက်ပို့ပေး လိုက်မပို့ပေးရင် ဖေဖေ့ကိုမချစ်တော့ဘူး"
"အေး အေးပါကွာ ဖေဖေလိုက်ပို့"
"ဟေ့ကောင် သားပေါက် မင်း ဘယ်လိုဖြစ်နေတာလဲ ညကြီးလေ မင်းမသိဘူးလားအလိုလိုက်တာနဲ့ ကမ်းတက်လာတာပဲ သွားခုအိပ်တော့"
သူပင် စကားဆုံးအောင် ပြောခွင့်မရလိုက်။ဒေါသတကြီးနဲ့ ပြောသံလေးကြောင့် သားပေါက်လည်း ငြိမ်ကျသွားလေသည်။
တစ်ခဏအကြာတွင် သားပေါက်သည် မျက်နှာငယ်ဖြင့် အိပ်ခန်းထဲသို့ ဝင်သွားလေတော့သည်။
YOU ARE READING
ဟိုဘက်အိမ်ကကောင်လေး
Romanceသူမနဲ့ချစ်သည်ဖြစ်စေ၊ သူနဲ့ချစ်သည်ဖြစ်စေ၊ ကျွန်တော်ကိုယ်တိုင်ပျော်ဝင်စီးဆင်းနေတဲ့ အချစ်ဟာ ကျွန်တော်ကို ပျော်ရွှင်စေရင် အဲဒီ့အချစ်ဟာ ချစ်ပါပဲ။