(ZAWGYI)
နီဆွေး၏ ပြဿနာသည်လည်းငြိမ်သက်သွားကာ ဘာအကြောင်းမှမရှိတော့၍ စိတ်အေးရသည်။ ထင်ထားသလိုငွေကြေးကိစ္စကြောင့်သာပေါ်လာခြင်းဖြစ်နိုင်သည်။သို့သော် သူသည် ယခုထိ နီဆွေးကို မယုံကြည်။ သေချာပေါက် ထိုမိန်းကလေးသည် ကလေးနှစ်ယောက်မိခင်မဖြစ်နိုင်ပေ။သို့သော် ပန်းမှူး၏ ပြဿနာက ပိုအရေးကြီးနေ၍ ထိုကိစ္စကို ခဏထားကာ ပန်းမှူး၏ ဦးခေါင်းကို စစ်ဆေးရန်စီစဉ်လိုက်၏။နောက်တစ်မနက်ရောက်သည်နှင့်သန်းခေါင်မှာပန်းမှူးကိုခေါ်၍ ဆေးရုံသို့ခေါ်သွားလိုက်သည်။ကားပေါ်တွင်ပါလာသည့်တလျောက်လုံး ပန်းမှူးက ငြိမ်သက်နေပြီး အပြင်ဘက်ကိုသာကြည့်နေလေသည်။
သန်းခေါင်လည်း ဘာမှမပြောဖြစ်။ကားကိုသာအာရုံစိုက်မောင်းနေလိုက်၏။သိပ်မကြာဆေးရုံသို့ရောက်လာပြီး ကားပေါ်မှဆင်းလိုက်သောအခါ လူတချို့က ကွက်ကြည့်ကွက်ကြည့်လုပ်နေသေးသည်။
သို့သော် သန်းခေါင်မှာ မသိချင်ယောင်ဆောင်၊ဂရုမစိုက်ဘဲ ပန်းမှူးကိုသာလှည့်ကြည့်လိုက်၏။
"အထဲသွားကြအောင်"
"အင်း"
သန်းခေါင်မှာ ပန်းမှူး၏ လက်ကိုဆွဲရန်ကြံသော်လည်း မသိလိုက်ခင်မှာပင် သူ၏ လက်ကိုပြန်ရုတ်လိုက်မိသည်။ယခုထိ ပန်းမှူးက မိမိတို့နှစ်ယောက်ချစ်သူဆိုသော ခံစာချက်ကို မခံစားရဟု ပြောထားသည်မဟုတ်လား။ထို့ကြောင့် သန်းခေါင်လည်း ပုံမှန်အတိုင်းသာဆက်ဆံမိသည်။
သူကိုယ်တိုင်လည်း ပန်းမှူး ယာယီအတိတ်မေ့သွားကတည်းက ပွေ့ဖက်ခြင်းသာလုပ်၍ အန်းပေခြင်းကိုရှောင်ရှားခဲ့သည်။ ပြဿနာပေါင်းများစွာဆက်တိုက်တက်နေသည့်အပြင် ပန်းမှူးကလည်း ထူးဆန်းသော တခြားတစ်ယောက်ဟုထင်မှတ်လောက်အောင်ပြောင်းလဲသွားသည့်အတွက် သန်းခေါင်မှာ တခြားကိစ္စကို စိတ်မဝင်စားဖြစ်ဘဲ ပန်းမှူး၏ ဦးခေါင်းဒဏ်ရာအကြောင်းကိုသာ အာရုံစိုက်နေရသည်။
ဆေးရုံတွင်းသို့ဝင်လာသော အခါ လှည့်ကြည့်လှည့်ကြည့်ဖြစ်နေသော လူများကြောင့်ပန်းမှူးက နာမလည်သလိုနှင့်မေးလာလေသည်။