Part 2 (U+Z)

14.4K 915 17
                                    

#Unicode

“ဖေဖေ သားအဆင်သင့်ဖြစ်ပြီနော်”

“အေး သား ဖေဖေလာပြီ”

ဖေဖေ့ကိုလှမ်းပြောပြီးတာနဲ့ မနက်စာစားဖို့ပြင်လိုက်တယ်။ မနက်တိုင်း မေမေက အလင်းတို့သုံးယောက်လုံးအတွက် ထမင်းချိုင့်ပြင်ပေးပြီး အလင်းကသုံးယောက်လုံး စားဖို့အတွက် မနက်စာပြင်ပေးရတယ်။ ဒါက အလင်းတို့ရဲ့ မနက်တိုင်း ပုံမှန်အလုပ်ပါ။ ဘယ်သူ့အလုပ်ဆိုပြီး သတ်မှတ်မထားပေမယ့် အိမ်အလုပ်အားလုံးကို မေမေကအိမ်ရှင်မမို့ မေမေပဲလုပ်ရမယ်ဆိုပြီး ကျန်တဲ့သူက ဒီတိုင်းမနေခဲ့ဘူး။ မေမေမနက်စာပြင်ရင် အလင်းထမင်းချိုင့်ပြင်တယ်။ ဖေဖေကတော့ မေမေ့ကို မနက်ပိုင်းထပြီး ထမင်းဟင်းချက်တာ ကူပေးတယ်။ ဈေးဝောာ့ ကူမလိုက်ဘူး။ အိပ်ရာ အစောကြီးထရမှာ ပျင်းလို့တဲ့လေ။ အိမ်ကအငယ်ဆုံးလေး ကျွန်တော့ဖေဖေရယ်ပါ။

“သား မင်းမေမေကို မနက်စာကောက်ညှင်းပေါင်းလေး ဝယ်ခဲ့ပါဆိုတာကို မဝယ်ခဲ့ဘူး။ သားကြိုက်ပါတယ်လို့ ပြောတဲ့ဟာကို”

သူစားချင်တာကို အလင်းကို ဆွဲထည့်နေတဲ့ဖေဖေပါ။ ဖေဖေ့အကြောင်းသိတဲ့ မေမေကတော့ ပြုံးလို့သာနေပါတော့တယ်။

“အမလေးကိုကို ရှင့်အကြောင်း ကျမ မသိရင်ခက်မယ်။ သားကြိုက်တာ ကျမသိတယ်။ ဒါပေမဲ့ သားက ခုရက်ထဲ စားချင်ပါတယ်လို့ မပြောဘူး။ ရှင်စားချင်လို့မို့လား”

ချစ်မျက်စောင်းလေးထိုးရင်းပြောတဲ့ မေမေ့ကိုကြည့်ပြီး အလင်းတို့ သားအဖနှစ်ယောက်လုံး သဘောတကျ ပြုံးမိခဲ့ကြတယ်။ ဒီအိမ် ဒီကမ္ဘာလေးက ဖေဖေမေမေတို့အချစ်ကြောင့် ပျော်ရွှင်နေရတာပါ။ ကျွန်တော့်ဘ၀ ကျွန်တော့်ကမ္ဘာလေးပါ။

“ကဲ ဖေဖေ ကောက်ညှင်းပေါင်း မစားရလည်း သားလက်ရာ လက်ဖက်ထမင်းနဲ့ ကြက်ဥကြော်လေးကို အရသာရှိရှိ သုံးဆောင်ပါဖေဖေ”

အလင်းဖေဖေ့ရှေ့ကို ထမင်းပန်းကန်လေးချပေးရင်း ပြောလိုက်တယ်။

“ငါ့သားလက်ရာလေးက ဖေဖေ့အကြိုက်လက်ရာ။ သားမေမေ့လက်ရာလေးကတော့ ကမ္ဘာပေါ်မှာ အကောင်းတကာ့ အကောင်းဆုံးနဲ့ ဖေဖေ့အကြိုက်ဆုံး လက်ရာပဲ”

အလင်းကိုပြောပြီး ဖေဖေက မေမေ့ကိုကြည့်တော့ မေမေက မျက်စောင်းလှလှလေး ထိုးပါလေရော။

“ပိုပြီ”

