Part 23 (U+Z)

7.9K 571 11
                                    

#Unicode

ဒီနေ့က မုန်းတို့ Welcome နေ့မို့ နွေ၊ အားသစ်၊ သုတနဲ့အလင်းက မုန်းတို့ကျောင်းကို လိုက်လာခဲ့ကြတယ်။ King & Queen ရွေးတော့ မုန်းက Popular ရပြီး ရှားက Innocence ရတယ်။

မုန်းကိုသီချင်းတစ်ပုဒ်ဆိုပေးဖို့ Presenter အစ်မကပြောတော့ မုန်းသီချင်းဆိုလိုက်ရတယ်။

🎶ရင်မှာအချစ်များ ချစ်မိနေလား . . . မရေရာဘူးစိတ်ထဲက . . ငယ်ငယ်ကသံယောဇဉ် ခင်မင်ရုံစိတ်ကလေးများ . . ရင်မှာအချစ်ရဲ့စိတ်ရိုင်းများ . . ဖြူစင်နှလုံးသား အရောင်ပြောင်းသွား . . နားလည်ပါ သူငယ်ချင်းချစ်သူလေးရာ . .
ငယ်ငယ်တုန်းကခင်တယ် ခုချစ်ရတဲ့ သူငယ်ချင်းချစ်သူလေးရယ် . . ခုချစ်ရတဲ့ ငယ်ငယ်တုန်းကခင်တယ် သူငယ်ချင်းချစ်သူလေးရယ် . . ကြင်သူရှိနှင့်ရင်လည်း စာနာနားလည်ပေးပါ့မယ် . . ခွင့်လွှတ်နိုင်တယ် သူငယ်ချင်းချစ်သူလေးရယ် . . .🎶

သီချင်းဆိုနေတဲ့ တစ်လျှောက်လုံး မုန်းရဲ့အကြည့်က အလင်းတစ်ယောက်တည်းဆီမှာပဲ ရှိနေခဲ့တာပါ။

သီချင်းဆိုပြီးသွားတော့ Presenter အစ်မက မုန်းကိုမေးပါ‌လေရော။

“မောင်လေးမှာ သူငယ်ချင်းချစ်သူလေးရှိနေပြီလား” တဲ့။

အားလုံးက ထင်နေကြပါလိမ့်မယ်။ မုန်းနဲ့တတွဲတွဲဖြစ်နေတဲ့ မေသူနဲ့ရှား တစ်ယောက်ယောက်က မုန်းရဲ့ သူငယ်ချင်းချစ်သူလို့လေ။ အဲ့ဒီအချိန် မုန်းစိတ်ထဲကို အတွေးတချို့ ဝင်လာတာမို့ ချက်ချင်းအကောင်အထည် ဖော်လိုက်တယ်။ ကျေးဇူးပါ Presenter မမရေ အများကြီးကျေးဇူးတင်ပါတယ်နော်။

“ဟုတ် ရှိပါတယ် မမ”

“မမလို့ခေါ်လိုက်တာကို ကြွေသွားပေမယ့် မမ မဖြစ်နိုင်‌တော့တာမို့ စိတ်မကောင်းဘူးကွယ်။ ဟဲဟဲ စတာနော်မောင်လေး။ ကဲပြောပါဦး။ မမတို့ Popular လေးရဲ့ သူငယ်ချင်းချစ်သူလေးက ဘယ်သူလဲဆိုတာ”

Presenter မမက မုန်းကို မိုက်လေးထိုးပေးလာတာမို့ မုန်းလည်းမိုက်ကိုယူပြီး ဖြေလိုက်တယ်။

“ရှားအိမ့်ချယ်ပါ”

“ဝိုးးးး”

အားလုံးက အံ့ဩသွားကြတယ်။ မုန်းကအလင်းကို လှမ်းကြည့်လိုက်တော့ အလင်းကမုန်းကို ဒေါသထွက်နေတဲ့ မျက်လုံးတွေနဲ့ လှမ်းကြည့်နေတယ်။

