Part 25 (U+Z)

8.8K 572 10
                                    

#Unicode

အလင်း ညကတစ်ညလုံးငိုခဲ့တော့ ခုမနက်ခေါင်းကိုက်နေတာမို့ ဒီနေ့ကျောင်းမသွားတော့ဘဲ တနေကုန်အိပ်ဖို့ စဉ်းစားလိုက်တယ်။ ဒါပေမဲ့ တစ်မနက်လုံး ဘယ်သူ့ကို‌ဖုန်းခေါ်လို့မရလို့ အလုပ်ရှုပ်နေမှန်းမသိတဲ့ နွေ့ကြောင့် ဆက်အိပ်မရတော့လို့ အိပ်ရာက ထလာခဲ့ရတော့တယ်။

မနက်စာစားဖို့ မီးဖိုချောင်ထဲဝင်တော့ တောင်လျှောက်လိုက် မြောက်လျှောက်လိုက်နဲ့ ဂနာမငြိမ်တဲ့ နွေ့ကိုကြည့်ပြီး ခေါင်းပိုကိုက်လာတယ်။ အရင်ကတည်းက ကိုက်နေတဲ့ခေါင်းက နွေ့ကိုကြည့်ပြီး ချာချာလည်ချင်လာတယ်။

“နွေ နင်ငြိမ်ငြိမ်ထိုင်ပြီး ဖုန်းခေါ်လို့မရဘူးလားဟာ။ ငါနင့်ကိုကြည့်ပြီး ခေါင်းပိုကိုက်လာတယ်။ နင်ဘာဖြစ်နေတာလဲ။ ဘယ်သူ့ကိုခေါ်မရလို့လဲ။ ခေါ်မရလည်း မခေါ်ဘဲနေလေဟာ။ သူတွေ့ရင်ပြန်ခေါ်မှာပေါ့”

“နင်မသိပါဘူး။ မနေ့က မုန်းမအားငိုနေတာ။ ညကဖုန်းဆက်တော့လည်း ငိုနေလို့ မနက်ပြန်ခေါ်လိုက်မယ် ပြောထားတာ။ ခုတစ်မနက်လုံး ငါဖုန်းခေါ်နေတာ ခေါ်လို့မရဘူး။ မုန်းက သူအရမ်းစိတ်ဆိုးနေတဲ့အချိန် ဖုန်းခေါ်ရင်တောင် မကိုင်ဘဲမနေခဲ့ဘူး။ ဘာအကြောင်းကိစ္စပဲရှိရှိ ဖုန်းခေါ်ရင် မကိုင်ဘဲမနေဘူး။ ငါခေါ်နေတာ အခါ 100မကတော့ဘူး ဘာများဖြစ်နေလို့လဲမသိဘူးဟာ ငါစိတ်ပူလာပြီ”

“သူနဲ့အမြဲတွဲနေတဲ့သူတွေကို ဖုန်းခေါ်ကြည့်လေ”

“မေသူ့ကိုခေါ်ကြည့်တယ် သူနဲ့တူတူရှိမနေဘူးတဲ့။ မုန်းရောရှားရော ကျောင်းလည်းမလာဘူးတဲ့။ အဲ့ဒါကြောင့် ငါရှားကို ခေါ်ကြည့်သေးတယ်။ ရှားနဲ့လည်း မရှိဘူး။ အားသစ်တို့ သုတတို့နဲ့လည်း မရှိဘူး။ မုန်းမှာ ဒီလူတွေအပြင် တခြားအသိလည်း မရှိဘူးလေ။ မုန်းတစ်ယောက် ဘာများဖြစ်နေပြီလဲ မသိဘူးဟယ်”

နွေက ငိုတော့မလိုပြောလာတာမို့ သူတကယ်ကိုစိတ်ပူနေတာ ဖြစ်ပါလိမ့်မယ်။ ဒါဆို ကျွန်တော်ကရော။ ကျွန်တော့်ရင်တွေလည်း ပူနေပါပြီ။ မုန်းက စိတ်အားငယ်တတ်ပြီး ပျော့ညံ့တတ်တာ ကျွန်တော်သိနေတယ်လေ။ စိတ်ညစ်စရာရှိတဲ့အချိန် စိတ်ပင်ပန်းလာတိုင်း ဖျားတတ်တာမို့ နေမကောင်းဖြစ်နေတာများလား။ မင်းဘာတွေဖြစ်နေလဲမုန်း။ ငါရင်တွေပူလာပြီ။

