Chapter 45

2.4K 381 22
                                    

Chapter 45

လှိုဏ်ဂူထဲမှ အမြန်ထွက်လာသူအုပ်စုက ကိုယ်ခံပညာလေ့ကျင့်ရေးကွင်းအစွန်းနားတွင် ရပ်တန့်လိုက်ကြပြီး ဘေးပတ်ဝန်းကျင်တွင်လည်း အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်သွားသည်။

သူတို့အားလုံး၏အကြည့်များက ရင်သပ်ရှု့မောဖွယ်ကောင်းလောက်အောင်လှပသည့် သာမန်လူမဟုတ်သောလူငယ်လေးထံတွင်သာ ရှိနေသည်။ သူ၏ လှုပ်ရှားမှုတိုင်းက မြင်မြင်သမျှလူတိုင်း၏ နှလုံးသားကို ချုပ်ကိုင်ထားနိုင်သည်။

နျဉ်ယွင်ရှင်း၏မျက်လုံးများက အနည်းငယ် တုန်ယင်သွားပြီး ထိတ်လန့်မှုမှ အချိန်အတန်ကြာသည်အထိ ပြန်မကောင်းလာခဲ့ပေ။ အရှေ့ပိုင်းကျက်တီးမြေတွင် သူတွေ့ခဲ့သည့် သာမန်လူငယ်လေးတစ်ယောက်က ထိုမျှ အသက်ရှုမှားလောက်အောင် ချောမောပြီး အားလုံးကို ညှို့ယူဖမ်းစားနိုင်သည်အထိ လှပလိမ့်မည်ဟု မထင်ထားခဲ့ပေ။

နျဉ်ယွင်ရှင်းက နှစ်ပေါင်းများစွာ ဂူပိတ်ကျင့်ကြံခဲ့သောကြောင့် အပြင်လောကအကြောင်း အနည်းငယ်မျှသာသိ၍ ရှန်းလျိုရှန့်က မည်သူမည်ဝါဖြစ်ကြောင်း ချက်ချင်းမသိပေ။ လူငယ်လေး၏ ထူးခြားပြောင်မြောက်သောအလှကိုသာ သူ အံဩတကြီး ဖြစ်သွားရခြင်းပင်။

ကျောက်လင်းကမူ ထိုသို့မဟုတ်ပေ။ လူငယ်လေး၏ ချောမောခံ့ညားသောပုံစံကို မြင်လိုက်ရသည့်အခါ သူ့ရင်ထဲတွင် ခံစားချက်လှိုင်းများ မြင့်တက်လာသည်။

ထိုမျက်နှာကို သူ မှတ်မိသည်။

အဲဒါ ချင်းလင်ဂိုဏ်းက အင်မော်တယ်ရှန်းပဲ...

လွန်ခဲ့သော ဆယ်နှစ်အတွင်းတွင် ကျောက်လင်းက ဓားဂိုဏ်းတွင်နေထိုင်ခဲ့ပြီး အညှာအတာကင်းကင်းဖြင့် မရေမတွက်နိုင်သောလူများကို သူ့ဓားဖြင့် ထိခိုက်ဒဏ်ရာရစေခဲ့သည်။ ထိုလူများထဲတွင် သူ၏အစ်ကိုရှန့်ရှန်း ပါနေလိမ့်မည်ဟု မထင်ခဲ့မိပေ။

ကျောက်လင်း၏မျက်နှာက တစ်ခဏတွင်းချင်း ဖြူဖျော့သွားသည်။

သူတို့နှစ်ယောက်သာမက ထိုနေရာတွင်ရှိနေသူအားလုံးလည်း အံ့အားသင့်သွားကြသည်။ သူတို့ထဲမှ အများစုက ရှန်းလျိုရှန့်ကို ယခင်က တစ်ကြိမ်တစ်ခါမှ မမြင်ဖူးကြပေ။

ပန်းလေးလိုလှတဲ့ ဗီလိန်ရှစ်စွမ်းWhere stories live. Discover now