Part 26 (U+Z)

8.3K 592 7
                                    

#Unicode

မုန်းနေပြန်ကောင်းပြီး သက်သာလာတာကြာနေပေမယ့် အလင်းတို့အိမ်ကို ခုထိမသွားဖြစ်သေးပါဘူး။ အလင်းက မုန်းနဲ့မတွေ့ချင်လောက်ဘူးထင်တာမို့ မုန်းသွားရင် အလင်းအနေရ ခက်နေမှာဆိုးလို့ မသွားတာပါ။ ဒါပေမဲ့ အလင်းကို မုန်းအရမ်းလွမ်းနေပါပြီ။

ငါမင်းကို အရမ်းလွမ်းနေတယ်အလင်း။ အရင်လိုပဲ မင်းမျက်နှာလေးကို နေ့တိုင်းတွေ့ခွင့်ရချင်တယ်။ အရင်လိုပဲ မင်းနဲ့ စကားအများကြီး ပြောချင်တယ်။ အရင်လိုပဲ မင်းနဲ့အတူတူအိပ်ချင်တယ်။ အရင်လိုပဲ မနက်မိုးလင်းတိုင်း မင်းမျက်နှာလေးကို မြင်ချင်တယ်။ အရင်လိုပဲ . . အရင်လို . . အရင်လို မင်းနဲ့အမြဲအတူတူရှိချင်တယ်။

“တီးတောင်”

ဘယ်သူပါလိမ့်။ ငါ့အိမ်ကိုလာမယ့် ဧည့်သည်လည်း မရှိပါဘဲနဲ့။ အိမ်ရှေ့က Bell မည်သံကြားတာမို့ မုန်းသွားဖွင့်ပေးလိုက်တယ်။

“မေ”

“ဟုတ်ပါတယ် မေပါရှင့်။ မေ့ကိုမှတ်မိသေးလို့ တော်သေးတာပေါ့ မေ့သားလေးရယ်။ နေပြန်ကောင်းရင် အိမ်လာမယ်ပြောပြီး မလာလို့ မေ့သားလေး ဘာဖြစ်နေလဲ လာကြည့်တာ”

“ဒီနေ့ပဲ လာတော့မလို့ မေရဲ့”

မုသားတွေမပြောခဲ့ဘူးပေမယ့် ခုနောက်ပိုင်းတော့ မုသားတွေပဲ ပြောဖြစ်နေတယ်။ ခုလည်းမေ့ကို မုန်းညာပြောလိုက်ခြင်းပါ။

“ကဲ ဒါဆိုလည်း မေနဲ့ အိမ်ကိုတစ်ခါတည်း လိုက်ခဲ့သား။ ခုကျောင်းပိတ်ရက် အိမ်မှာနေ ဟုတ်ပြီလား”

“ဟုတ်ကဲ့မေ။ ခဏစောင့်ပေးဦးနော် သားအကျီထည့်လိုက်ဦးမယ်”

“အင်း သား မေစောင့်နေမယ်”

မုန်း မေတို့အိမ်ကိုလိုက်နေဖို့ အကျီနှစ်စုံလောက် ထည့်ခဲ့လိုက်တယ်။

“မေ သားပြီးပြီ”

“အင်း သွားမယ်သား။ အခန်း main ချ။ အိမ်တံခါး သေချာပိတ်ခဲ့နော်သား”

“ဟုတ်”

မုန်းမေနဲ့အတူတူ လိုက်လာခဲ့ရပါတယ်။မလိုက်ဘူးပြောရင်လည်း မေစိတ်မကောင်းဖြစ်မှာဆိုးလို့။ လိုက်လာခဲ့ပြန်တော့လည်း အလင်းစိတ်ဆင်းရဲမှာဆိုးတယ်။