အလင်းမုန်းဆီကိုသွားဖို့ ပိုက်ဆံအိတ်နဲ့ အပေါ်ထပ်အင်္ကျီကို ကောက်ကိုင်ပြီး သွားဖို့ပြင်လိုက်တယ်။

“ဘယ်သွားမလို့လဲအလင်း”

“မုန်းကိုသွားရှာမလို့”

“ငါလည်းလိုက်ခဲ့မယ်လေ”

“ရတယ် နင်အိမ်မှာစောင့်နေ။ တွေ့တာနဲ့ နင့်ကိုဖုန်းဆက်လိုက်မယ်”

“အေး အေး။ တွေ့တာနဲ့ခေါ်နော်”

“အေးပါ ငါသွားပြီ”

အလင်း နွေ့ကိုပြောပြီး ထွက်လာခဲ့လိုက်တယ်။ Taxi တစ်စီးအမြန်ငှားပြီး မုန်းအခန်းကို အရင်သွားရမယ်။ အဲ့ဒီမှာမရှိမှ မုန်းသွားတတ်တဲ့နေရာလေးတွေ လိုက်ရှာကြည့်ရ‌တော့မှာပေါ့။ ကားသမားဦးလေးကလည်း နှေးလိုက်တာဆိုတာ။

“ဦးလေး နည်းနည်းလောက် မြန်မြန်မောင်းပေးလို့ရမလားခင်ဗျ။ ကျွန်တော်အရမ်းအရေးကြီးနေလို့ပါ”

“ဦးလေးလည်းမောင်းချင်ပေမယ့် ကားကြပ်နေလို့ပါ။ ကားကြောရှင်းတာနဲ့ အမြန်မောင်းပေးမယ်နော်”

“ဟုတ်ကဲ့ ဦးလေး။ ကျေးဇူးပါဗျ”

ကားကလည်းကြပ် မုန်းအိမ်ကို တော်ရုံနဲ့လည်းမရောက်နိုင် လူကလည်း ရင်တွေပူနေပြီး စိုးရိမ်နေရလို့ ရူးတော့မယ်။ ကားကြပ်တာကို ခက်ခက်ခဲခဲ ကျော်ဖြတ်ပြီးတော့မှ မုန်းအိမ်ကို ရောက်လာခဲ့ရတယ်။ မုန်းအခန်းရှေ့ရောက်တော့ အခန်းကို တဒုန်းဒုန်းထုပြီးခေါ်နေပေမယ့် ဘာသံမှမကြားရတာမို့ ဘာဆက်လုပ်ရမလဲတောင် မသိတော့ဘူး။ အထဲမှာလူရှိမရှိ ဝင်ကြည့်ရင်ကောင်းမလား။ သူများအိမ်ကို အိမ်ရှင်မသိဘဲ ဝင်ရင်လည်း မကောင်းပြန်ဘူး။ တခြားနေရာသွားရှာဖို့ လှည့်ထွက်လာခဲ့ပေမယ့် စိတ်ထဲမှာ ဘဝင်မကျ ဖြစ်နေတာကြောင့် အိမ်မှာရှိနေမယ်လို့လည်း ထင်တာမို့ အိမ်ထဲကိုဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။

အိမ်ထဲဝင်မယ်လုပ်တော့ အဲ့ဒါမှ ဒုက္ခပဲ။ ငါ မုန်းရဲ့အိမ် Password ကို သိလည်းမသိဘဲ ဘယ်လိုဝင်ရပါ့။ စမ်းကြည့်ရမှာပေါ့ အရင်းဆုံး မုန်းမွေးနေ့ရိုက်ထည့်ပေမယ့် ပွင့်မလာပေ။ မုန်းမှတ်ပုံတင်နံပတ် ဟုတ်တယ် မုန်းနဲ့ငါက မှတ်ပုံတင် ရှေ့ဆင့်နောက်ဆင့်ဆိုတော့ ငါက ၂၀၇၃၀၈ ဆိုရင် မုန်းက ၂၀၇၃၀၉။ ဖွင့်ကြည့်လိုက်တော့လည်း ပွင့်မလာပါ။ ဒါဆို ဖုန်း Password ထင်တယ်။ ဖွင့်ကြည့်လိုက်မယ်။ 55144 Yes! ဒါပဲလေ ပွင့်သွားပြီ။