“မပိုပါဘူးကွာ”

ခဏကြာတော့ အားလုံးထမင်းစားပြီးကြတဲ့အခါ ကိုယ်စီကိုယ်ငှ အိမ်မှထွက်ခါဖို့ ပြင်ကြတယ်။

“သားစားပြီးရင် သွားရအောင်။ ချစ်အိမ်တံခါးပိတ်”

ဖေဖေ့ဆိုင်ကယ်နောက်မှာ အလင်းထိုင်လိုက်ပြီး ဖေဖေ့ခါးကို ဖက်လိုက်တယ်။ မေမေကတော့ သူ့ရဲ့လက်ဆွဲတော် စက်ဘီးလေးဆွဲပြီး ထွက်သွားပါတယ်။ မေမေက ကျန်းမာရေးကောင်းအောင် ကိုယ်လက်လှုပ်ရှားမှုရအောင်ဆိုပြီး စက်ဘီးနဲ့မနက်တိုင်း ရုံးကိုသွားတယ်။ ဖေဖေက အလင်းကိုကျောင်းပို့ရင်း ရုံးကိုဆိုင်ကယ်နဲ့သွားပါတယ်။ မနက်တိုင်းဖေဖေ့ခါးကိုဖက်ပြီး ကျောင်းသွားရတာလည်း အလင်းရဲ့အပျော်ရဆုံးထဲက တစ်ခုပါပဲ။

ခဏနေတော့ မုန်းတို့အိမ်ရှေ့ ရောက်လာတာမို့ ဖေဖေက ဆိုင်ကယ်ရပ်ပြီး ဟွန်းတီးလိုက်ပါတယ်။

“တီ . . . တီ”

ဟော အလင်းနဲ့ဖေနဲ့ ရောက်နေပြီ။ မုန်းက ဟိုးငယ်ငယ်လေးကတည်းက အလင်းရဲ့ဖေဖေ့ကို ဖေလို့ခေါ်ပြီး အလင်းရဲ့မေမေ့ကို မေလို့ခေါ်ခဲ့တာပါ။ ဖေနဲ့မေ့ကို မုန်းက အဖေနဲ့အမေလိုချစ်ရသလို ဖေနဲ့မေကလည်း မုန်းကို သားအရင်းလို ချစ်ပေးကြပါတယ်။

“မေမေ သားသွားပြီ”

မေမေ့ကိုနှုတ်ဆက်ပြီးတာနဲ့ လွယ်အိတ်နဲ့ထမင်းချိုင့်ကို ဆွဲယူပြီး ထွက်လာလိုက်တယ်။

အိမ်ရှေ့ရောက်တော့ အလင်းပေးတဲ့ ဆိုင်ကယ်ဦးထုပ်ကို ယူဆောင်းရင်း ဖေ့နောက်ကို ဝင်ထိုင်းပြီး ဖေ့ခါးကို ဖက်လိုက်တယ်။ အလင်းကတော့ မုန်းနောက်ကဝင်ထိုင်ပြီး မုန်းခါးကိုဖက်ထားလေရဲ့။

ကျောင်းသွားတိုင်း အလင်းမှာ ဖေဖေ့ခါးကို မုန်းတို့အိမ်ထိပဲ ဖက်ရပါတယ်။ မုန်းတို့အိမ်ရောက်တာနဲ့ မုန်းကိုဖေဖေနဲ့ အလင်းကြားမှာ ထားရတယ်။ မေမေက မုန်းတခုခုဖြစ်မှာဆိုးလို့ပါတဲ့။ ကိုယ်ကတာဝန်ယူပြီး ဝင်ခေါ်ရတာဆိုတော့ သူများကလေး တစ်ခုခုဖြစ်သွားရင် မျက်နှာမရ ခြေထောက်ရမှာဆိုးလို့တဲ့လေ။ ပြီးတော့ မုန်းကလည်း ဖေဖေ့သားဆိုတော့ မုန်းကိုလည်း ဖက်ခွင့်ပေးရမယ်ဆိုတာကြောင့် မုန်းအိမ်ရှေ့ရောက်ရင် အလင်းက အမြဲနောက်ဆင်းပေးခဲ့ရတာပါ။

