အပိုင်း (၇၃)

2.4K 157 2
                                    

{Unicode}

ဂုဏ်သရေရှိ ဧည့်သည်တွေကို လက်ခံတွေ့ဆုံတဲ့ ဧည့်ဆောင်ထဲမှာ မယ်ဒီရာက လက်ဖက်ရည်သောက်နေသည်။ သူမညာဘက်မှာ စီရီရာ ရှိနေပြီး သူမကြည့်ရတာ စိတ်လှုပ်ရှားနေကာ သူမမျက်ဝန်းတွေက မယ်ဒီရာ့ထံ မကြာခဏ အကြည့်ရောက်နေလေသည်။

သို့သော် ဧည့်ဆောင်ထဲ သူမတို့နှစ်ယောက်ထဲတော့ မဟုတ်ချေ။ အစေခံတွေက နံရံနား သတိအနေအထားနဲ့ စောင့်ကြပ်နေကာ အပျိုတော်တွေက စားသောက်ဖွယ်တွေ တည်ခင်းနေသည်။

"အရှင်မ... နယ်စားလေး ကရစ်ခ် ရောက်ရှိလာကြောင်းပါ..."

"ဧကရီအရှင်မ!"

သူရောက်လာကြောင်း ကြေငြာတဲ့ အထောက်တော်နောက်တွင် လုခ်ပေါ်လာသည်။ သူ့ကို စောင့်နေဖို့ အခန်းထဲ ဦးဆောင်ခေါ်သွားမဲ့ အစေခံကို လစ်လျူရှုကာ တိုက်ရိုက်ဝင်လာခြင်းဖြစ်သည်။ သူ ခပ်မြန်မြန်ဖြတ်ပြီး မယ်ဒီရာ့နား ချဉ်းကပ်သွားတာမို့ အစေခံက လမ်းဖယ်ပေးလိုက်သည်။

"ဧကရီ အရှင်မ... ကျွန်တော်မျိုးတို့ တယောက်နဲ့ တယောက် မတွေ့တာ ကြာလှပါပြီ"

သူမထိုင်ခုံနား ဒူးတဖက်ထောက်ကာ လုခ် မယ်ဒီရာ့ကို ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်လိုက်သည်။ သူမလက်ကို ကမ်းပေးရမဲ့ အခြေအနေဖြစ်မှန်း မယ်ဒီရာ သဘောပေါက်လိုက်သည်။ လုခ် မယ်ဒီရာ့လက်ကို ကိုင်ကာ လက်ဖမိုးကို နမ်းလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။

"ထိုင်ပါ"

"ဟုတ်ကဲ့ အရှင်မ"

လုခ် သူမဘယ်ဘက်တွင် အပြုံးနဲ့ ထိုင်လိုက်သည်။

သူနဲ့ မျက်နှာချင်းဆိုင်က စားပွဲရဲ့ တခြားဖက်မှာ ထိုင်နေတဲ့ စီရီရာဆီ သူ့အကြည့်ရောက်သွားသည်။

"ဒါက မြို့စား ဟက်စတီးရားပဲ၊ သူအခုပဲ မြို့တော်ကို ရောက်တာ"

ဒီနာမည်ကို လုခ် ပထမဆုံး ကြားဖူးတဲ့အပြင် မြို့စားရဲ့ နွမ်းပါးတဲ့ ပုံစံက မြို့တော်က တော်ဝင်မျိုးနွယ်နဲ့ လားလားမှ မတူချေ။

သူ သူမကို လေ့လာနေတုန်း စီရီရာ စိတ်လှုပ်ရှားစွာ လှမ်းကြည့်လိုက်သည်။

Your Majesty is annoying (Myanmar Translation)Where stories live. Discover now