အိမ်ထဲဝင်လာတော့ မုန်းစီးနေကြဖိနပ်လေး‌ကို တွေ့လိုက်တာမို့ မုန်းအိမ်ထဲမှာရှိနေတာ သေချာပါပြီ။ အရင်ဆုံး မုန်းအိပ်ခန်းဘယ်မှာလဲ အရင်ရှာရမယ်။ မုန်းအိပ်ခန်းကို ရှာတော့တွေ့ပါပြီ။ အခန်းရှေ့မှာ Mone ဆိုပြီး ချိတ်ထားတာမို့ အခန်းတံခါးကို ဆွဲဖွင့်ကြည့်လိုက်ဝောာ့ စောင်ပုံထဲမှာ ကွေးကွေးလေးအိပ်နေတဲ့မုန်းကို တွေ့လိုက်ရတယ်။

“မုန်း”

အလင်းခေါ်ပေမယ့် ပြန်မထူးတာကြောင့် စိုးရိမ်စွာနဲ့ အနားကိုအမြန်ပြေးပြီး မုန်းကိုလှုပ်နှိုးပြီး ခေါ်ကြည့်လိုက်တော့ ခေါ်လို့မရတော့ပါဘူး။ နဖူးကိုစမ်းကြည့်လိုက်တော့ ကိုယ်တွေခြစ်ခြစ်တောက်ပူနေတာမို့ ကျွန်တော်ထင်တဲ့အတိုင်း ကျွန်တော့မုန်း ကျွန်တော့်ကြောင့် စိတ်ဆင်းရဲရလို့ ဖျားနေပါပြီ။

မုန်းအိပ်ရာဘေးက စားပွဲပေါ်ကိုကြည့်မိတော့ သာမိုမီတာတံလေးက အဆင်သင့်။ ခဏခဏဖျားတတ်တဲ့သူမို့ ဆောင်ထားတာ ဖြစ်ပါလိမ့်မယ်။ သာမိုမီတာလေးယူပြီး အဖျားတိုင်းတော့ 104တဲ့။ အဖျားတော်တော်ပြင်းတာမို့ ရေဇလုံရယ် တဘက်တစ်ထည်ရယ် ယူလိုက်ပြီး အဖျားကျအောင်လုပ်ပေးဖို့ ပြင်ရတယ်။

မုန်းအနားမှာထိုင်လိုက်ပြီး အဖျားကျ‌အောင်လုပ်ပေးဖို့ မုန်းအင်္ကျီကြယ်သီးတွေကို ဖြုတ်ဖို့ပြင်တော့ မုန်းရဲ့ပါးပြင်မှာ မျက်ရည်လေးတွေစီးကျလာပြီး ရှိုက်သံလေးပါထွက်လာတယ်။ ပင်ပန်းနေပြီလားမုန်း။ အလင်း မုန်းနှုတ်ခမ်းဖူးဖူးလေးကို ထိတယ်ဆိုရုံလေး နမ်းလိုက်တယ်။ မြန်လာတဲ့ရင်ခုန်ခုန်သံတွေကို မျက်ကွယ်ပြုပြီး မုန်းအင်္ကျီကြယ်သီးတွေကို အမြန်ဖြုတ်ပေးလိုက်ရတယ်။ မုန်းရဲ့ကိုယ်လုံးကို ရေပတ်တိုက်ပြီး အင်္ကျီပြန်ဝတ်ပေးလိုက်တယ်။ ပြီးတော့ ရေစွတ်ထားတဲ့ တဘက်အစိုလေးကို မုန်းနဖူးပေါ်လေးကိုတင်လိုက် ခဏကြာတော့ ပြန်ယူလိုက်။ ရေပြန်စိမ်လိုက် ရေညှစ်လိုက် နဖူးပေါ်ပြန်တင်လိုက်နဲ့ 45 မိ‌နစ်လောက်လုပ်ပေးတော့ မုန်းအဖျားက အတော်လေးကျသွားပါတယ်။

မုန်းအတွက် ဆေးထွက်ဝယ်ပြီး ပြန်လာတော့မှ မုန်းသောက်ဖို့အတွက် နို့ဆန်ပြုတ်လေး ပြုတ်လိုက်တယ်။ ဆန်ပြုတ်အိုးကျ‌က်မှ နွေ့ကိုဖုန်းခေါ်ဖို့ သတိရလာတာမို့ အလျင်အမြန် ဖုန်းခေါ်ရပါတော့တယ်။

“ဟဲလို နွေ”

“အလင်း မုန်းကိုတွေ့ပြီလား”

“အင်း တွေ့ပြီ သူ့အိမ်မှာပဲ။ နင်မုန်းအိမ်ကို အခုလာခဲ့ပေးနော်။ အဝတ်အစား တစ်စုံနှစ်စုံလောက် အပိုယူခဲ့ဦး”

