part 8

23.2K 1.3K 35
                                    

ထည်ဝါလင်းရှိန်ဟာ အတိုင်းအဆကင်းမဲ့စွာ ပြိုလဲသွားခဲ့သည် ။ တစက်စက်ကျဆင်းလာသော
ရေစက်များ၏ အောက်တွင် သူ၏ ကြံ့ခိုင်သော ခန္ဓာကိုယ်သည် အလဲလဲအပြိုပြိုဖြစ်နေတော့သည်။
ရေချိုးခန်း၏ ကြမ်းခင်းပေါ်တွင် ပက်လက်လှဲလျက် မျက်လုံးများအား စုံမှိတ်ထားပစ်လိုက်သည် ။

အတိတ်က ပုံရိပ်တစ်ခုချင်းစီက သူ့အသားများအား တစစီ ဆွဲဖြဲ ပစ်နေသလားဟု အောက်မေ့မိသည်အထိ သူ နာကျင်စွာ အော်ဟစ်ပစ်လိုက်ပြန်သည် ။

လသားအရွယ်လေး ခက်ထန် သည် သူ့လက်ထဲတွင် တခစ်ခစ်ဖြင့် သဘောခွေ့ခဲ့ဖူးသည် ။ ခက်ထန်ပိစိလေး၏ လက်ချောင်းသေးသေးလေးများက သူ့မျက်နှာထက်ဆီသို့ နူးညံ့စွာ တို့ထိခဲ့ဖူးသည်။

တစ်နှစ်သားအရွယ်လေး ခက်ထန်သည် လေးဘက်ထောက်လျက် သူ့နောက် တကောက်ကောက် လိုက်ခဲ့ဖူးသည် ။ သူမှ ကောက်မချီပါက အာပြဲလန်အောင် အော်ဟစ်ငိုကြွေးတတ်ခဲ့ဖူးသည် ။

သုံးနှစ်သားအရွယ် ခက်ထန်သည် တပိပိမြည်သော ဖိနပ်ကလေး စီး၍ သူ့နောက် ပြေးလိုက်ကာ ၀မ်းလျားမှောက်လျက် ချော်လဲ ခဲ့ဖူးသည် ။ သူမှ အပြေးလေး မထူပေးပါက အကြောတင်းစွာ သဲလူးလျက် မြေကြီးပေါ်၌သာ ပေတေနေခဲ့ဖူးသည်.... ။

ရှစ်နှစ်သားအရွယ် ခက်ထန်သည် သူ့အား နာကျည်းရိပ်တို့ ပြင်းထန်လွန်းသော
မျက်လုံးတို့်ဖြင့် စူးရဲစွာ စိုက်ကြည့်ခဲ့ဖူးသည်။
မိုးကြီးစွာ ရွာသွန်းတတ်သည့် ည ရောက်လေတိုင်း အနားသို့ ရောက်လာတတ်သော ခက်ထန်ပေါက်ကလေးသည် ခဲတံချွန်ဓားလေးဖြင့် သူ့မျက်နှာနား တ၀ဲလည်လည် ပြုမူခဲ့ဖူးသလို သူ့ဓားလေး ပြန်သိမ်းကာ ရင်ခွင်ထဲသို့
ဝင်တိုးလျက် တရှုံ့ရှုံ ငိုကြွေးခဲ့ဖူးသည် ။

အသက်၂၀ အရွယ် ခက်ထန်သည် ပထမဆုံး လူပျိုဘ၀ကို ဖောက်ပြန်ခြင်းအလုပ်ဖြင့်သာ ဖျက်ဆီးပစ်ခဲ့ဖူးသေးသည် ။ ခက်ထန် ဟာ တဖက်သားကို နာကျင်စေချင်သော စိတ်ဖြင့် လမ်းမှားကိုသာ ရွေးချယ်နေခဲ့သော လူသားတစ်ဦးဖြစ်ပေ၏ ။ ခက်ထန် ရွေးချယ်ခဲ့သော လမ်းမှားကို မည်သည့်နည်းဖြင့် တည့်မတ်ပေးရမည်ကို မသိသည့်တိုင်အောင် သူ့နှလုံးသားတို့ စူးနှင့် ထိုးခံထားရသကဲ့သို့ နာကျင်လွန်းနေ၏ ။ နောက်ဆုံး သူ လက်ခံထားလိုက်သည်မှာ ခက်ထန် အမုန်းများ ပြေလျော့သွားမည့်နေ့ထိတိုင် သူဟာ ခက်ထန်အတွက် ဒေါသဖြေစရာ တစ်ခုအဖြစ် အရာဝင်နေသေးသည် ဆိုလျှင်တောင် ကျေနပ်မိသည် ။ အနည်းဆုံးဖြစ်ဖြစ် ခက်ထန် နှလုံးသားထဲ အမုန်းဆုံးလူအဖြစ် နေရာယူခွင့်ရှိနေသေးသည် ။

You are my husband (Season 1)Completed  Where stories live. Discover now