“ရှား ငါနင့်ကို ဒီနေရာကနေပဲ ချစ်ခွင့်ပန်ပါတယ်။ နင်တကယ်လို့ ငါ့ကိုသူငယ်ချင်းလိုပဲ ချစ်တာဆိုရင် ရှေ့ကို တစ်လှမ်းတိုးလာပေးပါ။ နင်ဘက်က ငါ့အချစ်ကို လက်ခံ‌ပေးနိုင်တယ်ဆိုရင်တော့ ငါ့ဆီကိုရောက်အောင် လျှောက်လာခဲ့ပေးပါရှား”

မုန်းအနောက်မှာရှိတဲ့ ရှားကိုလှမ်းကြည့်ပြီးပြောလိုက်တော့ စင်အောက်က ကျောင်းသားတွေက တညီတညာတည်း အော်ပေးကြပါတယ်။

“လက်ခံပေးလိုက်ပါဗျို့။ လက်ခံလိုက်ပါ”

အားလုံးအော်နေကြတုန်းမှာ ရှားကရှေ့ကိုတစ်လှမ်းတိုးလာပြီး ရပ်သွားတာမို့ မုန့်လန့်သွားပြီး ရင်တွေတုန်လာတယ်။ ဆက်လှမ်းလာလိုက်ပါရှား။ ကျေးဇူးပြုပြီး ဆက်လှမ်းလာခဲ့ပေးပါ။ ငါ့အစီအစဉ်တွေ ဖြစ်မြောက်ဖို့က နင်လက်ခံလိုက်မှဖြစ်မှာမို့ပါ။

စင်အောက်ကလူတွေကလည်း တစ်ခါထပ်အော်ကြပြန်တယ်။

“ရှေ့ဆက်တို့ပေးလိုက်ပါဦး။ ရှေ့တိုးပါဟေ့”

အော်နေကြတုန်းမှာ ရှားကပြုံးပြီး ခြေတစ်လှမ်းထပ်တိုးလာတော့ ကျောင်းသားအားလုံးက တညီတညာတည်းအော်ပြီး လက်ခုပ်တွေတီးကြပါတယ်။

“ဟေးးးးး”

ရှားက မုန်းရှေ့တည့်တည့်ကိုရောက်လာတော့ မုန်းလက်ထဲက အရုပ်လေးကို ရှားကိုပေးရင်း . . .

“လက်ခံပေးလို့ကျေးဇူးပါရှား” ။

ကျွန်တော်ရှားကို အားလုံးရှေ့မှာချစ်ခွင့်ပန်ခဲ့ပြီး အားလုံးရှေ့မှာ အဖြေရသွားပြီပေါ့။

Welcome ပြီးသွားပြီမို့ စင်အောက်မှာစောင့်နေတဲ့ နွေတို့ဆီကိုလာတော့ အလင်းက မုန်းလက်ကိုစောင့်ဆွဲပြီး လူရှင်းတဲ့နေရာရောက်တဲ့အထိ ဆွဲခေါ်သွားတာမို့ မုန်းလိုက်လာခဲ့ရတယ်။ နွေကလည်း မုန်းတို့ကို စိတ်မချသလို လှမ်းကြည့်နေရှာတယ်။ မင်းစိတ်ကြိုက် ပေါက်ကွဲပါအလင်း။ ငါခံယူမှာမို့။

“မုန်း မင်းဘယ်လိုလုပ်လိုက်တာလဲ။ ငါမင်းကိုမေးခဲ့တုန်းက မင်းရှားကို သူငယ်ချင်းထက် မပိုပါဘူးဆို။ ငါမင်းကို သေချာမေးခဲ့တာမုန်း။ မင်းမချစ်ဘူး သူငယ်ချင်းထက် မပိုဘူးလို့ပြောခဲ့လို့ မင်းဘက်ကမချစ်တာ သေချာပြီဆိုတော့မှ ရှားကိုလိုက်ဖို့ မင်းကိုပြောခဲ့တာ။ မင်းဘာအချိုး ချိုးလိုက်တာလဲမုန်း။ ပြောလေ ပြော”

“ . . . “

အလင်းကစကားပြောနေရင်းပင် မုန်းရင်ဘက်ကိုလက်နဲ့တွန်းလိုက် လူကိုဆွဲခါလိုက်နဲ့ တောက်တခေါက်ခေါက်ဖြစ်နေခဲ့ပေမယ့် မုန်းဘက်ကအလင်းကို ဘာမှတုန့်ပြန်မလာသလို ဘာမှလည်း ပြောမလာခဲ့ဘူး။