“အေးအေး ငါခုထွက်လာခဲ့မယ်နော်”

နွေဖုန်းချသွားတော့ မုန်းရဲ့အခန်းထဲကို ပြန်ဝင်လာခဲ့ပြီး မုန်းဘေးနားမှာ ထိုင်လိုက်တယ်။ မုန်းလက်ကလေးကိုကိုင်ပြီး အလင်းရင်ထဲကစကားတွေ ပြောလိုက်တယ်။

“မုန်း ငါလေ မင်းကို ဝန်ခံစရာတွေ အများကြီးရှိတယ်။ မင်းမသိနိုင်လောက်တဲ့အချိန်မှာပဲ ဝန်ခံရဲတာမို့ ငါ့ကိုခွင့်လွှတ်နော်။ ပထမဦးဆုံးဝန်ခံချင်တာက ငါမင်းကိုအရမ်းချစ်တယ်မုန်း။ မင်းကလွဲပြီး ဘယ်သူကိုမှ မချစ်တော့လောက်အောင်ကို ချစ်တယ်။ ငါသတ္တိနည်းပြီး မင်းလက်ကိုမဖမ်းဆွဲထားရဲလို့ တောင်းပန်ပါတယ်။ ငါ့ကြောင့် မင်းစိတ်ညစ်နေရပြီလားမုန်း။ စိတ်ညစ်မယ်ဆိုလည်း ခဏလေးပဲညစ်ပေးပါမုန်းရယ်။ ငါ့ကိုတော့မေ့ပေးပါ။ နောက်ဆိုမင်းကို အဝေးကြီးကပဲကြည့်ပြီး ချစ်တော့မှာမို့ မင်းက အဆင်ပြေအောင်နေပေးနော်။ ငါမင်းကိုအရမ်းချစ်တယ်မုန်း”

အလင်း မုန်းလက်ကလေးကိုနမ်းကာ အိပ်ရာ‌ပေါ်ပြန်ချပေးလိုက်ပြီး နဖူးလေးကိုနမ်းလိုက်တယ်။ ပြီးတော့ နှုတ်ခမ်းလေးကို နမ်းလိုက်တယ်။ ဒီတစ်ခါတော့ ထိရုံလေးနဲ့ မရတော့တာမို့ အနမ်းတွေကြာသွားခဲ့တယ်။ ချစ်တယ်မုန်း။ မင်းမသိအောင်ဘဲချစ်ပြီး မင်းမသိအောင်ဘဲ နမ်းရဲတာမို့ တောင်းပန်ပါတယ်။

ခဏကြာတော့ နွေလည်းရောက်လာတာမို့ မှာစရာရှိတာမှာပြီး အလင်းအိမ်ပြန်ဖို့ ပြင်ရတယ်။

“မုန်းအရမ်းဖျားနေတယ်နွေ။ အပူက 104 တောင်ရှိတယ်။ ငါရေပတ်တော့ တိုက်ပေးထားတယ်။ အင်္ကျီတော့လဲပေးမထားဘူး။ နိုးလာရင် အင်္ကျီလဲခိုင်းပြီး ဆေးသေချာတိုက်လိုက်ပါ။ ဆေးတွေကို ငါမုန်းအိပ်ရာဘေးက ခုံပေါ်မှာတင်ပေးခဲ့တယ်။ ငါမုန်းအတွက် နို့ဆန်ပြုတ်လည်းပြုတ်ခဲ့ပေးတယ်။ မုန်းနိုးလာရင် ပြန်နွှေးပေးပြီး တိုက်လိုက်ပါ။ ငါပြန်တော့မယ်နွေ။ ငါလာသွားတယ်ဆိုတာကို မုန်းမသိပါစေနဲ့နော်။ မုန်း အိမ် password က 55144 ဖုန်း password နဲ့တူတူပဲ။ ခုည မုန်းအိမ်မှာ နင်တို့အိပ်ပေးလိုက်ပါဟာ နော် ငါစိတ်ပူလို့ပါ”

“နင်စိတ်ပူနေရင် နင်လည်း ဒီမှာနေပေးလိုက်ပါ့လားဟာ။ ပြန်မနေပါနဲ့လား”

“ဟင့်အင် ငါလာတာ သူ့ကိုမသိစေချင်ဘူး။ ငါတို့ခုအနေအထားပဲ ကောင်းပါတယ်နွေ”

“အင်းပါ”

