Part 22 (U+Z)

7.8K 569 20
                                    

#Unicode

မနက်‌စောစော ဘုရားကိုသွားချင်တာကြောင့်  မနက်လေးနာရီလောက် အိပ်ရာထပြီး ဘုရားကိုသွားဖို့ပြင်ကြရတယ်။ အားသစ်နဲ့နွေ့ရဲ့ Anniversary ကို ဘုရားသွားမှာမို့ သူငယ်ချင်းတစ်ဖွဲ့လုံးလိုက်ကြမှာပါ။

အလင်းအားလုံးပြင်ဆင်ပြီးတော့ အရှေ့မှာထိုင်စောင့်နေလိုက်တယ်။ သုတနဲ့မုန်းက ဖီးလိမ်းပြင်ဆင်ပြီးထွက်လာတော့ အလင်းငေးခနဲ ဖြစ်သွားရတယ်။ မင်းအဲ့လောက်တောင် ချစ်ဖို့ကောင်းနေရလားမုန်း။

စတစ်ကော်လံအဖြူရောင်အင်္ကျီလေးနဲ့ ယောပုဆိုးအနက်‌ရောင်လေးကို ကျကျနနဝတ်ဆင်ထားတဲ့မုန်းက ထင်းလင်းပြီးချောလွန်းနေတယ်။ ခေါင်းလျှော်လာတာမို့ထင်တယ် ဆံပင်တွေကဖွာနေပြီး ဖြစ်သလိုချထားတာလေးကပင် ဝတ်စုံလေးနဲ့ ပိုပြီးလိုက်ဖက်နေသယောင်ယောင်။ ကတ္ထီပါဖိနပ်အသစ်ကို တစ်ခါတည်းစီးလာတာမို့ ဖြူဖွေးနေတဲ့ခြေထောက်နဲ့ အစိမ်းရောင်ကတ္ထီပါဖိနပ်က ပနံသင့်လှသလို ဖောင်းဖောင်းအိအိခြေဖမိုးလေးနဲ့ ခြေချောင်းလေးတွေက ချစ်ဖို့ကောင်းနေပြန်တယ်။ မင်းကြောင့်နဲ့ ငါရူးတော့မယ်မုန်း။

“အလင်းဘာငေးနေတာလဲ”

သုတမေးတော့မှ ကိုယ့်ကိုယ်ကို ပြန်သတိထားမိတယ်။ ငါသတိလက်လွတ်ငေးနေမိတာပါလား။

“ဘာ‌မှမငေးပါဘူးကွာ။ ဒါနဲ့ မိန်းခလေးတွေက မပြီးသေးဘူးလား။ မေသူနဲ့ရှားရော နွေ့အင်္ကျီတွေနဲ့တော်ရဲ့လား”

ရှားနဲ့မေသူက ညကအလင်းတို့အိမ်မှာအိပ်တာမို့ အင်္ကျီတွေပါမလာ‌တာ‌ကြောင့် နွေ့အင်္ကျီတွေယူဝတ်ကြမှာဆိုတော့ တော်ပါ့မလားလို့တွေးမိပြီး မေးလိုက်မိတယ်။ အဲ့ဒီအချိန်မှာပဲ ရှားကအရင်ထွက်လာတယ်။

“မထင်ရဘူး။ နွေ့အင်္ကျီတွေနဲ့ ရှားနဲ့ကွက်တိဖြစ်နေတယ်။ မုန်း ငါလှလား”

“အင်း လှတယ်။ ဘီလူးမလေး လူ့ပြည်လာသလိုပဲ “

မုန်းစလိုက်တော့ ရှားတစ်ယောက် ဒေါသထွက်ပြီး လိုက်ထုပါတော့တယ်။

“ဟားဟား”

သုတကလည်း အကျယ်ကြီးအော်ရယ်လိုက်တာမို့ အထဲကလူ‌တွေပါ ထွက်လာကြပါတယ်။

“ဘာတွေဖြစ်တာလဲ” 