“ငါ့နောက်ကျောကို ဓားနဲ့ထိုးလိုက်ရလို့ ပျော်လားမုန်း။ ငါချစ်တဲ့မိန်းကလေးက မင်းကိုချစ်ပါတယ်ပြောလာတာမို့ ငါ့လက်ထဲက လုယူလိုက်ရတာကို ကျေနပ်‌လား။ ငါ့ကို အနိုင်ယူချင်တာလားမုန်း။ ငါဘယ်တုန်းကများ မင်းကို အနိုင်ယူခဲ့ဖူးလို့လဲ။ မင်းငါ့ကို ဘာအညိုးနဲ့လုပ်တာလဲမုန်း”

“. . .”

“ငါသူ့ကိုတကယ်ချစ်လို့ အရင်လို မင်းနဲ့ပြိုင်လိုက်ဖို့ မပြောခဲ့ဘဲ မင်းသူ့ကိုချစ်နေလားလို့ အရင်မေးခဲ့တာ။ မင်းသူ့ကိုချစ်‌နေခဲ့တာဆိုရင် ငါမင်းအတွက် နောက်ဆုတ်ပေးမလို့မုန်း။ ဒါပေမဲ့ မင်းကတော့ ငါ့နောက်ကျောကို ဓားနဲ့ထိုးခဲ့တယ်။ မင်းအဲ့လိုလုပ်လိုက်ရလို့ ပျော်လား . . ဟမ် . . မင်းပျော်လား”

အလင်းဒေါသထွက်ထွက်နဲ့ အော်ပစ်ပြီး မုန်းရဲ့ရင်ဘတ်ကို စောင့်တွန်းလိုက်တယ်။ ခဏကြာတော့ မုန်းဆီက စကားသံထွက်လာတယ်။

“ပျော်တော့မပျော်ဘူးအလင်း။ ဒါပေမယ့် နောင်တစ်ချိန် ပျော်လာဖို့လုပ်လိုက်တာ”

“ဘာလို့လဲ ဘာလို့လဲမုန်း”

“ငါမင်းကို. . .”

မုန်းဆက်ပြောလာမယ့်စကားကို မကြားချင်တာမို့ . . မဟုတ်ဘူး မကြားရဲတာဆိုပိုမှန်ပါလိမ့်မယ်။ အဲ့ဒါကြောင့် မုန်း စကားမဆုံးခင်မှာဘဲ အလင်းဘက်က စကားဖြတ်ပြောလိုက်တယ်။

“ထားလိုက်တော့မုန်း။ ငါမင်းကို နာလည်ဖို့ ကြိုးစားကြည့်မှာမို့ . . ငါမင်းကို နားလည်ဖို့ ကြိုးစားလို့ရတဲ့အထိ မင်းငါနဲ့ဝေးဝေးမှာ နေပေးပါမုန်း”

မုန်းကိုပြောပြီး အလင်းလှည့်ထွက်လာခဲ့တယ်။ နောက်မှာ ဘာဖြစ်ကျန်ခဲ့မလဲ ဘယ်လိုကျန်ခဲ့မလဲ မသိချင်ဘူး။ ဘာပဲဖြစ်ဖြစ် ငါတို့ ဝေးသွားကြရင် ပိုကောင်းတယ်မုန်း။ ငါနဲ့ရှား ချစ်သွားမှ မင်းနဲ့ဝေးနိုင်တာမှ မဟုတ်တာ။ မင်နဲ့ရှားချစ်သွားလည်း ငါတို့ဝေးသွားနိုင်တာကို ငါမေ့နေခဲ့တယ်။ ငါမင်း‌နဲ့ အဝေးဆုံးကို ထွက်သွားချင်တာမို့ ဒီအခွင့်အရေးကို အသုံးချပြီး မင်းနဲ့ဝေးရာကို ပြေးပါရစေ။

တောင်းပန်ပါတယ်မုန်း။ ငါမင်းကို တကယ်စိတ်မဆိုးသလို စိတ်လည်းမနာဘူး။ ဒေါသလည်း မထွက်ခဲ့ဘူး။ ငါရှားကိုမချစ်ခဲ့ဘူးမုန်း မင်းကိုပဲချစ်တာ။ မင်းကိုပဲ ရူးလောက်အောင်ချစ်တာပါ။ ဒါပေမယ့် ငါမင်းကို ခုလိုစိတ်ဆိုးပြီး ဒေါသထွက် ပေါက်ကွဲလိုက်မှ ငါတို့ဝေးလို့ရမှာမို့ပါ။

