(ZAWGYI)
ပန်းမှူးသည် မနက်မိုးလင်းသည့်အထိ တစ်ညလုံး သန်းခေါင်၏ ရင်ခွင်ထဲ၌သာရှိခဲ့သည်။သူသည် တစ်စုံတစ်ယောက်၏ဖက်တွယ်ထားခြင်းကိုခံစားရလေသည်။ မျက်လုံးဖွင့်ကြည့်လိုက်သည်နှင့် သူသည် နှစ်နှစ်ခြိုက်ခြိုက်အိပ်နေသည့်သန်းခေါင်၏ မျက်နှာကို တည့်တည့်မြင်လိုက်ရလေ၏။ရုတ်တရက်မို့ လန့်သွားရသော်လည်း ညပိုင်းကတည်းက အခန်းထဲဝင်ကာမွေ့ရာပေါ်တက်လာသည့်အကြောင်းကို ပြန်သတိရသည့်အခါ ပန်းမှူးမှာ သက်ပြင်းချရသည်။
အလွန်အိပ်ချင်နေ၍ အိပ်ပျော်မည့်ဆဲဆဲ သန်းခေါင်ရောက်လာသည့်အတွက် တကယ်လား၊စိတ်ထင်နေသလား သူ မသေချာပေ။ ပင်ပန်းကာ သန်းခေါင်ကိုပင်အာရုံမစိုက်ဖြစ်ဘဲ ပန်းမှူးသည် အိပ်ပျော်သွားစေကာမူ နောက်ကျောမှ နွေးထွေးမှုကိုဖြင့် ခံစားခဲ့ရသည်။
ကလေးနှစ်ယောက်အားသတိရသည်နှင့်ပန်းမှူးသည် ဘေးသို့ချက်ချင်းလှည့်ကြည့်မိလိုက်သည်။ခေါင်းအုံးလေးများကိုယ်စီနှင့် စောင်လေးခြုံကာ ပက်လက်ကလေးဖြစ်နေသည့်ကောင်လးနှစ်ယောက်ကြောင့် စိတ်အေးသွားရသည်။ ကြည့်ရသည်မှာ သန်းခေါင်က စောင်ခြုံသိပ်ပေးထားပုံရ၏။
အချိန်သည်လည်း မနည်းလောက်တော့ချေ။နိုးနေကျအချိန်တိုင်းနိုးနေ၍ ပန်းမှူးမှာ ထရန်ကြိုးစားလိုက်သည်။ ခါးပေါ်မှလက်အား ဖယ်ကာ ငုတ်တုတ်ထထိုင်၍ ကလေးနှစ်ယောက်၏ အသားများလေးကို စမ်းကြည့်သည့်ကာ နွေးထွေးနေပြီး အိပ်မောကျနေလေသည်။
ပန်းမှူးက လွှားခြုံထားသည့်စောင်ကိုဖယ်ကာ မွေ့ရာပေါ်မှဆင်းရန်ကြံသော် သန်းခေါင်က နိုးလာပြီး သူ၏ လက်ကောက်ဝတ်ကို ဆွဲလာလေသည်။
ထို့နောက် သန်းခေါင်က သူ၏ ရှုပ်ပွနေသော ဆံပင်များအား သပ်တင်ကာ
"ဘယ်အချိန်ရှိလို့ထနေတာလဲ ဆက်အိပ်ပါ့လား"
သန်းခေါင်၏ စကားကြောင့် ပန်းမှူးသည် စားပွဲပေါ်မှ နာရီကို ကြည့်ကာ ဖြေလိုက်၏။
"၇နာရီထိုးတော့မယ် ဆက်အိပ်စရာလား"
"ကျစ်! အစောကြီးလေ။ဘာကိစ္စရှိလို့ထရမှာလဲ။လုပ်စရာလဲမရှိဘဲနဲ့"