နွေကမေးတော့ အလင်းကပဲ ပြန်ဖြေလိုက်တယ်။

“ဘာမှမဖြစ်ဘူးနွေ။ ဒါနဲ့ မေသူ နင်ရောအဆင်ပြေရဲ့လား”

နွေ့ကိုပြန်ဖြေရင်း မေသူ့ဘက်ကိုလှည့်ပြီး မေးလိုက်မိတယ်။

“အေးပြေတော့ပြေတယ် အလင်းရဲ့။ ဒါပေမဲ့ နည်းနည်းကြပ်နေတယ်။ ငါကနွေ့ထက်နည်းနည်းထွားတော့လေ ဝတ်လို့တော့ရပါတယ်။ သွားကြမယ်လေ”

အကုန်ပြင်ဆင်ပြီးကြပြီဆိုတော့ လမ်းထိပ်ကိုထွက်ပြီး Taxi ငှားရတယ်။ မိန်းခလေးသုံးယောက်က Taxiတစ်စီး ၊ ယောက်ကျားလေး လေးယောက်က Taxiတစ်စီးနဲ့ ထွက်လာခဲ့ကြတယ်။

မုန်းတို့ဘုရားကိုရောက်တော့ ဘုရားစောင်းတန်းမှာ ဘုရားဆွမ်းတော်၊ ဘုရာပန်း၊ ဖယောင်းတိုင်းနဲ့ အမွှေတိုင်အားလုံးကို တစ်ခါတည်းဝယ်လာခဲ့လိုက်တယ်။ ဝယ်လာတဲ့ပစ္စည်းတွေကို ဘုရားကိုကပ်လှူပူဇော်ပြီး ဘုရားရှိခိုးကြတယ်။ မုန်းဘုရားရှိခိုးပြီးတဲ့အခါ ဘုရာရှိခိုးရင် အကြာကြီးကြာတတ်တဲ့အလင်းကို ထိုင်စောင့်နေလိုက်ပါတယ်။

မြန်မာဝတ်စုံနဲ့သိပ်ကိုလိုက်ဖက်ပြီး ခန့်ချောကြီးဖြစ်နေတဲ့အလင်းကို ကြည့်လို့မဝသလို ဘုရားရှိခိုးနေတာမို့ နှုတ်ခမ်းကပွင့်လာလိုက် ပိတ်သွားလိုက်နဲ့ ကြည့်ရတာအသဲယားစရာ‌လေး။ အမလေး မောင်မုန်း ဘုရားပေါ်လာပြီး ဘုရားရှိခိုးနေတဲ့သူကို ပြစ်မှားနေရတယ်လို့။ မိုးကြိုး အတောင့်လိုက်ပစ်တော့မှာပဲ။

အလင်းဘုရားရှိခိုးနေတာကို ဆက်ကြည့်နေရင် ဘုရားပေါ်မှာ မဟုတ်တရုတ်တွေးလို့ မိုးကြိုးအပစ်ခံရနိုင်တာမို့ မုန်းထထွက်လာပြီး အပင်လေးတစ်ပင်အောက်မှာ ဂိမ်းဆော့ရင်းစောင့်နေလိုက်တယ်။

အလင်းဘုရားရှိခိုးပြီး အနားကိုကြည့်မိတော့ မုန်းကိုမတွေ့တော့ဘူး။ မုန်းတစ်ယောက် ဘယ်ရောက်သွားပါလိမ့်။ မုန်းကိုရှာရင်း ဗုဒ္ဓဟူးထောင့်မှာ ဆီမီးထွန်းနေတဲ့ရှားကိုတွေ့တာနဲ့ ဆီမီးကူထွန်းပေးဖို့သွားလိုက်တယ်။

“ရှား ဆီမီးကူထွန်းပေးရဦးမလား”