မင်းငါ့အနားမှာ ရှေ့ဆက်ပြီးရှိနေရင် ငါ့စိတ်တွေကို ထိန်းချုပ်လို့ မရတော့မှာကြောက်လို့ ရှားနဲ့ချစ်သူဖြစ်ချင်ခဲ့တာပါ။ ရှားနဲ့ချစ်သူဖြစ်ခဲ့ရင် မင်းနဲ့ဝေးနိုင်မယ်ထင်ခဲ့တာ။ မင်းက အခုလိုလုပ်လိုက်တော့လည်း ငါကဒါကိုအသုံးချပြီး မင်းနဲ့ဝေးရာကို ပြေးလို့ရမယ်ဆိုတာကိုတွေးမိလို့ မင်းအပေါ်ကို ဒေါသထွက်ပြခဲ့တာ။ အော်ခဲ့တာပါ။

ငါလည်း နာကျင်ရပါတယ် မုန်းရယ်။ ရူးလောက်အောင် နာကျင်နေရတာမို့။ တောင်းပန်ပါတယ် . . မင်းလို သတ္တိမရှိနိုင်လို့ တောင်းပန်ပါတယ်။ မင်းလက်ကိုဆွဲပြီး အရာရာကိုရင်မဆိုင်ရဲလို့ တောင်းပန်ပါတယ်။ မင်းထက် မိသားစုကိုရွေးချယ်ခဲ့လို့ တောင်းပန်ပါတယ်။ ပျော့ညံ့လွန်းတဲ့ငါ့ကို မုန်းပေးပါမုန်း။

“ငါမင်းကိုချစ်လို့” ပါလို့ပြောမလို့ပါ အလင်းရယ်။ ဆုံးအောင်နားထောင်ပေးရင် ငါမင်းကိုချစ်တဲ့အကြောင်းတွေ အများကြီးပြောမလို့ပါ။

ငါမင်းကို အရမ်းချစ်တာမို့ အဆုံးရှုံးမခံနိုင်လို့ ခုလိုလုပ်ခဲ့တာပါ။‌‌ ငါနောင်တမရဘူးအလင်း။ ငါမင်းကိုပိုင်ဆိုင်ဖို့ ဒီလောက်တော့ ငါ့မှာကြိုးစားခွင့်ရှိပါတယ်။ တောင်းပန်ပါတယ် . . ငါနဲ့ဝေးရာကို ထပ်ပြီးထွက်မပြေးပါနဲ့တော့လား အလင်းရာ။ မင်းထပ်ပြီးထွက်‌ပြေးရင် ငါရူးလိမ့်မယ်။ ငါလည်း စိတ်ဓာတ်မာချင်ယောင်ဆောင်ရတာ မောလှပြီအလင်း။

ထွက်ပြေးတဲ့သူကို လိုက်ဖမ်းရတာ ဒီလောက်မောပြီး ပင်ပန်းရလား။ မောလို့ရပ်လိုက်ရင်လည်း ကြိုးစားပြီးပြေးခဲ့ရတဲ့ အချိန်တွေက နှမြောဖို့ကောင်းတယ်။ ဆက်လိုက်ဖို့ကြ‌တော့လည်း ခြေကုန်လက်ပန်းကျနေပြီ။ ငါအရမ်းပင်ပန်းနေပြီအလင်း။  ငါ့ကိုချစ်ရင် ရပ်နေပေးပါကွာနော်။

မုန်းမငိုမိအောင် စိတ်ကိုတင်းထားပေမယ့် မျက်ရည်တွေက သူ့အလိုလို ကျလာတယ်။ အနားကိုနွေရောက်လာတော့ နွေကစိုးရိမ်နေတဲ့မျက်ဝန်းတွေနဲ့ မေးလာတယ်။

“အရမ်းနာကျင်နေရပြီလားမုန်း”

“နင်သိနေခဲ့တာလားနွေ”

“ငါအချစ်ရဆုံးလူသားတွေ ဘာတွေခံစားနေရလဲမှ ငါမသိရင် ငါ့လောက်ညံ့တဲ့သူ ရှိပါ့မလားမုန်းရယ်”

