Part_33(U+Z)

252 15 2
                                    

ရှက်ဒေါသများစွာဖြင့် အိမ်ပြန်လာခဲ့ရသည်ဖြစ်၍ ဒေါသအခိုးအငွေ့တို့ လွှမ်းနေခဲ့သည်။ ကားကို ပုံမှန်အရှိန်ထက် တင်မောင်းခဲ့သည်ဆိုလည်း မမှား။ သူ့ဘဝတွင် လိုချင်တာ မရခဲ့တာမရှိ။ အမြဲတမ်း ရခဲ့သည်ချည်းသာ။ အိမ်မှာအငယ်ဆုံးသားမို့ အားလုံးဟာ သူ့အလိုဆန္ဒအတိုင်း ပြီးမြောက်ရသည်သာ။

"ခဗျားလိုချင်လို့ ရနိုင်မယ့်အထဲမှာတော့ ကျွန်တော်ပါမယ်မထင်ဘူး"တဲ့။

ဒီလိုစကားမျိုး ဘယ်သူမှ သူ့ကို မပြောဝံ့ကြ။ သူ့မာနကို ထိခိုက်သည်ဟု ထင်မိသည်။ မြွေပွေးကို ရန်လာစနေမိပြီထင့်။ ထိုကောင်‌လေးကို သေချာပေါက် ရအောင်ယူပြမည်ဟု စိတ်ထဲက ကြုံးဝါးလိုက်သည်။ အချစ်တစ်ခုတည်းအတွက်တော့ မဟုတ် သူ့မာနအတွက်၊ သူ့သိက္ခာအတွက်။

"သားငယ် ဘယ်တွေသွားနေတာလဲကွယ်။ မေမေဖြင့် စိတ်ပူနေရတယ်။ ကားမောင်းတာလည်း အရှိန်လေးလျော့စမ်းပါဦးကွယ် ဝင်လာကတည်းက မထိတ်သာမလန့်သာကွယ်"

အိမ်ထဲရောက်သည်နှင့် မေမေ၏ စိတ်ပူသည့်လေသံအား အရင်ဆုံးကြားရသည်။ ဟုတ်သည်။ သူ ကားကို အရှိန်တင်မောင်းလာခဲ့မိသည်မှန်သော်လည်း ဘာကြောင့်လဲဆိုတာတော့ မေမေမသိနိုင်ပါ။

"မအေးရေ ညည်း ကိုကိုလေးဖို့ ရေတစ်ခွက်ခပ်ခဲ့စမ်းပါဦး"

"ဟုတ်ကဲ့မေမေကြီး"

မေမေက သူ့အတွက်ရေခပ်ပေးဖို့ မအေးကို လှမ်းပြောသည်။ သူ့ရင်ထဲက အပူကို ရေအေးအေးတစ်ခွက်က ငြိမ်းစေမှာတဲ့လား။ မကြာသေးခင်က ဖြစ်ခဲ့သည့်အကြောင်းအရာများ၊ စကားသံများကိုသာ ပြန်တွေးရင် စိတ်ထဲ တဘုဘုလည်နေမိသည်။ ဘာမဟုတ်တဲ့ ကောင်လေးက သူ့ကို ပြောထွက်သည့် စကားများပင်။

ထိုကောင်လေးကို သူချစ်ခဲ့မိသည်ဆိုတာ မငြင်းချင်ပါ။ အသက်ပြည့်ပြီးလူတစ်ယောက်က လူတစ်ယောက်ကို လက်ထပ်ပါရစေလို့ ပြောတာလည်း သူမမှား။ မှားသည်က သူ့ကို ခါးခါးသီးသီးငြင်းဆိုခဲ့ခြင်းပင်။

သူ့လိုအစစအရာရာမှာ ပြည့်စုံနေသည့်လူတစ်ယောက်ကို ဘာကြောင့် ဒီလိုခါးခါးသီးသီး ငြင်းရတာလဲ စဉ်းစားလို့မရ။ သူကကြိုက်တယ်၊ ချစ်တယ် ပြောရင် ဘယ်သူ့ဆီကမှ ခါးခါးသီးသီး ငြင်းခံခဲ့ရခြင်း မရှိ။ သူ့အရှိန်အဝါ၊ သူ့ရဲ့ဂုဏ်တွေကြောင့် လက်ခံခဲ့ကြသူချည်းပင်။ ထိုကောင်လေးနှင့်မှသာ ခါးခါးသီးသီး အငြင်းခံခဲ့ရသည်။
ဒါ သူ့မာနကို သက်သက်စော်ကားလိုက်တာပင်။  ထိုကောင်လေး သူ့အနားရောက်လာအောင် ဉာဏ်နီဉာဏ်နက်သုံးရမည်။ သို့မှ မရလျှင် အကြမ်းဖက်ရမည်သာ။ အဓိကက သူ့မာနအတွက်၊ သူ့သိက္ခာအတွက် ပြန်ပြီး အဖတ်ဆယ်နိုင်ဖို့သာ ဖြစ်သည်။

ဟိုဘက်အိမ်ကကောင်လေးWhere stories live. Discover now