မေတို့အိမ်ရှေ့ကိုရောက်တော့ ဝင်ဖို့မရဲဘူးဖြစ်‌နေရတယ်။ မုန်းကြောင့် အလင်းနေရခက်နေရင်ဒုက္ခ။ မုန်းအတွေးလွန်နေတုန်းမှာပဲ မေကအလင်းကို အော်ခေါ်လိုက်ပါတယ်။

“အလင်း သားရေ။ ဒီမှာ မုန်းလေးကို မေခေါ်လာခဲ့ပြီနော်။ နှစ်ယောက်သား စိတ်ဆိုးစရာရှိနေရင်လည်း ခုပဲပြေလည်အောင် ညှိကြ ကြားလား။ သားမုန်းကလည်း စိတ်ဆိုးပြေတော့နော်”

“ဟုတ် မေ”

ဪ . . မေရယ်။ ‌စိတ်ဆိုးပြေရမှာ သားမဟုတ်သလို ချော့ရမှာလည်း အလင်းမဟုတ်ပါဘူးမေ။

မုန်းအိမ်ထဲကိုဝင်လာဝောာ့ သုတက လာဆွဲခေါ်ပါတယ်။

“မုန်း မင်ကလည်း နေနိုင်လိုက်တာဆိုတာ။ အိမ်မလာတာကြာ‌လှပြီ။ မင်းနဲ့အလင်း စိတ်ဆိုးနေကြတယ်ဆိုလည်း ပြေလည်လိုက်ကြတော့။ မင်းတို့ ဒီလောက်ကြာကြာ စိတ်ဆိုးဖူးကြတာလည်း မဟုတ်ဘဲနဲ့”

“. . .”

“ နွေ ဟဲ့ နွေမ ဒီမှာမုန်းရောက်နေပြီ။ အလင်းကိုပါခေါ်ခဲ့”

‌သုတက မုန်းကိုလည်းပြောရင်း နွေ့ကိုအော်ခေါ်ပြီး အလင်းကိုပါ ခေါ်လာခိုင်းခဲ့ပါလေရော။ ဒီကောင် ဘုမသိဘမသိနဲ့ ဘာတွေဝင်လုပ်မှန်းကိုမသိဘူး။ မင်းနဲ့မေသူနဲ့ ညားရမှာ။

“လာပြီ လာပြီ”

နွေက လှမ်းအော်ပြောရင်း အလင်းကိုပါ လက်ဆွဲပြီးခေါ်လာခဲ့ပါတယ်။

“ဟဲ့ အလင်း။ မုန်းကို နင့်အခန်းကိုခေါ်သွားလေ”

ဒီနွေတစ်ယောက် ဘာတွေလုပ်နေပြန်ပြီလဲ။ အလင်း အနေရ ခက်နေမှာပေါ့။

“သုတ မင်းခေါ်သွားလိုက်လေ သူ့ကို”

သူ့ကိုတဲ့လားအလင်းရာ။ ငါ့ကိုစကားတွေနဲ့တင် အသေသတ်နေပါရောလား။ ငါ့နာမည်တောင် မခေါ်ချင်လောက်အောင် ဖြစ်နေပြီလားအလင်း။

“ဟာ ငါခုည မင်းတို့နဲ့မအိပ်ပါဘူး။ ငါခုည အရှေ့မှာ စာလုပ်ရင်း အိပ်မှာ”

“နေပါ ရတယ် ငါ့ဘာငါသွားလိုက်မယ်။ အရင်လည်းလာနေကြကို ခုမှ မင်းခေါ် ငါခေါ်လုပ်မနေနဲ့။ ငါ့ဘာငါလည်း သွားတတ်တယ်”

မုန်းစိတ်လည်းဆိုး ဝမ်းလည်းနည်းတာမို့ ဘုဆတ်ဆတ်ပြောပြီး အခန်းထဲကို ဝင်လာခဲ့လိုက်တယ်။ ရေမိုးချိုး ဖီးလိမ်းပြင်ဆင်ပြီးတဲ့အချိန် တီသဲကပြန်‌ရောက်လာပါတယ်။