“ကျေးဇူးပါအလင်းရယ် ကူပါဦးနော်။ ဒီ‌ဖယောင်းတိုင်လေးတွေ မကုန်သေးလို့ ကုန်အောင်လှူခဲ့ချင်လို့”

“အင်း ကူပေးမယ်လေ။ ဒါနဲ့ ဒါက ဗုဒ္ဓဟူးထောင့်နော်ရှား။ ရှားက ဗုဒ္ဓဟူးသမီးလား။ ရှားကိုသောကြာသမီးထင်နေတာ သျှားဆိုတော့လေ”

“ဟီးးဟုတ်တယ်အလင်းရဲ့။ ရှားကိုလူတိုင်းက သောကြာသမီးလား ဗုဒ္ဓဟူးသမီးလားဆိုပြီးမေးကြတယ် ရှား‌ဆိုတော့လေ။ နာမည်မှာရှားပါတဲ့ လူတော်တော်များများက သရပင့်ဟထိုးနဲ့ သျှားကြတာ။ ဒါမဲ့ ရှားနာမည်က ရကောက်ဟထိုးနဲ့ ရှားတာအလင်းရ။ တစ်မိသားစုလုံးရဲ့ တစ်ဦးတည်းသောမိန်းခလေးမို့ မိသားစုတစ်စုလုံးမှာမှ ရှားရှားပါးပါး မိန်းခလေးတစ်ယောက်ပဲ မွေးတာမို့ နေ့နံလည်းကိုက်အောင် ရှားအိမ့်ချယ်လို့ပေးခဲ့တာ။ အဲ့ကြောင့် ရှားနာမည်က ရကောက်ဟထိုးနဲ့ရှားတာ ရှားကဗုဒ္ဓဟူးသမီး”

“ဪ . . ဒီလိုလား အဓိပ္ပါယ်လေးကလည်း မဆိုးဘူးနော်။ နေ့နံနဲ့လည်းကိုက်တယ်”

“အင်း ဟုတ်တယ်”

စကားပြောရင်း ဖယောင်းတိုင်ထွန်းတာကုန်သွားတော့ ရှားကဘုရားရှိခိုးဖို့ထိုင်လိုက်တယ်။

“ရှား ငါထိုင်ပြီး စောင့်မပေးလို့ဖြစ်လား။ ငါဘုရားရှိခိုးနေတုန်း မုန်းက မစောင့်နိုင်လို့ထင်တယ် ထွက်သွားလို့လေ မုန်းကိုရှာရဦးမယ်။ ဖုန်းကလည်း မုန်းဆီမှာဆိုတော့ ဘယ်မှာလဲလို့ ဖုန်းဆက်မေးလို့ မရတာကြောင့် ရှာမှဖြစ်မှာမို့”

“ဪ . . . ရပါတယ်အလင်းရဲ့ သွားလေ။ ရှားဖုန်းကလည်း မေသူ့ဆီပါသွားတာ။ အလင်းတို့ရှားကို ဘယ်မှာစောင့်မလဲသာပြောခဲ့အလင်း ရတယ်”

“ဒါဆို ငါတို့ ရှားကို အရှေ့ဘက်မုဒ်မှာ စောင့်မယ်နော်။ မုန်းကိုရှာတွေ့ရင် တခြားသူတွေကိုပါဖုန်းဆက်ပြီး အရှေ့ဘက်မုဒ်မှာ ဆုံဖို့ပြောထားမှာမို့ ရှားလည်း အဲ့ဒီကိုပဲလာခဲ့လိုက်”

“Ok အလင်း”

ရှားကိုထားခဲ့ပြီး မုန်းကိုရှာဖို့ အလင်းထွက်လာခဲ့လိုက်တယ်။ ခဏကြာတော့ တွေ့ပါပြီမောင်မုန်း။ အပင်အောက်မှာ ဖုန်းနှစ်လုံးနဲ့ အလုပ်ရှုပ်နေရှာတယ်။