နင်ပဲ အကုန်လုပ်ပေးခဲ့ပြီးတော့ မသိစေချင်ဘူးတဲ့လား အလင်းရယ်။ နင်သူ့ကို အရမ်းစိတ်ပူနေတယ်မို့လား။

“ငါပြန်တော့မယ်။ ညကြ မုန်းသက်သာလား မသက်သာလားဆိုတာကို ငါ့ကို message ပို့ပေးပါဟာနော်”

“အေးပါဟာ”

“ဒါဆို ငါသွားပြီနွေ။ သုတတို့ မေသူတို့ကိုပါ လာအိပ်ပေးဖို့ နင်ပဲဖုန်းဆက်လိုက်နော်။ ငါလာသွားတယ်ဆိုတာကို သူ့ကို လုံးဝမပြောပြဘူးလို့ ကတိပေးပါ”

“အင်းပါ ငါကတိပေးတယ်”

“ကျေးဇူးနွေ ငါသွားပြီ”

အလင်းရယ် နင့်မျက်နှာမှာ စိုးရိမ်မှုတွေ အထင်းသားပေါ်နေတယ်။ မချစ်တာလည်း မဟုတ်ဘဲနဲ့ဟာ။

ညနေကြတော့ နွေဆန်ပြုတ်နွှေးနေတုန်း မုန်းနိုးလာတာမို့ အလင်းပြောထားတဲ့အတိုင်း နွေပိပိရိရိ ညာပေးလိုက်ရတယ်။ တော်သေးတယ် နွေပြောသမျှကို မုန်းကယုံလို့။ ဒါပေမဲ့ password ဘယ်လိုသိလဲလို့တော့ မေးပါသေးတယ်။ အဲ့‌ဒါကြောင့် အလင်းများသိမလားဆိုပြီး အလင်းကိုလှမ်းမေးကြည့်တော့ ဖုန်း password နဲ့တူတူပဲဖြစ်မလားမသိဘူး ရိုက်ကြည့်ဆိုလို့ ရိုက်ကြည့်လိုက်တာ ရသွားတယ်လို့ ညာလိုက်ရတယ်။ ယုံလို့တော်ပါသေးတယ်။

စိတ်ထဲမှာတော့ အလင်းလာသွားတယ်။ တစ်မနက်လုံး နင့်ကိုရေပတ်တွေတိုက်ပေးပြီး အဖျားကျအောင် လုပ်ပေးသွားတာ။ နင့်အနားမှာ တစ်မနက်လုံးပြုစုပေးပြီး နင်နဲ့အတူရှိနေခဲ့ပေးတာ။ ခုနင်သောက်နေတဲ့ဆန်ပြုတ်ကလည်း သူပဲပြုတ်ပေးသွားတာ။ နင့်အတွက်ဆေးတွေလည်း သူပဲဝယ်ပေးသွားတာဆိုပြီး ပြောလိုက်ချင်ပေမယ့် အလင်းကမပြောပါနဲ့ဆိုတော့လည်း ကိုယ့်ဘာကိုယ်ပဲ ရင်ထဲမှာပြောလိုက်ရတယ်။ ပြောချင်တာတွေ မြိုသိပ်လိုက်ရတာလည်း လွယ်ကူမနေပါဘူးနော်။

ညဘက်ရောက်တော့ နွေ့ဆီက message ဝင်လာတယ်။

“မုန်းအဖျားနည်းနည်းကျသွားပြီအလင်း။ နည်းနည်းသက်သာနေပြီ။ ဆန်ပြုတ်လည်းသောက်တယ်။ ဆေးကတော့ မနည်းချော့တိုက်လိုက်ရတယ်။ သုတနဲ့မေသူတို့ လာအိပ်တယ်အလင်း။ ငါတို့ရှိ‌နေတာမို့ နင်စိတ်ပူမနေနဲ့နော်”

“မုန်းက ဆေးသောက်ကြောက်တယ်။ နင်နည်းနည်းတော့ စိတ်ရှည်လိုက်ဟာနော်။ နောက်တစ်ခါ‌ဆေးတိုက်ရင် ချိုချဉ်လေး‌ကြွေးမယ်ပြောပြီးတိုက်။ ဆေးသောက်ပြီးရင် ချိုချဉ်ကြွေးလိုက်နော်။ အဲ့ဒါဆို မုန်းကဆေးကို ချောချောချူချူ‌ သောက်လိမ့်မယ်။ မုန်းအနားမှာရှိနေပေးလို့ ကျေးဇူးပါနွေ”

