(ZAWGYI)
နေ့စဉ် ကလေးထိန်းအလုပ်များထဲတွင် ပန်းမှူးသည် အလုပ်တစ်ခုထပ်မံရလာခဲ့သည်။အရင်တစ်ခေါက်ကိစ္စကြောင့် ကလေးအဝတ်လျှော်ရန်တာဝန်ကို ပန်းမှူးကသာယူခဲ့တော့သည်။အရင်တာဝန်ယူထားသော အကူကလေးမလေးကလည်း ပန်းမှူးနှင့်သန်းခေါင်ကို အထပ်ထပ်အခါခါလာတောင်းပန်သည်။သန်းခေါင်က ဒေါသတကြီးဟောက်နေသော်လည်း ပန်းမှူးကတော့ ချော့မော့ပြီး ကောင်မလေးကိုပြန်ခွင့်လွှတ်လိုက်ရသည်။
အဝတ်လျှော်သည့်အချိန်တွင်လည်း အန်တီလဲ့က အမြွှာလေးများကို ကူထိန်းပေးသည်။ထို့ကြောင့်ပန်းမှူးလည်း အဝတ်လျှော်ရသည်မှာစိတ်ဖြောင့်သည်။ ကလေးအဝတ်များဖြစ်သည့်အတွက်ကြောင့် တအားမပင်ပန်း ။ သို့သော် အချိန်တော့ကုန်သည်။တစ်နေ့တွင် နှစ်ယောက်ပေါင်း၁၀ထည်အထက်ရှိသည်မို့နေ့စဉ်နေ့တိုင်းအဝတ်လျှော်ရသည်။ညရောက်လျှင်လည်း မီးပူတိုက်ရသည်။
ပန်းမှူးသည် ထိုကဲ့သို့သောအလုပ်များအား ပင်ပန်းသည်ဟုမမြင်မိပေ။ အရင်ကထပ် ပိုလုပ်ရသော်လည်း အဆင်ပြေသည်။ ကျောင်းတက်စဉ်ကလည်း အချိန်ပိုင်းအလုပ်များအား နေ့စဉ်မပြတ် လုပ်ခဲ့သည့်အတွက် ယခုလို တာဝန်များသည် ပန်းမှူးအတွက် မပြောပလောက်သောတာဝန်များဖြစ်သည်။
ထို့အပြင် သန်းခေါင်နှင့် ကလေးများလည်း တဖြည်းဖြည်းနီးစပ်လာသည်။ပန်းမှူး မအားသည့်အချိန်မျိုးတွင် သန်းခေါင်က ကလေးများအားလာကြည့်ပေးတတ်သည်။ တစ်ခါတရံ ပွေ့ချီထားတတ်သည်။ ကလေးနှစ်ယောက်သည်လည်း သန်းခေါင်နှင့်နေရသည်ကို နှစ်သက်ကြသည်။ ပန်းမှူး ပွေ့ချီသည့်အခါမျိုးတွင် တစ်ခါတရံ ငိုတတ်သော်လည်းသန်းခေါင်၏ လက်ပေါ်တွင်တော့ တစ်ခါမျှမငိုတတ်ပေ။သဘောတကျ လှုပ်ရမ်းကာ နားလည်ရခက်သော အသံလေးများကို ထုတ်လွှတ်တတ်သည်။
ယခုလည်း သန်းခေါင်နှင့် ကလေးနှစ်ယောက်ကိုထားကာ ပန်းမှူးမှာ အဝတ်တစ်ပုံတစ်ခေါင်းကြီးကို လျှော်ဖွတ်နေလိုက်သည်။မိမိ၏ အဝတ်များကိုလည်း အိမ်အကူကောင်မလေးကိုမလျှော်စေချင်သည့်အတွက်ကြောင့် ကိုယ့်ဘာကိုယ်သာလျှော်လိုက်သည်။