“နွေ သမီးလေး တီပြန်လာပြီ။ သမီးစားချင်တယ်ပြောတဲ့ ရေဘဝဲထောင်း တီဝယ်လာတယ်။ ဒူးရင်းသီးလည်း ဝယ်လာတယ်။ ဒူးရင်းသီးဝယ်လာတော့ မုန်းလေးတောင်သတိရတယ်ဟယ်။ တီ့သားလေးက ဒူးရင်းသီး တအားကြိုက်တာ”

“သားရောက်နေပါတယ်နော် တီ”

“ဟယ် တီ့အသဲတုံးလေး”

တီက မုန်းကိုဖက်ပြီး တရှုံရှုံနဲ့ နမ်းပါတော့တယ်။

“သား ဒီည တီနဲ့လာအိပ်ပါ။ သားနဲ့တီ စကားတွေ အများကြီး ပြောကြမယ်”

“ဟုတ်တီ”

“တီ သားဖို့ဘာပါလဲ”

သုတကမေးတော့ တီကဝယ်လာတာလေးကို မြှောက်ပြပါတယ်။

“တီ့သားလေးစားချင်တယ်ပြောတဲ့ ရေခူသုပ်ပါပါတယ်ရှင့်”

“တီ့ကိုအချစ်ဆုံး”

“ကျမကရော အမောင်သုတ”

မေကပါဝင်မေးတော့ သုတတို့က အချွဲစိန်လုပ်ပြီပေါ့။

“မေ့ကိုလည်း အချစ်ဆုံး မွစ်”

သုတက မေ့ပါးလေးကိုနမ်းရင်းပြောတော့ မေကပါသုတကို ပြန်နမ်းနေတာမြင်ရတာမို့ မုန်းရင်ထဲမှာ မုန်းကိုအချစ်လျော့သွားမှာ ကြောက်တဲ့စိတ်လေး ဝင်လာတယ်။

“ကဲပါရှင့် . . ရှင်တို့သားအမိတွေ နောက်မှတစ်တစ်တူး။ ခုအရင်စားရအောင်”

တီသဲက စားဖို့ခေါ်တာကြောင့် အကုန်စုပြီးစားကြတော့ အလင်းက ရေဘဝဲထောင်းကိုလာနှိုက်တာမို့ မုန်း အလင်းလက်ကို ဖယ်ထုတ်လိုက်တယ်။

“မင်းနဲ့မတည့်ဘူးအလင်း”

အလင်းကဘာမှပြန်မပြောဘဲ ရေခူသုပ်ကို လာနှိုက်ပြန်ပါတယ်။

“ဒါလည်း မင်းနဲ့မတည့်ဘူးအလင်း”

ဒီတစ်ခါတော့ အလင်းမနေနိုင်တော့‌ပေ။

“တီသဲကလည်း သားနဲ့မတည့်တာတွေချည်းပဲ ဝယ်လာရလား။ သားဘာမှကို စားလို့မရဘူး”

“ဟဲ့ ဒူးရင်းသီး ဝယ်လာတယ်လေဟယ်။ အဲ့ဒါစားပေါ့”

အလင်း ဆူပုတ်ပုတ်နဲ့ထွက်လာပြီး ဒူးရင်းသီးပဲခွာစားနေလိုက်တယ်။ အဲ့ဒီအချိန် မုန်းကအနားရောက်လာပြီး ဒူးရင်းသီးကိုလာနှိုက်တာမို့ မုန်းလက်ကိုတွန်းထုတ်လိုက်တယ်။

“မစားရဘူး။ တည့်တာလည်းမဟုတ်ဘဲနဲ့”

မုန်းကိုပြောပြီး ထထွက်လာခဲ့လိုက်တယ်။ ဒူးရင်းသီး တစ်လုံးလုံးကို တစ်ယောက်တည်းထိုင်စားနေတာ‌မို့ စားရင်းနဲ့အီပြီး ဗိုက်တင်းလာပါတယ်။

