part 1

90.3K 2.5K 104
                                    

မျက်လုံးဝိုင်းလေးတို့သည် တလဲ့လဲ့တောက်ပ လွန်းကာဖြင့် အနီရောင်တစ်ခုဆီသို့ ကူးပြောင်းနေလေသော ကလေးလေးသည် ၀မ်းဗိုက်မှ ယိုစီးနေသော သွေးစက်များ ၊ ခန္ဓာကိုယ်တစ်ခုလုံး၌ နေရာလပ်မကျန် ပေကျံနေသော သွေးရဲရဲတို့်အား ဂရုမစိုက်အားလှပေ ။ သူ့ မျက်စိရှေ့တွင် တွေ့မြင်နေရသော မီးဟုန်းဟုန်းတောက် နေသည့် အိမ်ကိုသာ မမှိတ်မသုန် ကြောင်အစွာ ငေးကြည့်နေခဲ့သည်။ တောက်လောင်နေသော မီးစများ၏ ရောက်ပြန်သည် ကလေး၏ မျက်လုံးထဲသို့ စွဲမြဲကာဖြင့် ဦးနှောက်ဆဲလ် တစ်ခုချင်းစီတိုင်းသို့ ထိုမြင်ကွင်းအား အရောက်ပို့နေသည့်ပုံပင် ။ စူးအောင့်နေသော ခြေဖ၀ါး ကိုလည်း သူ ဂရုမစိုက်အား ၊ မီးတောက်နေသော အိမ်ထဲတွင် သူ့အမေ ကျန်ခဲ့သည်ကိုသာ သူ သိသည် ။ အိမ်ထဲသို့ ပြေးသွားမည့် ယိုင်နဲ့နဲ့ ခြေလှမ်းလေးများသည် လူတစ်စု၏ ထိန်းချုပ်ခြင်းကို ခံခဲ့ရလေသောအခါ ငယ်သံပါမတတ် လည်ချောင်းခြစ်အော်လိုက်သည် ။

" မေမေ !! "

" သေသွားချင်လို့လား ၊ မင်းကြောင့်... "

" ရိုင်နာ... တော်တော့... ကလေးကို ခေါ်သွားရအောင် "

" ဂြိုလ်ဆိုးလေး! "

ရိုင်နာ သည် ကလေးအား ကားအနက်ရောင်ပေါ်သို့ မညှာမတာ ပစ်တင်လိုက်သည် ။ ပြီးနောက် ခါးကြားထဲသို့ သေနတ်ထိုးထည့်ကာ ကားမောင်းသည့်နေရာတွင် ၀င်ထိုင်လိုက်သည် ။ ကားနောက်ခန်းမှ ကလေးငယ် သည် သူ့အား အကြည့်စူးရဲရဲ တို့ဖြင့် အံကြိတ်လျက် ငေးကြည့်နေခဲ့သည်ကိုတော့ သူ မသိချေ ။ မီးလောင်နေသော အိမ်ကြီးအား ငေး၍မ၀နိုင်အောင် ဖြစ်နေသော သူငယ်ချင်းဖြစ်သူအား လှမ်းဟောက်ကာဖြင့် ကားပေါ် တက်ခိုင်းသည် ။

" ပုံရေး... မြန်မြန်တက်လေကွာ ၊ ရဲကားတွေ ရောက်လာရင် ကွိုင်တက်မယ် "

" အေးပါကွာ!  "

" ဘာလို့ သားတို့အိမ်ကို မီးရှို့တာလဲ ၊ ဘာလို့ သား အမေကို သတ်တာလဲ .... ဘာလို့လဲ... ဘာလို့လဲ "

" ဘာလို့လဲ... ဘာလို့လဲ... ဘာလို့လဲ... အား... "

မျက်လုံးတို့က ဖွင့်မရခဲ့ဘူး ။ ဒါပေမဲ့ တစ်စုံတစ်ယောက်ကို သူ မေးနေခဲ့တယ်... ဘာလို့လဲ ဟု ထပ်ခါထပ်ခါ အော်ဟစ်နေခဲ့ပေမဲ့ အဲ့ဒီ့လူက ငြိမ်သက်နေခဲ့တယ် ။ သွေးအေးလွန်းတဲ့လူ ၊ ယုတ်မာ ကောက်ကျစ်လွန်းတဲ့ လူသတ်သမား လူယုတ်မာ က အမြဲလိုလို ငြိမ်သက်နေခဲ့တာ ၊ အိပ်မက်ထဲမှာပေါ့... ။ အဲဒီ လူကိုလည်း သူ အိပ်မက်ထဲမှာပဲ မေးခွန်းထုတ်နေမိလို့ ပြန်ဖြေသံတို့က ဆိတ်ငြိမ်နေခဲ့ပုံပင် ။ သူ့အသက် ၈နှစ်အရွယ်မှာ ဒီမေးခွန်းကို တစ်ခါ မေးဖူးတယ် ။ အကျိုးဆက်အဖြစ် တလနီးပါးလောက် ဆေးရုံတက်ခဲ့ရတဲ့အထိ ခွေးရိုက်သလို အရိုက်ခံခဲ့ရတာ မှတ်မိနေသေးတယ် ။ အခု သူ့အသက် ၂၂ နှစ် ရှိခဲ့ပြီ ။ အဆိပ်နဲ့တူတဲ့ အမုန်းတွေကို မျိုချလာခဲ့ရတာ ၁၄ နှစ်တင်းတင်းပြည့်ခဲ့လေပြီ ။

You are my husband (Season 1)Completed  Where stories live. Discover now