ယခုတစ်ပတ် တနင်္ဂနွေနေ့သည်လည်း သူ့ထံသို့ လှပစွာ ရောက်လာပြန်သည်။
"မိုးကုတ်ဝိပဿနာ ၇ရက်တရားစခန်း"ဟူသည့် ဆိုင်းဘုတ်လေးရှေ့ရောက်သည်နှင့် သူတို့စီးလာသည့် ဆိုင်ကယ်လေးအား တဖြည်းဖြည်း အရှိန်လျှော့ကာ စက်ရပ်လိုက်လေသည်။ပြီးနောက် ဆိုင်ကယ်ပေါ်မှ ဆင်းလိုက်သည်။
ဒီနေ့က မေမေတရားစခန်း ၇ရက်ပြည့်တဲ့နေ့မို့ မေမေ့ကို လာကြိုရတာဖြစ်သည်။အသင့်ခေါ်လာသည့် အိုးဝေမောင်းနှင်သည့် ဦးလေးကြီးအား စောင့်ခိုင်းကာ ကျောင်းဝန်းထဲသို့ ဝင်ရန်ပြင်လိုက်သည်။
"ညီနဲ့သားပါ လိုက်ခဲ့နော်"
"လိုက်မယ်လေ"
ဆိုင်ကယ်လေးအား ကျောင်းရှေ့တွင် ခဏရပ်ခဲ့ကာ ကျောင်းဝန်းအတွင်းသို့ ဝင်လာခဲ့ကြသည်။ဒီနေ့ တရားစခန်းပြီးသည့်နေ့ဖြစ်တာကြောင့် ကျောင်းဝန်းထဲတွင် အနည်းငယ်တော့ လူရှုပ်နေသည်။တရားစခန်းဝင်သည့်ယောဂီတို့နှင့် ပြည့်နှက်နေလေသည်။တစ်ချို့ယောဂီများမှာလည်း ပြန်နေကြပြီဖြစ်သည်။တချို့မှာလည်း မပြန်ကြသေး။စင်္ကြံတစ်လျှောက် လမ်းလျှောက်နေကြသေးသည်။ မေမေနှင့်ပုံ့ပုံ့ကို ရှာရဦးမည်။
"ကိုလေး"
အဝေးမှ လှမ်းခေါ်လိုက်သည့် ပုံ့ပုံ့ကြောင့် မြတ်မင်းထင် စိတ်ရှုပ်သွားရသည်။ဒီကောင်မလေးဟာ သူ ဘယ်လောက်သင်သင် မှတ်မထား။ လူကြားထဲတွင် စကားအကျယ်ကြီးမပြောဖို့ မှာထားလည်းမရ။
"ပုံ့ပုံ့ မေမေရော"
အနားသို့ အထုပ်ကြီးအထုပ်ငယ်ဆွဲကာ ရောက်လာသည့် ပုံ့ပုံ့အနားတွင် မေမေပါမလာ၍ မေးရလေသည်။မေမေ ဘယ်များ ကျန်နေခဲ့သည်မသိ။ဒီကောင်မလေးကို သူ ဒါကြောင့် စိတ်မရှည်တာ။မေမေ့ကိုတော့ စောင့်ခေါ်ခဲ့တာမဟုတ်။မေမေ့တစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီ ထင်သည်။
"မေမေကြီးက ဟိုဘက်မှာကျန်နေခဲ့တယ်ကိုလေးရဲ့။ တရားစခန်းရက်မှာ မေမေကြီးနဲ့ သိကျွမ်းသွားတဲ့ အန်တီကြီးကို နှုတ်ဆက်နေလေရဲ့ ပုံ့ပုံ့ကို အရင်သွားနှင့်ခိုင်းလို့ ထွက်လာတာ"
YOU ARE READING
ဟိုဘက်အိမ်ကကောင်လေး
Romanceသူမနဲ့ချစ်သည်ဖြစ်စေ၊ သူနဲ့ချစ်သည်ဖြစ်စေ၊ ကျွန်တော်ကိုယ်တိုင်ပျော်ဝင်စီးဆင်းနေတဲ့ အချစ်ဟာ ကျွန်တော်ကို ပျော်ရွှင်စေရင် အဲဒီ့အချစ်ဟာ ချစ်ပါပဲ။