“မုန်းဘာလုပ်နေတာလဲ။ ဘုရားရှိခိုးပြီးတော့ အနားမှာမရှိတော့လို့ လိုက်ရှာနေတာ ဒီမှာဘာထိုင်လုပ်နေတာလဲ”

မင်းကိုထိုင်စောင့်နေရင်း မင်းကိုကြည့်ပြီး ပြစ်မှားနေမိလို့ မိုးကြိုးပစ်မှာဆိုးလို့ ထထွက်လာတယ်လို့ ကိုယ့်ရင်ထဲမှာပဲ ပြောနေခဲ့မိတယ်။ သူ့ကိုပြောလို့မဖြစ်သေးဘူးလေ အဟီး။

“မင်းဘုရားရှိခိုးတာကြာလို့ ဒီအပင်အောက်မှာ အေးအေးလူလူထိုင်ရင်း ဂိမ်းဆော့ပြီးစောင့်နေတာ”

“ဪ . . .အေးပါကွာ။ အရှေ့ဘက်မုဒ်မှာစောင့်နေမယ်လို့ ကျန်တဲ့သူတွေကိုပါ ဖုန်းဆက်လိုက်ဦးမုန်း”

အလင်းနဲ့စကားထိုင်ပြောရင်း ကျန်တဲ့လူတွေကိုပါ အရှေ့ဘက်မုဒ်မှာ စောင့်နေမယ်လို့ ဖုန်းဆက်ပြောပြီး ချဉ်ပေါင်းစားချင်လာတာကြောင့် အောက်ကိုဆင်းဝယ်ဖို့ အလင်းကိုခေါ်ရတယ်။

“အလင်း အောက်မှာ ချဉ်ပေါင်းသွားဝယ်မလို့ လိုက်ခဲ့ပေးပါ့လား”

“အင်း သွားလေ”

ဓာတ်လှေကားနဲ့မဆင်းဘဲ ရိုးရိုးလှေကားကနေပဲ ဆင်းလာခဲ့ကြတယ်။ လမ်းတစ်ဝက်ရောက်တော့ အပေါ်ကပြေးဆင်းလာတဲ့ကလေးက မုန်းကို‌အနောက်ကနေ အရှိန်နဲ့ပြေးဝင်းပြီး တိုက်လိုက်မိတာကြောင့် မုန်းအရှေ့ကိုငိုက်ကျသွားတာမို့ အလင်းကဖမ်းဆွဲလိုက်တော့ အလင်းရင်ခွင်ထဲကို ရောက်မှန်းမသိရောက်သွားခဲ့ရတယ်။

ရင်ခွင်ထဲရောက်ပြီး နီးစပ်သွားတဲ့မျက်နှာနှစ်ခုကြောင့် ရုန်းထွက်ဖို့မေ့နေခဲ့သလို လွှတ်ပေးဖို့ကိုလည်း မေ့နေခဲ့ကြတယ်။

“ဟင်”

နှစ်ယောက်လုံးလန့်ပြီး ပြိုင်တူဆိုသလိုပဲ ရင်ခွင်ထဲက ထွက်တဲ့သူကထွက် လွှတ်ပေးတဲ့သူကလွှတ်ပေးနဲ့ ပုံစံမကျတဲ့အနေအထား ဖြစ်သွားတယ်။ မုန်းလည်းရှက်ရှက်နဲ့ မျက်နှာကိုလက်နဲ့ကာပြီး ချွေးသုတ်သလိုလိုနဲ့ အလင်းကို ခိုးကြည့်ရတယ်။

အဲ့ဒီအချိန် မျက်နှာကိုအုပ်ထားတဲ့ မုန်းရဲ့လက်မှာပတ်ထားတဲ့ လက်ပတ်လေးကလင်းလာပြီး Heart Beat မြန်နေတာကို မုန်းကိုယ်တိုင်သတိမထားလိုက်မိပေမဲ့ ဘေးကအလင်းကတော့ မြင်သွားခဲ့ပါတယ်။ အလင်းမြင်သွားခဲ့တယ်ဆိုတာကိုတော့ မုန်းမသိလိုက်ပါဘူး။

