(ZAWGYI)
မနက်ရောက်သည်နှင့် ပန်းမှူးက ကလေးနှစ်ယောင်ကိုပြင်ဆင်ပေးပြီး ဦးဓန လာခေါ်သည့် ကားကိုစောင့်နေလိုက်သည်။ ဆင်တူဝတ်ထားသည့် ကလေးနှစ်ယောက်မှာ အရောင်ကွဲ ချိုလိမ်လေးများတပ်ထားပြီး တွန်းလှည်းလေးထဲတွင်ရောက်နေကြသည်။ကားရောက်လာသည်နှင့် ပန်းမှူးက အန်တီလဲ့ကိုအသိပေးကာ ဦးဓန၏ နေအိမ်သို့လိုက်လာခဲ့သည်။
ကလေးနှစ်ယောက်မှာ ကားစီးရသည်ကိုအတော်လေး သဘောကျပုံရသည်။ တွန်းလှည်းလေးထဲမှ ခြေလက်ကလေးများကို လှုပ်ရမ်းကာပျော်မြူးနေလေသည်။
ဦးဓန၏ အိမ်သို့ရောက်သောအခါ တွေ့ဖူးသော အိမ်တော်ထိန်းက ပန်းမှူးကိုထွက်ကြိုလေသည်။
သူမက ပြုံး၍ ပန်းမှူးကိုကြည့်ကာ နှုတ်ဆက်လာသည်။
" နေကောင်းရဲ့လား "
"ဟုတ်ကဲ့ ကောင်းပါတယ် "
"သန်ခေါင်နဲ့ရော အဆင်ပြေလားလား "
သူမ၏ စကားကို ပန်းမှူး ခေါင်းညိတ်ပြလိုက်သည်။
" ပြေပါတယ်ဗျ"
"အစ်ကိုကြီးက စောင့်နေတယ် ၊ လာ အထဲကို"
"ဟုတ်ကဲ့"
သူမက ကလေးတွေကိုကြည့်ကာပြုံး၍ ရှေ့ကသွားလေသည်။ ပန်းမှူးလည်း တွန်းလှည်းကလေးကို တွန်းကာ နောက်မှလိုက်လာခဲ့၏။
ဦးဓနက ခါတိုင်းတွေ့နေကျအခန်းထဲတွင်ထိုင်ကာ ပန်းမှူးကို စောင့်နေသည်။ ပန်းမှူးလည်းကလေးတွေထည့်ထားသည့်တွန်းလှည်းလေးကို ဦးဓန၏ ဘေးနားတွင် ထားကာ ဆိုဖာတွင်ထိုင်နေသော်။
" ကလေးတွေက ဝတုတ်နေတာပဲ "
"ဟုတ်ကဲ့ ၊ ငယ်သေးတာကြောင့်လဲပါပါတယ် ကြီးသွားရင်တော့ ပုံမှန်ဖြစ်သွားမှာပါ"
ပန်းမှူးသည် ဦးဓနနှင့် စကားပြောတိုင်းသတိထားသည်။ဦးဓနဟာ DEFAN ၏ အကြီးဆုံး အုပ်ချုပ်သူဖြစ်ခဲ့သည့်အတွက်ကြောင့်ပန်းမှူးမှာအလိုလိုရှိန်နေပြီး ဦးဓန၏ ရှေ့ရောက်လျှင်ပင် ကြောက်စိတ်များဝင်နေရသည်။ ထို့ကြောင့် ဦးဓနနှင့် စကားပြောလျှင် အမြဲတမ်းသတိထားကာ ပြောရသည်။အမှားတစ်ခုပါမှာကို ပန်းမှူးကြောက်မိသည်။