FINAL EPISODE

11.9K 653 121
                                    

Unicode

"နေပါဦး ! "

အားလုံးကအဖြစ်အပျက် အပေါ် အတွေး ပေါင်းစုံ
ဖြင့် အာရုံစိုက်နေသည့်အခိုက် ရူစန္ဒာ၏အသံကထွက်ပေါ်လာသဖြင့်တစ်အုပ်စုလုံးရဲ့အကြည့်များက ရူစန္ဒာဆီသို့သာ။

အချို့ကမင်းသားအပေါ် ယုံကြည်ကြဆဲဖြစ်သော်လည်း အချို့ကတော့ မင်းသားငယ်အပေါ်မနှစ်မျို့ကြတော့။သို့သော် ဒါတွေကိုအပထား။ တော်၀င်မင်းသားတစ်ပါးသာဖြစ်သေးသည်မို့ ၎င်းတို့တတ်နိုင်တာက ဤအကျင့်ပျက်သောမင်းသားငယ်ကို အပြစ်ဒဏ်ချပေးဖို့ တိုက်တွန်းရုံသာရှိသည်။

"ဒီကုတ်ခြစ်ရာက အကိုတော့်မှာ ရှိတာနဲ့ပဲ ကျွန်ုပ်ရဲ့လက်ချက်ဖြစ်ရရောလား ? နောက်ပြီး ဒီအစေခံက ကျွန်ုပ်ကိုမကျေနပ်လို့ ချောက်ချတာလို့ရော မတွေးမိကြဘူးလား ? "

မင်းသားငယ်က ချက်ကျလက်ကျပြောလိုက်တော့ အချို့က ခေါင်းညိတ်ကာအဖြစ်အပျက်ကို ပြန်လည်သုံးသပ်လာကြသည်။ဘာဘဲဖြစ်ဖြစ် အဖက်ဖက်ကကြိုတင်တွေးထားတာကအမှားမရှိဘူးမဟုတ်လား ?

"မဖြစ်နိုင်တာ။ဒီနန်းတွင်းသူသေချာပေါက်အမှန်ကိုပြောနေတယ်လို့ ကျွန်တော်မျိုးမက အာမခံပေးနိုင်ပါတယ် "

"အိုး..."

မဏိစုသီရဲ့ ရုတ်တရက်လွှတ်ခနဲထွက်သွားတဲ့စကားက အားလုံးကိုဇဝေဇဝါဖြစ်သွားစေသည်မို့ ရူစန္ဒာသည်ပင်လျှင် အိုးခနဲအသံပြုကာ လှောင်ပြုံးလေးပြုံးလိုက်ရ၏။

"ညီမတော်က ဒီအစေခံအပေါ် ယုံကြည်ချက်ပြင်းထန်နေပုံထောက်ရရင် ကြည့်ရတာ တစ်ခုခုများရှိနေသလား ? "

ရူစန္ဒာရဲ့ခပ်အေးအေးနဲ့ တစ်လုံးချင်းပြောသွားတဲ့စကားတစ်ခွန်းကမဏိစုသီကိုကျောချမ်းသွားစေတာအမှန်။ဒါပေမယ့် မဏိစုသီဆိုတာကလည်း ဘယ်သူမလို့လဲ။ အမေတူသမီးဖြစ်သည်မို့ အခြေအနေအရပ်ရပ်ကိုချက်ချင်းထိန်းချုပ်ကာ ပျက်ယွင်းသွားတဲ့ မျက်နှာ အနေအထားကို အားလုံးကမသိလိုက်ခင်မှာတင် ဖျတ်ခနဲပြင်လိုက်ပြီးသား။

"အကိုတော်ကညီမတော်ကို မကျေမနပ်ဖြစ်နေပုံပဲ"

မဏိစုသီက သူတော်ကောင်းယောင်ဆောင်ကာလေသံလေးနဲ့ပြောလိုက်တော့ ဘေးလူများက အားနည်းသည့် မိန်းမငယ်လေးအား ချက်ချင်းပင် ပြေးကူလိုက်ချင်စိတ်များကတဖွားဖွားပင်။

Maharverse : အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း( Complete )Where stories live. Discover now