တဆစ်ဆစ်ကိုက်ခဲနေသည့် ခေါင်းကို လက်နှစ်ဖက်ဖြင့် အသာဖျစ်ညှစ်လိုက်မိသည်။ မာကြောသည့်အရာတစ်ခုနှင့် ထုရိုက်ခံထားရသလို ခေါင်းက နာကျင်ကိုက်ခဲနေသည်။ လေးလံနေသည့် မျက်ခွံများကို မသိကျိုးကျွံပြုရင်း မျက်လုံးကို အားယူဖွင့်ကြည့်တော့ အခန်းအပြင်အဆင်ဟာ သူနဲ့ ရင်းနှီးမှုရှိမနေပေ။ သူ ဘယ်ရောက်နေတာလဲ။ ဒါကရော ဘယ်သူ့ရဲ့ အခန်းလဲ။ ရင်းနှီးမှု ရှိမနေသည့် အခန်းအပြင်အဆင်ကြောင့် ထိတ်ထိတါပျာပျာ ဖြစ်သွားရသည်။
"မင်း နိုးလာပြီလား။ ကိုယ် မင်းနိုးလာမယ့်အချိန်ကို ထိုင်စောင့်နေတာ"
ပြောလိုက်သည့်စကားက လေပြေလိုချိုအေးနေပေမယ့် ရုတ်တရက် အနားရောက်လာသည့်လူကြောင့် ဟန်ထွန်းဦး ခေါင်းနပမ်းကြီးသွားရသည်။ ထို့အတူ မနေ့က အဖြစ်အပျက်များကို ရုတ်ချည်း ပြန်စဉ်းစားယူရသည်။ မနေ့က ရုံးဆင်းချိန်လောက်မှာ ဒီလူနှင့် မိတ္ထီလာအထိ သားပေါက်ကိုခေါ်ဖို့ လိုက်လာခဲ့သည်။ ကားရပ်တုန်းက တစ်ခါ စကားများကြသေးသည်။ နောက် ကားဆက်ထွက်သည်။ အဲ့ဒီနောက် အလုပ်ပင်ပန်း၊ စိတ်ပင်ပန်းမှုဒဏ်တို့ကြောင့် သူ ကားပေါ်မှာ မှေးခနဲအိပ်ပျော်သွားသည်။ ဒါပဲ။ ဒီကိုဘယ်အချိန်ရောက်သလဲ။ ဘာတွေဆက်ဖြစ်သလဲ ကျန်တာ ဘာမှမသိတော့ပေ။
"သားပေါက်ရော"
တခြားအရာတွေ ဘာမှမစဉ်းစားနိုင်ဘဲ သားပေါက်ကိုသာ စိတ်အပူကြီး ပူကာ သားပေါက်ကိုပဲ မေးလိုက်သည်။
"ဘာကိစ္စလောနေရတာလဲဗျာ တွေ့ရမှာပေါ့။ အရာအားလုံးကို ခဏလောက်မေ့ထားပြီး စိတ်အေးလက်အေးနေပါဦးလား"
"ကျွန်တော်အနားယူဖို့ လိုက်လာတာမဟုတ်ဘူး ကိုဖြိုးဝေအောင်။ ကျွန်တော်တို့ ဘယ်ရောက်နေတာလဲ။ သားပေါက်ဘယ်မှာလဲ ကျွန်တော် ဒါပဲသိချင်တယ်။"
သူ့စကားတွေက ပြတ်သားတိကျကာ
နူးညံ့မှုရှိမနေတော့ပေ။ နေမကောင်းတဲ့ကလေးကို ပြန်ခေါ်ဖို့၊ ပြုစုဖို့ လာခေါ်တာကို မေ့ပြီး
စိတ်အေးလက်အေး ဘယ်လိုမှမနေနိုင်။"ဟုတ်ပါပြီ စိတ်ကလေးတော့ တစ်ထစ်လောက် လျော့ထားပါဦး..."
ထိုလူ့ပြောစကားကိ ဘာတုံ့ပြန်မှု မပေးဘဲ တိတ်ဆိတ်စွာပင် ထိုလူ့နှုတ်က ထွက်ကျလာမည့် စကားများကိုသာ ငြိမ်သက်ကာ နားစိုက်နေမိသည်။
YOU ARE READING
ဟိုဘက်အိမ်ကကောင်လေး
Romanceသူမနဲ့ချစ်သည်ဖြစ်စေ၊ သူနဲ့ချစ်သည်ဖြစ်စေ၊ ကျွန်တော်ကိုယ်တိုင်ပျော်ဝင်စီးဆင်းနေတဲ့ အချစ်ဟာ ကျွန်တော်ကို ပျော်ရွှင်စေရင် အဲဒီ့အချစ်ဟာ ချစ်ပါပဲ။