“ရပါတယ်ဟယ်။ မုန်းလည်း ငါ့သူငယ်ချင်း ငါချစ်ရတဲ့သူပါပဲ။ ဒါနဲ့ ညနေက မေလာသွားတယ်အလင်း။ မေက မုန်းကိုအိမ်ခေါ်တာ မုန်းကမလိုက်တော့ဘူးပြောတော့ မေကဘာလို့လဲတဲ့။ အလင်းနဲ့ စကားများထားတာလားလို့ မေးသွားတယ်။ ငါ့ကိုပါမေးလို့ မဟုတ်ပါဘူးလို့ ညာပြောလိုက်ရတယ်။ မေ့ကိုကြည့်ရတာ ယုံတဲ့ပုံ မပေါ်ဘူး။ နင်တို့ ဒီလိုမခေါ်ဘဲနေနေရင် မေတို့ ရိပ်မိနေမယ်နော်အလင်း”

“အေးပါ မေ့ကို ငါကြည့်ပြောထားလိုက်ပါ့မယ်။ ဒါနဲ့ မုန်းအိပ်သွားပြီလား”

“ဟေ့အေ မအိပ်သေးဘူး။ သုတတို့မေသူတို့နဲ့ အာလူးဖုတ်နေတယ်။ ဒါပဲနော်အလင်း။ စိတ်ပူမနေနဲ့တော့ အိပ်တော့”

“Good Night နွေ”

“Good Night အလင်း”

နွေအလင်းဆီ message ပို့ပြီး အထဲကိုဝင်လာတော့ မုန်းကမေ့ကိုမေးလာတယ်။

“နွေ အပြင်မှာ ဘာလုပ်နေတာလဲ”

“အားသစ်နဲ့ဖုန်းပြောနေတာ”

“ဪ”

အလင်းက မသိစေချင်တာမို့ နွေ မုန်းကို ညာပြောလိုက်ရတယ်။

“ဒါနဲ့ နွေတို့ Welcome ကမနက်ဖြန်မို့လား”

“ဟုတ်တယ်မေသူ။ နွေတော့ မသွားတော့ဘူးရယ်။ သုတနင်ရော မနက်ဖြန်ကျောင်းသွားမှာလား”

“မသွားတော့ဘူးလေဟာ။ မုန်းမှနေမကောင်းသေးတာ။ မုန်းနဲ့ပဲ နေတော့မယ်”

“ဒါနဲ့နွေ အလင်းရော Welcome သွားမှာလား။ အလင်းကတော့ King ရမယ်ထင်တယ်နော် ဒီလောက်ချောတာကို”

“မေသူ နင်ဟာလေ ခုထိ အလင်းကိုဘူးတုန်း နင့်ဘဲကိုတော့ငါသနားတယ်”

“သုတစုတ် ငါကဘူးနေလို့လား။ ချောလို့ချောတယ် ပြောတဲ့ဟာကို။ သူမသွားရင် King ကို လက်လွှတ်လိုက်ရမှာ နှမြောစရာကြီးမို့ပြောတာ”

“မသွားလောက်ဘူးထင်တာပဲ မေသူရဲ့။ အလင်းက အဲ့လို ကျောင်းပွဲတွေကို သူတစ်ယောက်တည်းသွားရတာ မကြိုက်ဘူး။ အထက်တန်းကျောင်းတုန်းကဆို မုန်းပါမှ။ ‌ဆေးတက်တော့ နွေပါမှ။ ဒါမှမဟုတ်လည်း သုတနဲ့အားသစ် တစ်ယောက်ယောက်ပါမှသွားတာ”

“နွေတို့အဖွဲ့ကို အရမ်းအားကျတာပဲ။ တစ်ယောက်နဲ့တစ်ယောက်က အရမ်းချစ်ကြတယ်။ သူငယ်ချင်းထက်ပိုပြီး မိသားစုလိုဖြစ်နေကြတာ။ မုန်းနဲ့အလင်းဆို ပိုဆိုး။ သူတို့နှစ်ယောက်က အမြဲတတွဲတွဲ ခွဲလို့ကိုမရဘူး။ မေသူ အစကထင်နေတာ မုန်းကိုလည်း ဆေးတက်မယ်လို့လေ။ CUမှာတွေ့တော့ အရမ်းအံ့ဩသွားတာ။ အလင်းနဲ့ ခွဲတွေ့လိုက်ရလို့လေ ဟီး”