အဲ့ဒီလိုပဲ မျက်နှာကိုအုပ်ထားတဲ့ လက်ကြားထဲကနေ အလင်းကိုလှမ်းကြည့်တဲ့အချိန် အလင်းလက်မှာပတ်ထားတဲ့ လက်ပတ်လေးကလင်းနေပြီး Heart Beat မြန်နေတာကို အလင်းကိုယ်တိုင်သတိမထားမိပေမဲ့ မုန်းကတော့ သေချာလေး မြင်လိုက်ရတယ်။ မုန်းမြင်သွားခဲ့တယ်ဆိုတာကိုတော့ အလင်းတစ်‌ယောက် မသိခဲ့ရှာပါဘူး။ နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် မြင်ခဲ့ကြပေမယ့် မမြင်ချင်ယောင်ဆောင်ခဲ့ကြတယ်။

ငါ့ရင်ခွင်ထဲကိုရောက်ပြီးမှ မင်းရဲ့ Heart Beat မြန်လာတာကို ငါမြင်တယ်ဆိုတာကိုသာ မင်းသိသွားရင် အနေရခက်သွားမှာဆိုးလို့ မမြင်ချင်ယောင်ပဲ ဆောင်နေလိုက်ပါ့မယ်မုန်း။

ရင်ခုန်သံတွေကို ညာနေတဲ့မင်းက မင်းရင်ခုန်နေတာကို ငါမြင်သွားတယ်ဆိုတာကိုသာသိသွားရင် ရှက်သွားမှာဆိုးလို့ မမြင်ချင်ယောင်ဆောင်လိုက်ပါ့မယ်အလင်း။ မင်းရင်ခွင်ထဲငါရောက်လာပြီးတော့မှ မင်းရဲ့ Heart Beat မြန်လာတာကို မင်းရဲ့လက်ပတ်ကပြနေတယ်အလင်း။

မင်းရင်ခွင်ထဲကို ငါရောက်လာတဲ့အချိန် မင်းရင်ခုန်သွားလား။ ဒါဆို မင်းလည်းငါ့ကိုချစ်နေတယ်ပေါ့။ ငါပြုတ်ကျသွားမှာဆိုးပြီး လန့်သွားလို့ ရင်ခုန်တာနေမှာပါလို့‌တော့ မင်းကိုယ်မင်း မညာနဲ့နော်။ မင်းမျက်လုံးနဲ့ မင်းရင်ခုန်သံ‌တွေက ညာလို့မရဘူးအလင်း။

ငါတို့တစ်ယောက်ကိုတစ်ယောက်ညာလို့ရပေမယ့် ရင်ခုန်သံတွေကို‌တော့ ညာလို့မရဘူးလေ။ ရင်ခုန်သံတွေကိုဖော်ပြပေးတဲ့ လက်ပတ်လေးကိုလည်း မင်းညာလို့မရဘူးအလင်း။ မင်းလည်းငါ့ကိုချစ်နေတယ်ဆိုရင် ငါမင်းကို လုံးဝအဆုံးရှုံးခံမှာ မဟုတ်လို့ မင်းကမပြေးဘဲရပ်နေပေးပါ။ မင်းဆီကို ငါကိုယ်တိုင်ပြေးလာမှာမို့ မင်းငါ့ဆီကို မလာနိုင်ရင်တောင် ငါပြေးလိုက်လို့မှီအောင်တော့ ရပ်နေပေးပါ။ ကျေးဇူးပြုပြီး မင်းထွက်မပြေးပါနဲ့နော်။