ဒူးရင်းသီးတစ်လုံးကို တစ်ယောက်တည်းစားပြီး ဗိုက်တင်းနေတဲ့ အလင်းကိုကြည့်ပြီး မုန်းပြုံးမိသွားတယ်။ ငါ့ကိုစိုးရိမ်ပေးသေးလို့ ကျေးဇူးအလင်း။

မုန်းတို့စားသောက်ပြီးတော့ တီသဲအခန်းထဲကို ဝင်လာခဲ့ကြတယ်။ မုန်းနဲ့တီသဲနဲ့ စကားပြောဖြစ်တော့ တီသဲက မုန်းကိုမေးတယ်။

“သား”

“ဗျာ”

“သားနဲ့အလင်း ဘာဖြစ်ထားကြတာလဲ။ သား မေ့ကို အမှန်အတိုင်း ပြောလို့မရပေမယ့် တီ့ကိုတော့ အမှန်အတိုင်းပြောလို့ရတယ်နော်”

“ဟုတ် တီ။ နွေ့မွေးနေ့တုန်းက အလင်းက ရှားကိုချစ်နေပြီလို့ သားကိုပြောတယ်”

“ဟမ် အလင်းလေးကလား”

“ဟုတ်။ အဲ့ဒါနဲ့ သားတို့ Welcome မှာ သားကရှားကို ချစ်ခွင့်ပန်လိုက်တယ်။ ရှားကလည်း သားကိုပြန်လက်ခံတယ်တီ။ သားအလင်းကို အဆုံးရှုံးမခံနိုင်လို့ လုပ်လိုက်တာပါ။ ပြောပြဖို့ကြိုးစားပေမယ့် အလင်းက သားကိုအခွင့်အရေး မပေးခဲ့ဘူးတီ”

“အလင်းက သားကိုချစ်ဖို့ သတ္တိမရှိသေးဘူးထင်တယ်”

“သူက သူ့ကြောင့် မေတို့ဖေတို့ စိတ်ဆင်းရဲရမှာ မျက်နှာငယ်ရမှာကို ကြောက်နေတာတီ။ သားလည်း အလင်းကိုချစ်မိလို့ မေတို့ကို အားနာတယ်”

“သား . . သားရဲ့မေတို့က သားတို့ချင်း အဆင်ပြေလို့ချစ်နေကြရင် ဘာမှဝင်ပြောမယ့်သူတွေမဟုတ်ဘူးသား။ အဲ့ဒါကြောင့် အဲ့ဒါကို ခေါင်းထဲမထားနဲ့ ဟုတ်ပြီလား”

“ဟုတ် တီ”

“ကဲ ခုညတီနဲ့ပဲအိပ်တော့ ကြားလား”

“ဟုတ်”

မုန်း အလင်းအခန်းကို မပြန်တော့ဘဲ တီနဲ့ပဲအိပ်လိုက်တယ်။

အလင်းတစ်ညလုံးစောင့်နေပေမယ့် မုန်းက ပြန်လာမအိပ်ခဲ့ပါဘူး။ ဘာလို့လဲမုန်း ငါနဲ့မအိပ်ချင်တော့လို့လား။ ငါကတော့ မင်းနဲ့အတူတူအိပ်ချင်‌တာ။

မနက်မိုးလင်းတော့ မုန်းအိပ်ရာမနိုးသေးတာမို့ အလင်းသွားနှိုးချင်ပေမယ့် သုတကိုပဲ နှိုးခိုင်းလိုက်ရတယ်။

“သုတ မုန်းကိုသွားနှိုးလိုက်ဦး”

“မင်းဘာသာမင်း သွားနှိုးပါ့လားကွာ။ မင်းတို့ အခုထိ ပြန်မခေါ်ကြသေးဘူးလား။ ငါညက ရှောင်ပေးထားတာတောင် ပြန်မခေါ်ကြဘူးလား”