“နင်ငါ့ကိုရွံသွားပြီလားနွေ”

“မေးခွန်း‌တွေက တစ်ထပ်တည်းပါ့လားဟယ်။ မုန်းစရာလား မုန်းရယ်။ နင်တို့က ငါ့သူငယ်ချင်းဆိုလည်း ဟုတ်တယ်။ ငါ့မိသားစုဆိုလည်း ဟုတ်တယ်လေ။ မိသားစုဆိုတာ အကောင်းအဆိုးကို အေးတူပူမျှ မျှဝေခံစားရမှာလေ။ ငါကနင့်တို့ကို ရွံနေစရာလား။ ငါကနင့်တို့ရှေ့မှာ မားမားမတ်မတ် ရပ်တည်ကာကွယ်ပေးမှာ။ ဒါကြောင့် နင်တစ်ယောက်တည်းဆိုပြီး အားမငယ်ပါနဲ့။ ငါကနင်တို့နဲ့အတူ အမြဲရှိနေမှာ။ နင်တို့ဆုံးဖြတ်ချက်တိုင်းကို လေးစားပေးမှာမို့ နင့်အနားမှာ ဘယ်သူမှမရှိရင်‌တောင် ငါရှိနေတယ်ဆိုတာ သတိရပေး ဟုတ်ပြီလား။ အခု မျက်ရည်တွေကိုသုတ်လိုက်။ ပြီးရင် အိမ်ကို တန်းတန်းမတ်မတ်ပြန်။ အိမ်ပြန်ရောက်မရောက်ကို ငါဖုန်းဆက်ပြီး လှမ်းမေးမှာနော်မုန်း။  ခုတော့ ငါအလင်းနောက်ကို လိုက်သွားလိုက်ဦးမယ်။ သုတနဲ့အားသစ်ကို ငါတို့အရင်ပြန်သွားတာမို့ နောက်ကလိုက်လာခဲ့ဖို့ ပြောပေးနော်။ ချစ်တယ်မုန်း”

နွေ မုန်းရဲ့ခေါင်းလေးကို ဖွဖွလေးနမ်းလိုက်တယ်။ ကျမချစ်ရတဲ့ ကလေးလေးနာကျင်နေရပြီမို့ ကျမချစ်ရတဲ့ လူသားလေးတွေ ပြုံးပျော်လာဖို့ ကျမဘာလုပ်ပေးရမလဲ မသိတော့ဘူးကွယ်။

“အင်း ငါရောပဲ‌နွေ”

မုန်းကိုထားခဲ့ပြီး ‌အလင်းနောက်ကို နွေလိုက်လာခဲ့လိုက်တယ်။ ကျောင်းအပြင်ရောက်တော့ ‌လမ်းထိပ်မှာ Taxi တားနေတဲ့ အလင်းကိုတွေ့လိုက်တာမို့ အပြေးတပိုင်းသွားလိုက်ရတယ်။ အနားကိုရောက်တော့ အလင်းက Taxi ပေါ်တက်နေပြီမို့ နွေပါ ကပျာကယာ ဝင်ထိုင်လိုက်တော့ Taxi မောင်းတဲ့ဦးလေးကြီးက နွေ့ကိုလှည့်ကြည့်လာတယ်။

“တူတူပဲဦးလေး။ တူတူလာတာ။ ဖော့ကန် သုခလမ်းကို မောင်းပေးပါနော် ဦလေး”

Taxi ဦးလေးကို နွေကပဲ သွားရမယ့်နေရာကို ပြောပြလိုက်တယ်။ ကားထွက်တော့မှ အလင်းကိုလှည့်ကြည့်လိုက်တော့ အလို အလင်းငိုနေတာပါလား။

“ငါလည်း နာကျင်နေရတယ်နွေ”

ပြောလည်းပြော မျက်လုံးလေးမှိတ်ပြီး နွေ့ပုခုံးကိုလာမှီတာမို့ နွေအလိုက်သင့်လေး နေပေးလိုက်တယ်။

“အိပ်လိုက်ဦးအလင်း။ ငါအိမ်ရောက်ရင်နှိုးမယ်”