မုန်း မင်းငါ့ရင်ခွင်ထဲကို ရောက်နေတဲ့အချိန် မင်းရင်ခုန်နေတာလား။ ပြုတ်ကျတော့မှာမို့လန့်သွားလို့ ရင်ခုန်တယ်ပြောရအောင်လည်း ရှက်လာမှရဲတတ်တဲ့ မင်းနားရွက်လေးတွေက အဲ့လိုမဟုတ်ကြောင်းကို သက်သေပြနေတယ်။ ငါ့ကိုအလန့်တကြား မော့ကြည့်လာတဲ့ မင်းမျက်ဝန်းတွေက မင်းငါ့ကိုချစ်နေပါတယ်လို့‌ ဖော်ပြနေသယောင်ယောင်။ ဒါဆို မင်းလည်းငါ့ကို ချစ်နေတာလားမုန်း။ မချစ်ပါနဲ့မုန်းရယ် မချစ်သင့်တဲ့အချစ်ကို ချစ်မိရင် မင်းနာကျင်ရမှာမို့ မင်းကရှေ့ဆက်တိုးမလာဘဲ အဲ့နေရာမှာပဲရပ်နေပေးပါ။ ငါက မင်းနဲ့ဝေးရာကို ထွက်ပြေးပေးပါ့မယ်။

တစ်ဖက်က လိုက်ဖို့တွေးပေမယ့်။ တစ်ဖက်ကတော့ ပြေးဖို့ကိုပဲ တွေးနေလေရဲ့။ ပြေးမယ့်သူကို လိုက်တဲ့သူက မှီပါစေလို့ဆုတောင်းရင်း။

ဘုရားပေါ်ကဆင်းလာခဲ့ကြပြီး ပြည့်သူ့ရင်ပြင်ထဲကိုဝင်တဲ့အချိန် အလင်းကို ရှားက ဓာတ်ပုံရိုက်ပေးခိုင်တာမို့ အလင်းဓာတ်ပုံရိုက်ပေးနေလိုက်တယ်။ ရှားက တကယ်ကို ပွင့်လင်းပြီးချစ်ဖို့ကောင်းတဲ့မိန်းခလေးမို့ အလင်းချစ်မိသွားဖို့ လွယ်မှာပါ။

မုန်း အားသစ်တို့အတွဲကို ဓာတ်ပုံရိုက်ပေးပြီးတော့ မောလာတာမို့‌ အပင်အောက်မှာထိုင်ချလိုက်တယ်။ သုတနဲ့မေသူနဲ့ကလည်း တစ်ယောက်တလှည့် ဓာတ်ပုံရိုက်နေတာ မပြီးနိုင်မစီးနိုင်ပါ။ အားသစ်တို့အတွဲကတော့ တစ်တစ်တူးနေကြတယ်။ အလင်းကိုကြည့်တော့လည်း ရှားကိုဓာတ်ပုံရိုက်ပေးနေတာမို့ မုန်းတစ်ယောက်တည်း အဖော်မဲ့နေပါ‌ရောလား။ သနားစရာငါလေး။

အလင်းက ရှားကိုဓာတ်ပုံရိုက်ပေးပြီးတော့ မုန်းဘေးနားမှာလာထိုင်းပြီး မုန်းကိုမေးလာတယ်။

“မုန်း . . . မင်းရှားကိုချစ်နေတာလား” . . .တဲ့။

ဘယ်လိုအတွေးနဲ့မေးမှန်းမသိပေမယ့် အလင်းမေးလာတာကြောင့် မုန်းဖြေလိုက်တယ်။

“မချစ်ပါဘူး။ ဘာလို့လဲ”

“မေးကြည့်တာ။ တကယ်မချစ်တာ သေချာလား”

“အင်း သေချာတယ်။ ရှားက ငါ့အတွက် သူငယ်ချင်းကောင်းထက် မပိုပါဘူး။ ဘာလို့လဲ”