မေသူမက ဘုမသိဘမသိကို ပြောတော့တာပါပဲ။ အထာအယာလည်းနားမလည်။ ဘာမှလည်းမသိ။ တကယ့်ကို မျက်နှာရိပ်မျက်နှာကဲကိုမသိတဲ့ မေသူရယ်ပါ။ ရပ်သွားမယ်လို့မထင်ပါနဲ့ ဆက်ပြောပါတယ်။

“အလင်းမေမေလို အမေမျိုးကို လိုချင်တာ။ နားလည်မှု အပြည့်ရှိတယ်နော်။ တီသဲတို့ရောပဲ။ မုန်းကို ပိုအားကျတယ်ရော။ မေတို့ တီသဲတို့က မုန်းကိုဆို အရမ်းချစ်ပဲ။ နွေတို့သုတတို့ကိုလည်း ချစ်တာပဲ။ မေသူ နွေတို့ကို အားကျလို့ အလင်းတို့အိမ်ကို ခဏခဏတောင် အလည်လိုက်ချင်တာ ဟီး”

“အင်း မေတို့က ချစ်တတ်တာမေသူရဲ့။ အလင်းချစ်တဲ့သူ အလင်းသူငယ်ချင်းအားလုံးကို အလင်းကိုချစ်ပေးသလို ချစ်ပေးတာ။ နွေနဲ့သုတက မေတို့နဲ့နေတာ ဘာမှကိုမပေးရဘူးရယ်။ လူနှစ်ယောက်စာ စားစရိတ်ကို ကြည်ကြည်ဖြူဖြူနဲ့ ကျွေးထားဖို့ဆိုတာ တော်ရုံစိတ်ကောင်းရှိရုံနဲ့ မရဘူးလေ”

“ဟုတ်တယ် အဲ့ဒါတော့။ ငါ့မှာအားနာလို့။ တစ်ခါတလေ ပိုက်ဆံထုတ်ပေးဖို့ ကြိုးစားပေမယ့် မေတို့တီသဲတို့ စိတ်ဆိုးမှာလည်းကြောက်တယ်။ အလင်းစိတ်ဆိုးမှာလည်း ကြောက်နေရတယ်။ မေတို့က ငါတို့ကို မေတ္တာအပြည့်ပေးလို့ထင်တယ်။ ငါတို့လည်း မေတို့ကိုဆိုရင် ဘယ်သူနဲ့မှ မတူဘဲချစ်တယ်”

သုတပြောသလို နွေလည်းထပ်တူပါပဲ။

“ဟုတ်တယ် ငါရောပဲ”

နွေကသုတရဲ့စကားကို ထောက်ခံပေးလိုက်တယ်။

“ဒါနဲ့နွေ စာတွေလိုက်နိုင်ရဲ့လား”

“အင်း မုန်း လိုက်နိုင်ပါတယ်။ နည်းနည်းဝောာ့ ပိုကြိုးစားရတယ်။ ဒါပေမဲ့ အဆင်ပြေပါတယ်။ နင်ရောမုန်း”

“ငါကလိုက်နိုင်ပါတယ်။ ဝါသနာပါရာ တက်ရတော့ စာတွေက လွယ်တယ်ထင်ရတယ်။ ဒါပေမဲ့ ငါ့ရဲ့ဒုက္ခအိုးတွေကတော့ bit တွေ bytes တွေ‌ တွက်တာတောင် ရွာလည်နေရှာတာ”

“ဒုက္ခအိုးဆိုတာ ဘယ်သူတုန်း။ ငါနဲ့ရှားမကို ပြောတာလား။ ဟုတ်လား မုန်းစုတ်။ နင့်ကို ရှားနဲ့တိုင်ပြောမယ်။ အဲ့မုန်းကို ဖြတ်လိုက်တော့လို့။ မနေ့ကမှတော်တဲ့ချစ်သူကို ဒုက္ခအိုးလို့ခေါ်တယ်လို့။ ဒါနဲ့ ငါအတည်မေးမယ်နော်မုန်း”

စ’နေရင်းကမှ မေသူကရုပ်တည်ကြီးနဲ့ ပြောလာတာမို့ မုန်းခေါင်းငြိမ့်ပြလိုက်တယ်။

“နင်ရှားကို တကယ်ရော ချစ်ရဲ့လားမုန်း။ ငါ့စိတ်ထင်တော့ နင်ကငါ့ကိုချစ်သလိုပဲ ရှားကိုလည်း သူငယ်ချင်းလိုပဲ ချစ်တယ်လို့ထင်တယ်”

“ငါရှားကို တကယ်ချစ်တာပါမေသူ”

