(ZAWGYI)
ရတီဝင့်ဝါသည် အိမ်ထဲသို့အေးအေးဆေးဆေးပင်ဝင်လာလိုက်သည်။သူမ၏ လက်တစ်ဖက်တွင် အနီရောင်ရှိသော အိတ်ကိုဆွဲဆောင်မှုရှိစွာကိုင်ထားလျက် ဧည့်ခန်းထဲသို့ဝင်လာလေသည်။ယခုအိမ်သည် သူမ၏ မိဘအိမ်ဖြစ်သည်။စိတ်ပျက်စရာကောင်းလှသော အိမ်ကြီးမှထွက်လာရ၍ ရတီမှာ ပျော်မဆုံးဖြစ်နေလေသည်။
သို့သော် သူမသည်အိမ်ထဲသို့ ဝင်ဝင်ချင်းမှာပင် ပြင်းထန်သော ရိုက်ချက်တစ်ချက်ကို ခံယူလိုက်ရလေသည်။ ရိုက်ချက်သည် သူမ၏ ပါးပြင်ပေါ်သို့ ကျရောက်လာပြီးနောက်မျက်နှာသည် ဒီဂရီအနည်းမျှ စောင်းသွားလေသည်။
ရတီသည် ဒေါသထွက်ခြင်းလည်းမရှိဘဲ လည်နေသော ခေါင်းကိုပြန်တည့်ကာခပ်တည်တည်ပင်ရှေ့သို့ကြည့်လိုက်၏။ ထိုအခါ သူမမိခင်၏ သုန်မှုန်ကာ ဒေါသထွက်နေသော မျက်နှာအား မြင်လိုက်ရသည်။
ဒေါ်ဝင့်ဝါသော်က ဒေါသထွက်နေသော မျက်နှာကို ထိန်းသိမ်းမရဖြစ်ကာ ရတီအား အော်ငေါက်လေ၏။
"နင် ဦးနှောက်မှရှိသေးရဲ့လား ရတီဝင့်ဝါ"
"ဘာကိုလဲ မေမေ"
သူမက ဒေါသထွက်နေသလောက်ပြဿနာရှာကာ အေးအေးဆေးဆေး ဖြစ်နေသည့် သမီးဖြစ်သူရတီဝင့်ဝါကြောင့် ဒေါ်ဝင့်ဝါသော်သည် အသံရှူသံများပြင်းပြကာ ဒေါသအား ကြိတ်မှိတ်ထိန်းနေလေ၏။
"နင်ရူးချင်ယောင်ဆောင်နေတာလား ရတီ ၊ နင်အခုဘာလုပ်ထားတာလဲ ဆိုတာက နင်အသိဆုံးနေမှာပဲ"
"သမီးလုပ်တာ မှန်တယ် ၊ အဲ့တော့ ဘာမှပြောစရာမရှိဘူးမေမေ"
"ဘာပြောတယ်! ငါ့တို့မိဘသဘောထားကိုတောင် အရေးမစိုက်ဘဲ ကွာရှင်းဖို့ကိုစဉ်းစားတယ်၊ စဉ်းစားရုံတင်မကဘူး ကွာရှင်းအောင်ကိုတမင်လုပ်နေသေးတယ် ၊ နင်ဘာစိတ်ကူးပေါက်နေတာလဲ ဟမ်!! "
ဒေါ်ဝင့်ဝါသော်၏ စကားကြောင့် ရတီက ခပ်ဟဟရယ်ကာ သူမ၏ ဆံပင်အား နားနောက်သို့ သပ်တင်လိုက်ကာ
" ဘာကိုလဲ ဘာသဘောထားကို မေးရမလဲမေမေ"
"ရတီ!"
"မေမေတို့လက်ထပ်ပွဲကို စီစဉ်တုန်းက သမီးသဘောထားကို မေးခဲ့ရဲ့လား"