နင်နာကျင်နေတာ ရှားကို မုန်းကလုယူခဲ့လို့မဟုတ်ဘဲ နင်ကိုယ်တိုင် မုန်းအနားက ပြေးထွက်လာခဲ့လို့ဆိုတာကို ငါသိနေတော့ ငါနင့်တို့ကို အရမ်းသနားတယ်အလင်းရယ်။

အိမ်ကိုရောက်တဲ့အခါ အလင်းကို သေချာလေးစကားပြောပြီး ဆွေးနွေးရတယ်။

“အလင်း နင်တကယ်ပဲဆုံးဖြတ်ပြီးပြီလား”

“အင်း ဆုံးဖြတ်ပြီးပြီနွေ။ ငါ့ကြောင့်မေမေတို့ခံစားရမှာ၊ ငါ့ကြောင့် မေမေတို့အရှက်ရမှာကို  ငါကြောက်တယ်။ ဒီတိုင်းလေးနေလိုက်တာက ပိုကောင်းပါတယ်”

“ဘာလို့ နာကျင်ရတဲ့လမ်းကို ရွေးချယ်မှာလဲ အလင်းရယ်။ ချစ်တာက ဘာများကြောက်စရာရှိလို့လဲ။ မေတို့က နားလည်ပေးမှာပါ။ မေတို့သာနားလည်ပေးရင် နင်ဘာကိုမှ ကြောက်စရာမလိုဘူးလေ။ နင်မေတို့နဲ့ ပွင့်ပွင့်လင်းလင်း ပြောကြည့်ပါအုံးလားဟာ။ နင်အရမ်းပျော့ညံ့တာပဲ။ ငါက မုန်းကို ပျော့ညံ့မယ်ထင်ထားခဲ့တာ။ ခုတော့ နင်ကပိုပျော့ညံ့တယ်အလင်း”

“မေမေတို့ကိုမပြောပါနဲ့နော် နွေ။ ငါ့ကြောင့် မေမေတို့ကို စိတ်မဆင်းရဲစေချင်ဘူး”

“ငါဘာကိုမှ ပြောမှာမဟုတ်ဘူးအလင်း။ နင်ကိုယ်တိုင်ဖွင့်ပြောရဲတဲ့အထိ စောင့်‌မှာပါ”

“ကျေးဇူးနွေ”

“ရပါတယ်။ အမှန်အတိုင်းပြောရရင် ငါမုန်းကိုအရမ်းသနားတယ်။ မုန်းက ကလေးလေးပါဟာ အချစ်ကလွဲရင် သူဘာမှမသိပါဘူး။ ခုတော့ အချစ်ကြောင့် သူနာကျင်နေရတယ်။ ငါတကယ်စိတ်‌မကောင်းဘူး။ ခုလောက်ဆို နာကျင်လွန်းလို့ ငိုနေလောက်ရောပေါ့။ ဒါပေမဲ့ နင်ကောင်းမယ်ထင်တာကိုလုပ်ပါအလင်း။ နင်ရွေးချယ်တဲ့လမ်းက ကောင်းကောင်း မကောင်းကောင်း နင့်ဆုံးဖြတ်ချက်ကို ငါလေးစားမှာပါ။ နင်က ဒီလိုလုပ်ချင်တယ်ဆိုရင်လည်း နင်ကောင်းမယ်ထင်လို့လုပ်တာပဲဟာ ငါကနားလည်ပေးရမှာပေါ။ အဓိက နာကျင်ရမယ့်သူက နင်တို့ပဲလေ။ ငါက‌တော့ မုန်းနာကျင်နေရတာကိုပဲ သနားတယ်”

အလင်းဘာမှမပြောတော့ဘဲ နွေပြောတာကိုပဲ နားထောင်လိုက်တယ်။ ငါလည်းနာကျင်ရပါတယ်နွေ။ ကိုယ့်ချစ်တဲ့သူကို နာကျည်းချင်ယောင်ဆောင်ရတာ အရမ်းပင်ပန်းတယ်။ ချစ်နေရက်နဲ့ မုန်းယောင်ဆောင်ရတာ ဘယ်ဘဝက ဝဋ်ကြွေးတွေများလဲကွာ။ မင်းကိုချစ်ရတာ ပင်ပန်းတယ်မုန်း။

မုန်းရဲ့အလင်းရောင်Where stories live. Discover now