“အင်းပါ။ ငါစိတ်ထင်တာနေမှာပါ”

“နင်ဟာလေ ဘာတွေမေးမှန်းကိုမသိဘူး။ တကယ်မချစ်ဘဲနဲ့ လူအများကြီးရှေ့မှာ ချစ်ခွင့်ပန်ပါ့မလားပြော”

သုတကဝင်ပြောလိုက်တော့ မေသူတစ်ယောက် ခေါင်းကုပ်နေပါတော့တယ်။

“အေး ဒါလည်းဟုတ်သားပဲ။ ငါ‌အတွေးလွန်နေတာ နေမှာပါ”

နင်အတွေးမလွန်ပါဘူးမေသူ နင့်အတွေးတွေမှန်ပါတယ်။

“ငါအိပ်တော့မယ်နွေ”

“အင်း အိပ်တော့လေ မုန်း။ ဒါပေမဲ့ ညဆေးသောက်ပြီးမှအိပ်”

“ဟင်အင် မသောက်ချင်ဘူး”

“ဘာမှ မဟင့်အင်နဲ့ သောက်ရမယ်။ ဆေးသောက်ပြီးရင် ချိုချဉ်ကျွေးမယ် ဟုတ်ပြီလား”

“အင်း”

နေမကောင်းလို့ဆေးတိုက်တိုင်း ဆေးသောက်တဲ့အထိ ချော့တိုက်တတ်တဲ့သူကို သတိရတယ်။ ချော့တိုက်လို့မရတိုင်းလည်း ချိုချဉ်ကျွေးမယ်လို့မြှူဆွယ်ပြီး မရ ရအောင်တိုက်တတ်တဲ့သူ။ ငါမင်းကို အရမ်းသတိရနေတယ်အလင်း။ နေမကောင်းတော့ မင်းကိုပိုတမ်းတတယ်။

                      **********

အလင်း နွေနဲ့ message ပို့ပြီး အိပ်‌ဖို့ကြိုးစားနေတုန်း မေမေက အလင်းအခန်းထဲကို ဝင်လာပြီးအလင်းဘေးမှာ ဝင်ထိုင်လာတယ်။

“မေမေ မအိပ်သေးဘူးလား”

“မေမေ သားကိုမေးစရာရှိလို့သား”

“ဟုတ်မေမေ မေးလေ”

ကျွန်တော်သိပါတယ်။ မေမေ မုန်းနဲ့ပတ်သက်ပြီး မေးမယ်ဆိုတာကို။

“သားနဲ့မုန်းလေး စကားများထားတာလား”

“မဟုတ်ပါဘူးမေမေ။  ကတောက်ကစ နည်းနည်းဖြစ်ရုံတင်ပါ”

“ကတောက်ကစ နည်းနည်းဖြစ်ရုံပဲဆိုပြီး မုန်းလေး ဒီလောက် နေမကောင်းဖြစ်နေတာကို ဘာလို့မသွားရတာလဲသားရယ်။ မေမေ့ကို အမှန်အတိုင်း ပြောလို့ရရင်ပြောပါ။ ခုမပြောချင်သေးဘူးဆိုလည်း သားပြောတဲ့ထိ မေမေစောင့်နေပေးမယ်။ ကိစ္စမကြီးကျယ်ရင်တော့ သားဘက်ကပဲ စိတ်ဆိုးပြေလိုက်ပြီး မုန်းလေးကို ပြန်ခေါ်ပေးလိုက်ပါ”

“ဟုတ်ကဲ့မေမေ”

ကိစ္စက မေမေပြောသလို စိတ်ဆိုးပြေလိုက်ရုံနဲ့ အဆင်မပြေဘူးမေမေ။ စိတ်ဆိုးပြေလိုက်တာနဲ့ ပိုဆိုးလာဖို့ပဲရှိတယ်။ မေမေ့ကိုသားပြောပြချင်ပေမယ့် ပြောလိုက်လို့ မေမေစိတ်ဆင်းရဲသွားမှာကိုလည်း မလိုလားဘူးမေမေ။ ဟူးးးးး ဘာလုပ်ရမပါ့မလဲ။ မုန်းရေ ငါရူးတောမှာပဲကွာ။

“အိပ်တော့သား။ မေမေလည်းအိပ်တော့မယ်”

မေမေ့သားလေးတွေ ဘာအကြောင်းကြောင့်များ မခေါ်နိုင် မပြောနိုင် ဖြစ်နေကြပါလိမ့်ကွယ်။

မုန်းရဲ့အလင်းရောင်Where stories live. Discover now