“မင်းမချစ်တာသေချာရင် ငါရှားကို ချစ်ခွင့်ပန်မလို့။ မင်းလည်းချစ်နေတယ်ဆိုရင်တော့ ငါချစ်နေတာကို သူသိအောင်ဖွင့်မပြောဘဲ နေမလို့‌ပါ။ မင်းမချစ်တာသေချာတယ်ဆိုတော့ ငါသူ့ကိုချစ်ခွင့်ပန်တော့မယ်”

တောင်းပန်တယ်မုန်း။ မင်းချစ်နေတာကို ငါသိပေမယ့် ငါချစ်တာက မင်းကိုမဟုတ်ဘူးလို့ မင်းသိမှ မင်းငါ့ကိုမေ့လို့ရမှာမို့ပါ။ မင်းကိုရော ရှားကိုရော ရင်ခုန်ပေမယ့် ငါမင်းကိုပဲချစ်တာပါ။ ရှားကိုတော့ နွေပြောသလို ငါ့ကိုယ်ငါညာဖို့ ရင်ခုန်ခဲ့တာဖြစ်လိမ့်မယ်။ သဘာဝကိုလွန်ဆန်ပြီး မင်းကိုရွေးချယ်ခဲ့ရင် အားလုံးစိတ်ညစ်ရမှာမို့ ပိုပြီးဖြစ်သင့်တဲ့ရှားကို ငါရွေးချယ်လိုက်တာ။ ငါရှားကိုချစ်လို့ရမှာပါ ချစ်လာအောင်လည်းကြိုးစားမှာ။ မင်းကိုချစ်သလောက် မချစ်နိုင်ရင်တောင်မှပေါ့။

မင်းညာပြန်ပြီအလင်း။ မင်းချစ်နေတာ ငါမှန်းသိနေရက်နဲ့ မင်းကိုမင်းညာတာအားမရလို့ ငါ့ကိုပါလာညာနေတာလားအလင်း။ မင်းချစ်နေတာ ငါမဟုတ်ဘူးဆိုရင်တောင် ငါကမင်းကိုရအောင်ယူမှာမို့ အဲ့ဒီအချိန် မင်းငါ့ကို မုန်းမသွားပါစေနဲ့လို့ ဆုတောင်းရုံပဲပေါ့။ ခုတော့ မင်းချစ်ချင်တဲ့သူကို စိတ်ကြိုက်ချစ်လိုက်အလင်း။

ညဘက်ရောက်တော့ မုန်းအိပ်မပျော်တာမို့ အလင်းမျက်နှာကို တစ်ညလုံးကြည့်ရင်း အတွေးတွေများနေခဲ့မိတယ်။ ဘာကြောင့်လဲအလင်း မင်းငါ့ကိုချစ်နေတာကို ဘာလို့ရှောင်ပြေးနေတာလဲ။ မင်းဘာတွေကိုတွေးပြီး ကြောက်နေတာလဲအလင်း။

မေတို့ဖေတို့ကြောင့်လား။ ငါ့ဖေဖေကြောင့်လား။ ပတ်ဝန်းကျင်ကြောင့်လားအလင်း။ အချစ်ကိုလက်ခံရမှာကို ကြောက်နေတာလား။ ဒါမှမဟုတ် မင်းချစ်မိတာက ယောက်ျားလေးဖြစ်နေတာကို လက်ခံရမှာ ကြောက်နေတာလားအလင်း။

ငါကတော့ မင်းကိုချစ်တဲ့အချစ်တွေနဲ့ ရှေ့ဆက်ဖို့ အားအင်တွေရပြီး ဖေဖေ့ကိုတော်လှန်နိုင်ဖို့ ကြိုးစားနေတဲ့အချိန်မှာ မင်းကတော့ ငါနဲ့ဝေးရာကို ထွက်ပြေးနေတာတဲ့လားအလင်းရာ။