ဆိုင်ကယ်၅မိနစ် ၁၀မိနစ်လောက် မောင်းပြီးတဲ့အခါ အလင်းတို့‌ကျောင်းရှေ့ကို ရောက်လာပါတယ်။

“သား ညနေကြ မင်းမေမေက မမသီရိကို လာခေါ်ခိုင်းမယ်ထင်တယ်။ တကယ်လို့ မမသီရိမလာလည်း ဖေဖေ့ကို မုန်းလေးဖုန်းနဲ့ miss called ပေးလိုက်နော်။ ဖေဖေစီစဉ်ပေးမယ် “

“ဟုတ်ကဲ့ဖေ‌ဖေ တာ့တာ”

“သားမုန်း ဖေသွားပြီ”

“ဟုတ်ဖေ တာတာ့”

ဖေဖေ ထွက်သွားတာကို မျက်စိတဆုံးကြည့်ပြီး မျက်စိရှေ့က ပျောက်သွားပြီဆိုမှ ကျောင်းထဲကိုဝင်လာခဲ့လိုက်တယ်။

“အလင်း ငါညကနွေ့ကို မက်ဆေ့ပို့လိုက်တယ်”

“အင်း ဘာပြောလဲ”

“သူ့ဖုန်းနံပတ် ဘယ်ကရလဲတဲ့။ ငါအားသစ်ဆီကရတယ်ပြောတော့ ဘာပြောစရာ ရှိလို့လဲတဲ့။ ငါနင့်ကို စိတ်ဝင်စားနေတာကြာပြီမို့ ငါနင့်ကိုချစ်တယ်လို့ ပြောလိုက်တယ်”

“အင်း”

“စဉ်းစားဦးမယ်တဲ့ . . . မင်းရော . . .စပြီးသွားပြီလား”

“အင်း ရည်းစားစာတော့ ရေးလာတယ်။ မုန်း မင်းအရင်သွားနှင့်နော်။ ငါကျောင်းထိပ်မှာ နှင်းဆီပန်း ဝင်ဝယ်လိုက်ဦးမယ်”

မုန်းကိုပြောပြီးတာနဲ့ အ.ထ.က (၁) မြောင်းမြဆိုတဲ့ ဆိုင်းဘုတ်အောက်မှာ ပန်းရောင်းတဲ့ အန်တီဆီက နှင်းဆီပန်းတစ်စီးဝယ်ပြီး ကျောင်းရှေ့မှာပဲ မယောင်မလယ် ရပ်နေလိုက်တယ်။

ခဏ‌ကြာတော့ နွေဦးမေဆိုတဲ့ ကျွန်တော်တို့ရဲ့နွေလေးရောက်လာတယ်။

“နွေ ဒီနေ့ ငါတို့အသင်း ဘုရားပန်းလဲရမယ့်နေ့မို့လား။ ငါ နှင်းဆီပန်း ဝယ်လာခဲ့တယ်”

နွေနဲ့အလင်းက အသင်းတူတာမို့ အလင်းဝယ်လာတဲ့ ပန်းစည်းကို နွေ့ကိုပေးလိုက်တယ်။

“မဝယ်လည်း ရပါတယ် အလင်းရယ်။ နင်အမြဲဝယ်ပေးနေတာ။ နေဦး ငါသပြေပန်း ဝယ်လိုက်ဦးမယ်။ နှစ်ခုပေါင်းထိုးရင် အတော်လှတယ်။ မေမေအဲ့လိုထိုးတာတွေ့လို့ ကျောင်းမှာပြန်ထိုးမယ်တွေးနေတာ”

နွေက သ‌ပြေတစ်ခက်ဝယ်ပြီး အလင်းဆီက နှင်းဆီပန်းစည်းကို လှမ်းယူလိုက်ပါတယ်။

“နွေ ပန်းစည်းထဲမှာစာပါတာမို့ သေချာဂရုစိုက်ယူနော်။ အဲ့စာထဲမှာ ငါနင့်အပေါ်ထားတဲ့ ခံစားချက်တွေ ရေးထားတယ်”

နွေ့ကိုပြောပြီး အလင်းလှည့်ထွက်လာတော့ နွေက ရှက်ပြုံးလေးပြုံးပြီး ကျန်ခဲ့ပါတော့တယ်။

မုန်းရဲ့အလင်းရောင်Where stories live. Discover now