“မင်းကတစ်မျိုး သွားနှိူပါဆိုမှ”

“ဘယ်သူ့ကို နှိုးခိုင်းနေတာလဲ”

မုန်းအနောက်ကနေမေးလိုက်တော့ အလင်းတို့က ခပ်တည်တည်ပဲခင်ဗျ။ ခုနက နှိုးခိုင်းနေတာ သူမဟုတ်တဲ့အတိုင်းပဲ။

“မုန်းရေ”

နွေက ဘာလို့အော်ခေါ်နေတာလဲ မသိဘူး။

“ဟေ ဘာလဲ”

“ရှားတဲ့ ဖုန်းလာနေတယ်။ လာကိုင်လိုက်ဦ်း”

“အေး လာပြီ ခဏ”

မုန်းအပြေးတပိုင်းနဲ့ ဖုန်းသွားယူတော့ အလင်းက မျက်တောင်မခတ် လိုက်ကြည့်နေပါတယ်။

“ရှားပြော”

“ရုပ်ရှင်ကြည့်မလားလို့ လှမ်းမေးတာမုန်းရဲ့။ မေသူလည်းကြည့်မယ် ပြောတယ်။ အဲ့ဒါမုန်းလိုက်မလားလို့ မေးကြည့်တာ”

“အင်း ကြည့်မယ်လေ။ နွေတို့ကို အရင်မေးကြည့်ဦးမယ်။ ခဏနော်”

“အင်း”

မုန်း ရှားနဲ့ဖုန်းပြောရင်း နွေ့ကိုလှမ်းမေးလိုက်တယ်။

“နွေ ဒီနေ့ ရုပ်ရှင် သွားကြည့်မလို့တဲ့ရှားက။ အဲ့ဒါ နင်တို့ပါလိုက်မှာလားတဲ့မေးခိုင်းလို့။ သုတ မင်းရောလိုက်မှာလား”

“အင်း လိုက်မယ်လေ”

သုတကလိုက်မယ်ပြောပေမယ့် နွေကမပြော‌သေးတာကြောင့် နွေ့ကိုမေးငေါ့ပြပြီးမေးတော့ နွေကခေါင်းငြိမ့်ပြရင်း အလင်းကိုပါ အပါခေါ်လေတယ်။

“အလင်း နင်ပါလိုက်ရမှာနော်”

အလင်းက နွေပြောတဲ့စကားကို ခေါင်းလေးငြိမ့်ပြတယ်။

“Ok ရှား လိုက်မယ်တဲ့။ လက်မှတ်က ရှားဖြတ်မှာလား”

“အင်း မုန်း ရှားလက်မှတ်ဖြတ်ထားလိုက်မယ်။ အဲ့ဒါဆို နွေတို့အတွဲရယ် မေသူနဲ့သုတရယ် မုန်းနဲ့အလင်းရယ် ရှားအတွက်ရယ်ဆိုတော့ 7စောင် ဖြတ်လိုက်မယ်နော် မုန်း”

“Ok ရှား”

မုန်းလည်း ရှားနဲ့ဖုန်းပြောပြီးတာနဲ့ အပြင်သွားဖို့ရာ ဖီးလိမ်းပြင်ဆင်ရပါတော့တယ်။ အားလုံးပြင်ဆင်ပြီးတော့ ရုပ်ရှင်ရုံသို့ အဖွဲ့လိုက်ချီတက်ခဲ့ကြတယ်။

ရုပ်ရှင်ရုံရောက်တော့ ရှားနဲ့မေသူက ရောက်နှင့်နေတာမို့ ရှားက မုန်းလက်ကို လာဆွဲပြီးခေါ်တာကြောင့် မုန်းရှားနောက်ကို အသာလေး လိုက်ခဲ့ရတယ်။ အလင်းရဲ့မျက်ဝန်းတွေကို လှမ်းကြည့်ပေမယ့် အဖြေရှာလို့မရခဲ့ဘူး။