ဘာကိုမှတွေးကြောက်မနေဘဲ ငါ့ကိုပဲကြည့်ပြီး ငါ့ကို‌ပဲချစ်ပေးလို့ မရဘူးလားကွာ။ ငါ့လက်ကိုတွဲပြီး အရာရာရင်ဆိုင်ဖို့ မင်းကသတ္တိမရှိရင် မင်းလက်ကိုတွဲပြီး ငါက အရာရာရင်ဆိုင်ပါ့မယ် အလင်း။

မုန်း အလင်းကိုကြည့်ပြီး အိပ်မရတော့တာကြောင့် ဝရန်တာဘက်ကို ထွက်လာခဲ့လိုက်တယ်။

မုန်းထွက်သွားတော့မှ အလင်းသက်ပြင်းဖွဖွလေး ချလိုက်မိတယ်။ မုန်းတစ်ချိန်လုံး သူ့ကိုကြည့်ပြီး သက်ပြင်းခဏခဏချနေတာကို သူသိတာပေါ့။ ငါလည်းအိပ်ချင်ယောင်ဆောင်ရတာ အရမ်းပင်ပန်းတယ်မုန်း။ မင်းလည်း နှိုးရခက်လို့ ပင်ပန်းလောက်ရောပေါ့။ ငါမင်းကိုချစ်ရင်တောင် မရွေးချယ်နိုင်ဘူးမုန်း။ သမရိုးကျမဟုတ်တဲ့ဘဝတစ်ခုကို မိသားစုမျက်နှာငယ်အောင် သဘာဝကိုလွန်ဆန်ပြီး မတည်ဆောက်ချင်ဘူး။

ငါ့ကိုအမြဲပျော်ရွှင်အောင်ထားခဲ့တဲ့ ငါ့ဆုံးဖြတ်ချက်တိုင်းကို အမြဲအလေးထားယုံကြည်ပေးခဲ့တဲ့ ဖေဖေနဲ့မေမေ့ကို ငါကြောင့် ပတ်ဝန်းကျင်မှာ မျက်နှာငယ်ရမှာမျိုး ငါ့ကြောင့်စိတ်ဆင်းရဲရမှာမျိူးကို ငါမလိုလားဘူးမုန်း။ အဲ့တော့ ငါရင်ခုန်လို့ရတဲ့ရှားကို ရွေးချယ်ပြီး သာမာန်ဘဝတစ်ခုကို ဖြတ်သန်းဖို့ ရွေးချယ်လိုက်တာပါ။ တောင်းပန်ပါတယ်မုန်း။

ဟူးးးးးးး ငါတခုခုကို လုပ်မှဖြစ်တော့မယ်အလင်းရာ။ မင်းသတ္တိရှိလာအောင် မင်းအချစ်တွေ ဖွင့်ဟဝန်ခံလာအောင် ငါတစ်ခုခုလုပ်မှဖြစ်မယ်။ ခုတော့ ငါ့ဘက်က မင်းကိုချစ်နေတယ်ဆိုတာ‌ကိုပြောပြဖို့ အရင်ကြိုးစားရမယ်။ ပြီးတော့ တောင်းပန်ပါတယ်။ ငါမင်းကိုအဆုံးရှုံးမခံနိုင်လို့ မင်းရွေးချယ်မှုကို ဖျက်စီးရတော့မှာမို့ တောင်းပန်ပါတယ်။

မုန်းတစ်ယောက် ရင်ထဲကပဲအလင်းကို တောင်းပန်ရင်း တစ်စုံတစ်ယောက်ဆီကို ဖုန်းခေါ်လိုက်တယ်။ ဘယ်သူ့ကိုခေါ်ပြီး ဘာတွေပြောပြီး ဘယ်လိုကြံစည်နေတယ်ဆိုတာကိုတော့ မုန်းတစ်ယောက်ပဲသိပါလိမ့်မယ်။

မုန်းရဲ့အလင်းရောင်Where stories live. Discover now