EPISODE (36)

7.8K 712 18
                                    

Unicode
မိတ်ဆွေစစ်

ဟန်တျာသည် ယနေ့တွင်မူ ယခင်နေ့များနှင့်မတူဘဲရာဇမာန်ထက်စွာဖြင့် ဧကရီနန်းဆောင်၏ ပင်မဧည့်ခန်းမတွင် စံမြန်းလျက် ရှိသည်။ဧကရီတစ်ပါး၏အရှိန်အဝါအပြည့်ဖြင့် သလွန်ပေါ်တွင်စံမြန်းကာ ဘေးတစ်ဖက်တစ်ချက်စီတွင်လည်း နန်းတွင်းသူများက ယပ်မားများကိုင်ကာမတ်တပ်လျက်ခစားနေပြီး အထိန်းတော်ကြီးဦးမာဂ က ရှေ့ခပ်လှမ်းလှမ်းမှနေ၍ နန်းတွင်းရေးရာများအားအစီရင်ခံလျက်ရှိသည်။

ဤသို့ဖြင့်ဧကရီ၏ဧည့်ခန်းမဆောင်သည် အထိန်းတော်ကြီး၏အသံအိုကြီးမှလွဲ၍မည်သည့်အသံမျှမကြား စေရဘဲ နန်းဆောင်၏ဘေးတစ်ဖက်တစ်ချက်စီတွင်နန်းတွင်းသူများက တန်းစီကာငြိမ်သက်စွာခစားနေကြသည်။

မကြာမီပင် ဂိမာနတစ်ယောက် တည်ငြိမ်သောအသွင်ဖြင့်ပင်မတံခါးပေါက်သို့ရောက်လာပြီး နန်းဆောင်အတွင်းသို့၀င်ခွင့်ပြုပါရန်ခွင့်တောင်းတော့သည်။

"အရှင်...ကျွန်တော်မျိုး ဂိမာနပါဘုရား"

ကြည်လင်လှသည့်အသံပိုင်ရှင်ကြောင့် နန်းတွင်းသူအချို့ ၏အကြည့်များသည် ထိုလူငယ်၏ဆီသို့ရောက်ရှိသွားကာ တိတ်ဆိတ်နေသောနန်းတွင်းသူများသည် အချင်းချင်းလက်တို့ရင်း ချောမောလှသည့် ဤလူငယ်လေးအားဝိုင်းကြည့်ကြတော့သည်။

သူမတို့ အပြင်စောင့်နန်းတွင်းသူများအနေနှင့် ဂိမာနကို လူအသွင်ဖြင့် မမြင်ဖူးသဖြင့် ဤလူချောလေးကို အရှင်မြတ်၏ကျားဖြူလေးဟုမသိကြတော့ပေ။

"၀င်ခဲ့ပါလေ"

ဧည့်ခန်းမအတွင်းမှ အရှင်မြတ်၏အသံကထွက်လာသောအခါ ဂိမာနသည်ချက်ချင်းပင် ခန်းမအတွင်းသို့၀င်ရောက်ကာ ဟန်တျာအားဂါရ၀ပြုလိုက်သည်။

အတွင်းနန်းဆောင်ရှိ နန်းတွင်းသူများသည် ဟန်တျာ၏အနီးကပ်လူယုံတော်များဖြစ်ပြီးကောင်းမွန်စွာလေ့ကျင့်ထားသော လုပ်ကြံသူအမျိုးသမီးများဖြစ်သဖြင့် ဂိမာနအားမြင်ရသောအခါ မည်သို့မျှမပြောင်းလဲလျက်သာရှိကြသည်။အချို့သောနန်းတွင်းသူများမှာ ဤလူသားသည် ဂိမာနဖြစ်သူဟု၍ပင် သိနေကြပြီဖြစ်သည်။

Maharverse : အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း( Complete )Where stories live. Discover now