မုန်းကို ရှားနဲ့အခုလိုတွဲပြီးတွေ့ရတာ အလင်းအတွက် အဆင်ပြေမနေပါဘူး။ ကိုယ်ချစ်တဲ့သူကို တခြားသူရင်ခွင်ထဲမှာ တွေ့နေရတဲ့ခံစားချက်က ဘယ်လိုပြောရမလဲ ရင်ဘတ်တစ်ခုလုံး ထုံကျင်နေတယ်။ မုန်းကို တခြားသူလက်ထဲပါသွားရင် ခုလောက်ကြီး အရမ်းခံစားရလိမ့်မယ်မှန်း မသိခဲ့ဘူး။

ရုပ်ရှင်ကြည့်ပြန်တော့လည်း အလင်းအဆင်ပြေမနေပြန်ပါဘူး။ အရင်ဆို ခုလိုရုပ်ရှင် အတူတူကြည့်ကြတဲ့အချိန်တိုင်း မုန်းခွာကျွေးနေကြ နေကြာစေ့လေးတွေကို ထိုင်စားနေကြ။ ခုတော့ ရှားလက်ကိုတွဲထားတဲ့မုန်းကို ခဏခဏခိုးကြည့်နေရတဲ့ဘဝ။
မုန်းတခြားသူနဲ့ လက်တွဲထားတာကို ရှေ့တည့်တည့်မှာထားပြီး ထိုင်ကြည့်နေရတာ ဘယ်ဘဝက ၀ဋ်ကြွေးများလဲကွာ။

ဘယ်လိုမှ အဆင်မပြေတော့တာမို့ ကြည့်နေတဲ့ရုပ်ရှင်ကလည်း ဘာမှန်းတောင်မသိတော့တာကြောင့် နွေ့ကိုပြန်တော့မယ်လို့ ပြောလိုက်ပါတယ်။

“ငါပြန်တော့မယ်နွေ”

“ဟင် ရုပ်ရှင်တောင်မပြီးသေးဘူးလေ အလင်းရဲ့။ ပြီးအောင်ကြည့်ပါဦးလား။ ပြီးရင် အတူတူပြန်ကြမယ့်ဟာကို”

“ဇာတ်ကားကို သိပ်မကြိုက်လို့။ ပြီးတော့ ငါနည်းနည်း နေမကောင်းဖြစ်နေလို့။ ပြန်တော့မယ်နော်”

မုန်းကိုငါမဟုတ်တဲ့ တခြားသူတစ်ယောက်နဲ့ တွဲပြီးမြင်နေရတာ အဆင်မပြေလို့ပါဟာ။

“ဒါဆို ငါတို့လည်း ပြန်လိုက်ခဲ့မယ်လေ”

“ရတယ်နွေ မလိုက်နဲ့‌။ ရုပ်ရှင်ကို ပြီးအောင်ကြည့်။ ငါတစ်ယောက်တည်းပြန်မယ်။ သွားပြီနော်”

အလင်းထွက်သွားတာကို မုန်းမြင်လိုက်တာမို့ ဘာမှတွေးမနေတော့ဘဲ အနောက်ကနေ လိုက်လာခဲ့လိုက်တယ်။ ရှားကိုတော့ အပြင်ခဏသွားဦးမယ်လို့ ပြောခဲ့ရတာ‌ပေါ့။ အလင်းမသိအောင် နောက်ကနေ တိတ်တိတ်လေးလိုက်လာခဲ့တာမို့ အလင်းကမုန်းကိုမမြင်ပါဘူး။ အလင်းဘယ်ကိုသွားမလို့ပါလိမ့်လို့ တွေးနေတုန်းမှာပဲ အလင်းက လှည်တန်းစင်တာထဲကနေ ထွက်သွားပါတယ်။ အလင်းသွားမယ့် ဦးတည်ရာကိုကြည့်လိုက်တော့ အင်းလျားဘက်ကို ခြေဦးတည်နေတာကြောင့် ရှားကိုပြန်နှင့်ပြီလို့ message ပို့ကာ အလင်းနောက်က မသိမသာလိုက်လာခဲ့လိုက်တယ်။

