Chapter 59
လင်ယဲ့၏ အမူအရာက တောင့်တင်းသွားပြီး ရှန်းလျိုရှန့်ကို ကူတွဲပေးလိုက်သည်။
ရှန်းလျိုရှန့်က သူ့ရင်ဘတ်ကို လက်ဖြင့်အုပ်ထားပြီး ချောင်းအဆက်မပြတ်ဆိုးနေကာ သူ့နှုတ်ခမ်းပါးမှ သွေးစိမ်းရှင်ရှင်များ စီးကျလာ၍ သူ၏ ဖြူဖွေးနူးညံ့သော မေးရိုးကို စွန်းထင်းသွားစေသည်။
မြေပြင်ကိုကြည့်နေလျက် လင်ယဲ့၏ မျက်နှာက ပြောင်းလဲသွားသည်။ သွေးကြောများ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားပြီး သေဆုံးသွားရမည့်လူငယ်လေးက အံ့အားသင့်စွာဖြင့် အသက်ရှင်နေသေးပေသည်။
သူ ရှန်းလျိုရှန့်၏လက်ကောက်ဝတ်ကို ဖမ်းဆွဲထားပြီး မေးလိုက်သည်။
" မင်း ဘာလုပ်ထားတာလဲ..."
" သေခြင်းရှင်ခြင်းကို ဝေမျှထားတဲ့မန္တန်..."
ရှန်းလျိုရှန့်က နှုတ်ခမ်းထောင့်မှ သွေးများကိုသုတ်လိုက်ပြီး မျက်တောင်ရှည်များက အနည်းငယ်ခန့် တုန်ယင်သွားသည်။" ရှစ်စွမ်း ကျွန်တော်တို့ကို သင်ပေးဖူးတာဆိုတော့ ရှစ်ရှုန်းလည်း ရင်းနှီးနေမှာပါ..."
ထိုနေရာသို့ အမြန်ရောက်ရှိလာသူများက ကြောက်လန့်တကြားဖြစ်ပြီး နေရာတွင် ရပ်တန့်ကုန်ကြသည်။
လင်ယဲ့က ရှန်းလျိုရှန့်၏လည်ပင်းကို ဖမ်းဆွဲထားလိုက်ပြီး သူ့မျက်နှာက ယခင်နှင့်မတူစွာဖြင့် အေးစက်နေကာ ရှန်းလျိုရှန့်ကို သတ်ပစ်တော့မည့်ပုံစံဖြစ်နေသည်။
" မင်း သူ့အတွက် ဒီလောက်အထိ ဝောာင်လုပ်ပြီး ငါ့ကို ဒီလိုမျိုး ဖိအားပေးတယ်ပေါ့လေ..."
ရှန်းလျိုရှန့်က ပြန်ဖြေလိုက်သည်။
" ကျွန်တော် တမင်လုပ်တာ မဟုတ်ပါဘူး ဒါပေမဲ့ ရှစ်ရှုန်းအဲ့လိုထင်တယ်ဆိုရင်တော့လည်း အဲ့လိုပဲပေါ့..."လင်ယဲ့၏မျက်နှာက ရေခဲတမျှအေးစက်နေပြီး နူးညံ့သောလည်တိုင်လေးက သူ့ထက်ထဲတွင် ရှိနေသည်။ တစ်ချက်တည်းညှစ်သတ်လိုက်ရုံဖြင့် မြေပြင်ပေါ် လှဲလျောင်းနေသည့် ခြိမ်းခြောက်မှုကြီးကို အမြစ်ပြတ်သုတ်သင်နိုင်တော့မည် ဖြစ်သည်။