ရန်ကုန်မိုးဆိုတာ ညှို့ခနဲဆိုတာနဲ့ ဝေါခနဲ ရွာချတတ်တဲ့အမျိုးပါ။ အပြင်သွားရင် ဘယ်တော့မှထီးယူမသွားတတ်တဲ့ အလင်းကြောင့် မုန်းစိတ်ပူပြီး နောက်ကနေ လိုက်လာခဲ့လိုက်တာပါ။

အင်းလျားကိုရောက်တော့ မိုးကရွာလာတာကြောင့် မုန်းထီးဖွင့်ပြီး အလင်းကိုပြေးဆောင်းပေးတော့ အလင်းကမုန်းကို လှည့်ကြည့်လာတယ်။ ပြီးတော့ မုန်းကိုရင့်နင့်ရမယ့် စကားတွေ ပြောလာခဲ့တယ်။

“မင်းသိပ်ချစ်ရတဲ့ချစ်သူလေးကို ထားခဲ့ပြီး ဘာလို့ ငါ့နောက်ကို လိုက်လာတာလဲ”

“မင်းကိုစိတ်ပူလို့”

“ငါဘာမှမဖြစ်ပါဘူး။ ရည်းစားအလုခံလိုက်ရတာကလွဲရင် အကုန်အဆင်ပြေပါတယ်”

“ရှားနဲ့ချစ်သူဖြစ်လို့ မင်းငါ့ကိုစိတ်ဆိုးနေတာဆိုရင် ငါမင်းကိုပြောစရာရှိတယ်အလင်း။ ငါရှားကိုမင်းလက်ထဲက လုယူခဲ့တာ ရှားကိုချစ်လို့မဟုတ်ဘဲ ငါမင်းကို. . .”

မုန်းစကားမဆုံးခင်မှာဘဲ အလင်းက စကားဖြတ်ပြောလာတယ်။

“မကြားချင်ဘူးမုန်း။ ငါ့နောက်ကို လုံးဝဆက်မလိုက်လာပါနဲ့။ မင်းလိုက်လာခဲ့ရင် ငါမင်းကိုမုန်းမိလိမ့်မယ်”

လိုက်မလာဖို့ပြောပြီး လှည့်ထွက်သွာတဲ့ အလင်းကျောပြင်ကိုကြည့်ရင်း မုန်းငိုမိတယ်။ ဘာလို့လဲအလင်း။ ဘာလို့ငါ့စကားကို ဆုံးအောင် နားမထောင်ပေးခဲ့တာလဲ။ ငါမင်းကိုချစ်တယ်လို့ ပြောမှာကို မင်းမကြားရဲလို့ ရှောင်ပြေးဝာာလားအလင်းရာ။ စိတ်ချ မင်းကိုရှောင်ပြေးခွင့်ပေးတာ ဒါနောက်ဆုံးပဲ။ နောက်တစ်ခါ မင်းရှောင်ပြေးလို့မရတော့ဘူး အလင်း။

မုန်းဆက်ပြောလာမယ့် စကားကို ကျွန်တော်သိတာပေါ့။ ကျွန်တော့ကိုချစ်နေပါတယ်လို့ သူပြောမှာကိုလေ။ ကျွန်တော့်မှာ မုန်းက ချစ်တယ်လို့ပြောတာကို နားထောင်ဖို့ သတ္တိမရှိလို့ပါဗျာ။ ဒါ့ကြောင့် ကျွန်တော် ရှောင်ပြေးခဲ့တာပါ။

မုန်းရဲ့အလင်းရောင်Where stories live. Discover now